Thursday, October 29, 2015

ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းရန် ဆောင်ရွက်ရမည့် လုပ်ငန်းအတွက် တတိယအကြိမ်ထောက်ပံ့ပေးမည်


နေပြည်တော် အောက်တိုဘာ ၂၈  
ယဉ်ကျေးမှုဝန်ကြီးဌာနသည် ပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ရေးအတွက် ယူနက်စကို၏ အကူအညီ၊ အီတလီနိုင်ငံအစိုးရ၏ ငွေကြေးအထောက်အပံ့တို့ဖြင့် ဆောင်ရွက်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ပြီးဖြစ်သည်။ ယခုအခါ အီတလီနိုင်ငံ အစိုးရက ကမ္ဘာ့အမွေအနှစ် ပျူရှေးဟောင်း မြို့များနှင့်စပ်လျဉ်း၍ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အတွက် လည်းကောင်း၊ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အတွက်လည်းကောင်း တတိယအကြိမ်အဖြစ် ထပ်မံထောက်ပံ့ ပေးမည် ဖြစ်သည်။

အဆိုပါ အထောက်အပံ့နှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး  Mr. Giorgio  Aliberti  တို့သည်   အောက်တိုဘာ (၂၆) ရက်တွင် ပုဂံဒေသ အတွင်းရှိ ရှေးဟောင်း အဆောက်အအုံများ၏ သမိုင်းတန်ဖိုး၊ ဗိသုကာနှင့် အနုလက်ရာ တန်ဖိုး၊ ရှေးဟောင်းတန်ဖိုးနှင့် ယဉ်ကျေးမှု တန်ဖိုးများကို သုံးသပ်နိုင်ရန်နှင့် လိုအပ်သည်များကို ဆက်လက် ကူညီနိုင်ရန်အတွက် ၀က်ကြီးအင်း ဂူပြောက်ကြီးဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရံကြီးဘုရား၊ လောက ထိပ်ပန်ဘုရား၊ နန်းတော်ရာဟောင်း တူးဖော်ထိန်းသိမ်းမှု၊ အာနန္ဒာဘုရားတို့၏ အင်္ဂတေ ပန်းတော့နှင့် စဥ့်ကွင်း စဥ့်ချပ်များ အပါအ၀င် အနုလက်ရာများ ထိန်းသိမ်းထားရှိမှု၊ နံရံဆေးရေး ပန်းချီများ သန့်စင် ထိန်းသိမ်းမှု၊ အဆောက်အအုံ ပိုင်းဆိုင်ရာ ထိန်းသိမ်းထားရှိမှု တို့ကို ကွင်းဆင်း လေ့လာကြသည်။
ထို့နောက် ပုဂံရှေးဟောင်း သုတေသန ပြတိုက်၌ ဒုတိယ၀န်ကြီးက ပုဂံဒေသအတွင်းရှိ ရှေးဟောင်း အဆောက်အအုံများ တည်ရှိမှု၊ အဆောက်အအုံ ပုံစံအမျိုးအစား၊ ယူနက်စကိုနှင့် နိုင်ငံတကာ အကူအညီများ ရယူထိန်းသိမ်း ရေးဆောင်ရွက်နေမှု၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနက နှစ်စဉ် ထိန်းသိမ်းရေး ဆောင်ရွက်နေမှု၊ ပုဂံဒေသအတွက် Master Plan နှင့် Management Plan တို့ကို ပြည်တွင်း ပြည်ပ ပညာရှင်များဖြင့် ရေးဆွဲရန် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြား သည်။
ယူနက်စကို(ရန်ကုန်)မှ  Mr. Sadar Umar Alam က ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး Italian  Development  Cooperation  Office (Head  of  Office) ညွှန်ကြားရေးမှူး Mr. Maurizio Di Calisto က ပုဂံဒေသ အမွေအနှစ်များ ရေရှည်တည်တံ့ရေးနှင့် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေး တင်ပြပါသည်။

ဆက်လက်ပြီး   မြင်းကပါ ဂူပြောက်ကြီးဘုရား၊ မြစေတီ၊ ဘုရားသုံးဆူဘုရား၊ သမ္ဗူလဘုရား တို့ရှိ အင်္ဂတေပန်းတော့နှင့် စဥ့်ကွင်းစဥ့်ချပ်များ ထိန်းသိမ်းထားရှိမှု၊ နံရံဆေးရေးပန်းချီများနှင့် မင်စာများ သန့်စင် ထိန်းသိမ်းမှု၊ အဆောက် အအုံများ၏ ကြံ့ခိုင်မှု အခြေအနေတို့ကို  ဆက်လက်ကွင်းဆင်း လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment