Saturday, October 31, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မြန်မာ့သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ ပင်မဆောင်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်






မန္တလေး အောက်တိုဘာ  ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် နည်းပညာ ပူးပေါင်းဖလှယ်ရေး အစီအစဉ်ဖြင့် တည်ဆောက်ခဲ့သည့် မြန်မာ့သတင်း အချက်အလက် နည်းပညာတက္ကသိုလ် (မန္တလေး)၏ ပင်မ(၆)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင်  အဆိုပါ ကျောင်းဆောင်ရှေ့မျက်နှာစာ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ဖွင့်လှစ်သည်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊  တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးမစ္စတာ ဂေါတမ်မိုခိုပါဒရာ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (မန္တလေး)၊ ကွန်ပျူတာလုပ်ငန်းရှင်များအသင်း၊ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပင်မ (၆)ထပ်ကျောင်းဆောင်သစ်အား ထူးချွန်ကျောင်းသား ကျောင်းသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက မြန်မာ့သတင်း အချက်အလက် နည်းပညာတက္ကသိုလ် ပင်မဆောင်ဆိုင်းဘုတ်၊ ကမ္ဗည်းမော်ကွန်းနှင့် အိန္ဒိယ - မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ် Logo တို့အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။

ယင်းနောက် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာ့ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ပင်မဆောင် ဖွင့်လှစ်သည့် ကမ္ဗည်းမော်ကွန်းနှင့် အိန္ဒိယ - မြန်မာချစ်ကြည်ရေးအထိမ်အမှတ်တို့အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြပြီး မှတ်တမ်းဓာတ်ပုံရိုက်ကြကာ အဆိုပါ ၆ ထပ် အဆောက်အဦးအတွင်းရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် ICT နည်းပညာ ပြပွဲများအား လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အဆိုပါ ပင်မ ၆ ထပ်ဆောင် စုဝေးခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ကျောင်းဆောင်သစ်ဖွင့်ပွဲသည် နိုင်ငံတကာချစ်ကြည်ရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်မှု၏ ပြယုဂ်ပင်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် အသုံးချမှုများကိုပြန်ကြည့်လျှင် ၁၉၇၀ ပြည့်နှစ် အစောပိုင်းကာလများကတည်းက  ကွန်ပျူတာပညာရပ်နှင့် သက်ဆိုင်သည့် သင်တန်း များကို ရန်ကုန်တက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တို့၌ စတင်သင်ကြားပို့ချပေးခဲ့ ကြောင်း၊ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလတွင် ကွန်ပျူတာတက္ကသိုလ်များအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် တစ်နိုင်ငံလုံး၌ ကွန်ပျူတာတက္ကသိုလ် ၂၇ ခုထိရှိနေပြီ ဖြစ်ပါကြောင်း။

အမြင့်ဆုံးဖြစ်သည့် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ပါရဂူဘွဲ့သင်တန်း Ph.D (IT)နှင့် Ph.D (CHT)များကို ရန်ကုန်နှင့် မန္တလေးကွန်ပျူတာ တက္ကသိုလ်များ၌ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ပါရဂူဘွဲ့ရများကို မွေးထုတ်ပေးလျက်ရှိပါကြောင်း၊   တက္ကသိုလ် အသီးသီးမှ  ဘွဲ့ရလူငယ်မောင်မယ် များအား  IT ပညာရပ်များ လေ့ကျင့်သင်ကြား ပေးပြီး လုပ်ငန်းခွင်အသင့်အနေအထား ရှိမည့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေး နိုင်ရန် ရည်ရွယ်၍ ဂျပန်နိုင်ငံ JICA အကူအညီဖြင့် Information and Commucation Technology Institute (ICTTI) သင်တန်းကျောင်းကို ၂၀၀၇ ခုနှစ်တွင်လည်းကောင်း၊ အိန္ဒိယသမ္မတ နိုင်ငံ၏ အကူအညီဖြင့် အိန္ဒိယ - မြန်မာ သတင်းအချက်အလက် နည်းပညာ ကျွမ်းကျင်မှု မြှင့်တင်ရေး သင်တန်းဌာန (India –Myanmar Centre for Enhancement of IT Skills (IMCEITS)ကို ၂၀၀၈ ခုနှစ်တွင်လည်းကောင်း စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပါကြောင်း။

ယနေ့ ပင်မ(၆) ထပ်ကျောင်းဆောင်သစ်ဖွင့်လှစ်နိုင်သည့် မြန်မာ့သတင်း အချက်အလက် နည်းပညာတက္ကသိုလ်သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကာလရှည်ကြာချစ်ကြည် ရင်းနှီးစွာ ဆက်ဆံခဲ့ရာမှ ပေါ်ထွက်လာသည့် ချစ်ကြည်ရေး၊ နည်းပညာပူးပေါင်းဖလှယ်ရေးတို့၏ ရလဒ်ဖြစ်ပါကြောင်း၊ မြန်မာ့သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ပင်မဆောင်နှင့် ၀န်ထမ်းအိမ်ရာများကို နိုင်ငံတော်ခွင့်ပြု ဘဏ္ဍာ ငွေဖြင့် ၂၀၁၃ - ၂၀၁၄  ဘဏ္ဍာရေးနှစ်မှစတင်တည်ဆောက်ခဲ့ပါကြောင်း၊ အိန္ဒိယ သမ္မတနိုင်ငံမှ လက်တွေ့ခန်းသုံး ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ၊ နည်းပညာ များနှင့် သင်ကြားမည့် ပညာရှင်များကို ၅ နှစ်စီမံကိန်းဖြင့် စဉ်ဆက်မပြတ်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ အတွင်းမှာပင် နိုင်ငံတကာအဆင့်မီ နည်းပညာအတတ်ပညာများကို သင်ကြားလေ့လာ တက်ရောက်ခွင့်ရရှိမည့် အခွင့်အရေး တစ်ရပ်ပင်ဖြစ်ပါကြောင်း။

ယခုကဲ့သို့ အဆင့်မြင့်မြန်မာသတင်းအချက်အလက် နည်းပညာဆိုင်ရာ တက္ကသိုလ် ပေါ်ထွက်လာခြင်း အားဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော် မှုများဖြင့်  ပေါ်ထွက်လာသည့် တက္ကသိုလ်ကြီးအား အကျိုးရှိရှိ အသုံးချနိုင်ရန် စွမ်းဆောင်သွားကြပါဟု တိုက်တွန်းပြောကြားသည်။

ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦးက မြန်မာ့သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးက မြန်မာ့ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် တည်ထောင်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် Post Graduate Diploma in Software Development (PGDSD) ဘွဲ့လွန်ဒီပလိုမာဘွဲ့ရသင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြောကြား သည်။

အဆိုပါ တက္ကသိုလ်ကို  နည်းပညာသစ်များအသုံးပြု၍ နိုင်ငံ၏စီးပွားရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍပိုမိုမြင့်မား တိုးတက်လာစေရန်၊ နိုင်ငံတကာမှ နည်းပညာအတတ်ပညာများ ရရှိနိုင်ရန်၊ သတင်းအချက်အလက် နည်းပညာအသုံးပြု သုတေသနလုပ်ငန်းများ တိုးတက်လာရန်နှင့် သတင်းအချက်အလက် နည်းပညာ အခြေခံစီးပွားရေး လုပ်ငန်းများ တိုးတက်တည်ထောင်လာစေရန် ရည်ရွယ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စတင်ဖွင့်လှစ်မည့် ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ် ပထမနှစ် ဘွဲ့ကြိုသင်တန်းတွင် B.E (Hons) Computer Science and Enggineering နှင့် B.E (Hons) Electronics and Communication ဘွဲ့များနှင့်  ဘွဲ့လွန်ဒီပလိုမာ သင်တန်း တွင် PGDSD ( Post Graduate Diploma and Software Development ) ဘွဲ့များ ပေးအပ်သွားမည်ဖြစ်သည်။

ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် အဆောက်အဦးအတွင်း ခင်းကျင်းပြသထားသော  ကွန်ပျူတာတက္ကသိုလ်များမှ ပြခန်းများ၊   တက္ကသိုလ်၏ စာသင်ခန်းများနှင့် အိန္ဒိယနိုင်ငံ သတင်းအချက်အလက် နည်းပညာရှင်မှ ကျောင်းသား ကျောင်းသူများအား သင်ကြားပြသမှုကို လိုက်လံ ကြည့်ရှုအားပေးသည်။


ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့ဝင်များသည်   တည်ဆောက်ပြီးစီး နေပြီဖြစ်သော မင်္ဂလာမန္တလေး တည်ဆောက်ရေးစီမံကိန်း (MINGALAR MANDLAY COMMERCIAL PROJECT) အား လှည့်လည်ကြည့်ရှုသည်။

No comments:

Post a Comment