Friday, October 30, 2015

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သတင်း ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်
သတင်းထုတ်ပြန်ချက်
နေပြည်တော်၊ အောက်တိုဘာ ၃၀
၁။         ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအား ကျင်းပ ပြုလုပ်ရာ၌ ရှမ်းပြည်နယ် အတွင်းရှိ မိုင်းရှူးမြို့နယ်နှင့် ကျေးသီး မြို့နယ်တို့အား မြို့နယ် တစ်ခုလုံးစီနှင့် တန့်ယန်းမြို့နယ်၊ ဟိုပန်မြို့နယ်များ အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၀) တို့တွင် ရွေးကောက်ပွဲများ ကျင်းပခြင်း မပြုကြောင်းကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့၌ ကြေညာချက် အမှတ် (၆၇/ ၂၀၁၅) ဖြင့် ထုတ်ပြန် ကြေညာခဲ့ပါသည်။

၂။         ထိုနယ်မြေဒေသများတွင် ၂၀၁၅ ခုနှစ် ဇွန်လကတည်းက RCSS/ SSA (တောင်ပိုင်း) လက်နက်ကိုင် အဖွဲ့များ အနေဖြင့် လက်နက်ဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ မလျော်ဩဇာ သုံးခြင်းများ ရှိကြောင်း ၎င်းဒေသတွင် ယှဉ်ပြိုင် အရွေးခံကြမည့် နိုင်ငံရေး ပါတီများမှ တင်ပြချက် အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နယ်မြေ လုံခြုံရေး အခြေအနေ အရ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်းများ ရှိနိုင်ကြောင်း၊ မဲဆန္ဒနယ်မြေ အားလုံးတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန်အတွက် နယ်မြေအတွင်းရှိ နိုင်ငံရေး ပါတီများ အနေဖြင့် နယ်မြေလူထုအား စည်းရုံး ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် လက်နက်ဖြင့် ခြိမ်းခြောက်၍ မဲထည့်စေခြင်း၊ မဲမထည့်ရန် တားဆီးခြင်း ပြုလုပ်ပါက ရွေးကောက်ပွဲတွင် အနိုင် ရရှိသော်လည်း ရွေးကောက်ပွဲ ပြီးနောက် ကန့်ကွက်လွှာများ တင်သွင်း လာပါက ဥပဒေနှင့် အညီ စစ်ဆေး ဆောင်ရွက်မည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ တဆင့် နိုင်ငံရေး ပါတီများသို့ ခေါ်ယူ အသိပေး ပြောကြားသွားရန် အကြောင်းကြား ဆောင်ရွက် စေခဲ့ပါသည်။ အောက်တိုဘာလ (၁၉) ရက်နေ့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ကလည်းကောင်း၊ အောက်တိုဘာလ(၂၁)ရက်နေ့တွင် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများက လည်းကောင်း၊ ၎င်းဒေသများတွင် စစ်ရေး လှုပ်ရှားမှုများ၊ တိုက်ပွဲ ဖြစ်ပွားမှုများ ရှိနေပြီး ဒေသခံများမှာ မိမိတို့၏ နေအိမ်များအား စွန့်ခွာ၍ အခြား နေရာများသို့ ပြောင်းရွှေ့ ထွက်ခွာ နေရသဖြင့် ၎င်းဒေသများအား ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးရန် တင်ပြခဲ့ကြပါသည်။ ထို့အတူ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲကလည်း သက်ဆိုင်ရာ မြို့နယ် ကော်မရှင် အဖွဲ့ခွဲများ၊ မြို့နယ် ရွေးကောက်ပွဲ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီတို့နှင့် အစည်းအဝေး ပြုလုပ် သုံးသပ်ပြီး တရား မျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အခြေအနေ မရှိ၍ ရွှေ့ဆိုင်းပေးရန် တင်ပြခဲ့ပါသည်။ ထို့အတူ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှလည်း ၎င်းဒေသများ အတွင်း ၆-၁၀-၂၀၁၅ ရက်နေ့မှ ၂၁-၁၀-၂၀၁၅ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားလျှက် ရှိကြောင်း၊ နယ်မြေ လုံခြုံရေး အခြေအနေ အရ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် အခက်အခဲများ ရှိကြောင်း၊ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးမှုတွင် အနှောင့်အယှက် အဟန့်အတားများ ရှိနိုင်ကြောင်း၊ မဲရုံများ ဖွင့်လှစ် ဆောင်ရွက် ရာတွင်လည်း လုံခြုံမှု စိတ်ချရသော အခြေအနေ မရှိကြောင်း၊ မဲရုံတာဝန်ကျ ဝန်ထမ်းများအား ဖိအားပေး ခြိမ်းခြောက်မှုများ ရှိနိုင်ကြောင်းနှင့် မဲဆန္ဒရှင်များ အနေဖြင့် မဲပေးရာတွင် မိမိသဘော ဆန္ဒအရ မဟုတ်ဘဲ ခြိမ်းခြောက်၍ မဲပေးစေမှုများ ရှိနိုင်ခြင်း တို့ကြောင့် ၎င်းဒေသများတွင် ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးရန် တင်ပြခဲ့ပါသည်။ ကော်မရှင် အနေဖြင့် ၎င်းနယ်မြေဒေသများသို့ ဆန္ဒမဲ လက်မှတ်များ ပေးပို့ရန်  ဆောင်ရွက် ရာတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေ၍ ပေးပို့နိုင်ခြင်း မရှိသေးဘဲ ဆန္ဒမဲ လက်မှတ်များအား ကျေးသီး မြို့နယ်အတွက် ခိုလန်ရဲစခန်းတွင် လည်းကောင်း၊ မိုင်းရှူးမြို့နယ် အတွက် ကွန်ဟိန်းမြို့နယ် မြန်မာ့ စီးပွားရေးဘဏ် ငွေတိုက်တို့တွင် ထိန်းသိမ်း ထားရပါသည်။
၃။         ၎င်းကြေညာချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ၂၉-၁၀-၂၀၁၅ ရက်နေ့တွင် ကျင်းပ ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တက်ရောက် လာသော နိုင်ငံရေး ပါတီများအား ချပြ ဆွေးနွေးခဲ့ရာ နိုင်ငံရေးပါတီများ အနေဖြင့်  ထောက်ခံသော ပါတီများသာ ရှိခဲ့ပြီး ကန့်ကွက်သော ပါတီမရှိပါ။
၎။         သို့ဖြစ်ပါ၍ အဆိုပါ ရွေးကောက်ပွဲ ရွှေ့ဆိုင်းခြင်း ကိစ္စအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် သက်ဆိုင်ရာ နယ်မြေရှိ အာဏာပိုင် အဖွဲ့အစည်းများ၊ ကော်မရှင်အဖွဲ့ခွဲများ၊ ပါတီများနှင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ တင်ပြချက်များ အပေါ် သုံးသပ်၍ ဥပဒေနှင့် အညီ ရွေးကောက်ပွဲ ရွှေ့ဆိုင်းခြင်း ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

No comments:

Post a Comment