Saturday, October 24, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း (၇၀) ကြိမ်မြောက် ကုလသမဂ္ဂနေ့ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား


နေပြည်တော် အောက်တိုဘာ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သည် ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (MICC 2) ၌ ကျင်းပ သည့် (၇၀) ကြိမ်မြောက် ကုလသမဂ္ဂနေ့ အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည် ။


အခမ်းအနားသို့ ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ၊ ဒုတိယ ၀န်ကြီးများ ၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများမှ တာဝန်ရှိသူများ ၊ ကျောင်းသားကျောင်းသူ များနှင့် ဆရာ၊ ဆရာမများ ၊ ဖိတ်ကြား ထားသူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ကုလသမဂ္ဂအဖွဲ့ကြီး ၏ မိသားစုဝင် နိုင်ငံ တစ်နိုင်ငံ အနေဖြင့် အဖွဲ့ကြီး၏ အောင်မြင်မှုများအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊     ၁၉၄၅ ခုနှစ်၊ ယနေ့ကဲ့သို့ အချိန်မျိုးတွင် ကုလသမဂ္ဂ ပဋိညာဉ်ကို ကနဦးအဖွဲ့ဝင် ၅၁ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အချိန်မှစ၍ ကုလသမဂ္ဂအဖွဲ့ကြီး တရားဝင်ပေါ်ပေါက်လာခဲ့ပါကြောင်း၊       မြန်မာနိုင်ငံသည် ကုလသ မဂ္ဂ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ ယုံကြည်မှုနှင့် မျှော်မှန်းမှုဆိုင်ရာ မူဝါဒများအပေါ် ကတိကဝတ်ပြုလျက် ၁၉၄၈ ခုနှစ်တွင် ၅၈ နိုင်ငံမြောက် အဖွဲ့ဝင် အဖြစ် ကုလသမဂ္ဂသို့ ဝင်ရောက်ခဲ့ပါကြောင်း။
ထိုအချိန်ကစပြီး ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးရာမူဝါဒနှင့် အခြေခံ အုတ်မြစ်တစ်ရပ် ဖြစ်လာခဲ့ပါကြောင်း၊ ယခု နှစ်ပတ် လည်အခမ်းအနားသည် အဖွဲ့ကြီး၏ သမိုင်း မှတ်တိုင်တစ်ခုပင်ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်သည် ကုလသမဂ္ဂအဖွဲ့ကြီး၏ နှစ် ၇၀ ပြည့် အထိမ်းအမှတ်နှစ် ဖြစ်ရုံမျှမက လူသားများအတွက် ပိုမိုကောင်းမွန်သည့် ဘဝများမှ ယုံကြည်မျှော်လင့်လျက် ကမ္ဘာ့ခေါင်း ဆောင်ကြီးများမှ ၂၀၁၅ ခုနှစ်အလွန် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များကို တညီတညွှတ်တည်း အတည်ပြုချ မှတ်နိုင်ခဲ့သည့် နှစ်လည်း ဖြစ်ပါကြောင်း။
အတည်ပြုချမှတ်ခဲ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ၁၇ ချက်သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်ရန်၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရန်နှင့် အခွင့်အရေးများကို အပြည့်အဝလေးစားမှုရှိသည့် ကမ္ဘာကြီးဖြစ်ပေါ် လာရန် အနှိုင်းမဲ့ သဘောတူညီချက်တစ်ရပ်လည်းဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက် ၁၇ ချက်သည် နောင်လာမည့် ၁၅ နှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင် ပေးမည့် မူဘောင်ပင် ဖြစ်ပါကြောင်း။
ယခုနှစ် ကုလသမဂ္ဂ၏ ဆောင်ပုဒ်ဖြစ်သည့် နှစ် ၇၀ ပြည့် "ကုလသမဂ္ဂ ကတိကဝတ်တစ်ခုမှ တစ်ဆင့် အကောင် အထည်ဖော်ခြင်းသို့" ဆောင်ပုဒ် နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်း ချက်များကို မဆုတ်မနစ် အကောင်အထည်ဖော်ရန်နှင့် နိုင်ငံတော်အဆင့်၊ ဒေသဆိုင်ရာနှင့် နိုင်ငံ တကာအဆင့် အသီးသီးတွင် မိမိတို့၏ ကတိကဝတ်များကို ပြီးမြောက်စေရန် ရည်မှန်းထားပါကြောင်း။
အဖွဲ့ကြီးသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရာတွင် အမြင့်ဆုံး အောင်မြင်မှုကို ရရှိနေပါကြောင်း၊ ကမ္ဘာ့ တိုက်ကြီး ၄ ခုတွင် ဖြန့်ကျက်ထားသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ ၁၆ ဖွဲ့သည် ငြိမ်း ချမ်းရေး အဓွန့်ရှည်ရန်အတွက် အခြေအနေများကို ဖန်တီးနိုင်ခြင်း၏ သာဓကဖြစ်ပါကြောင်း။
ယခုအခါ မြန်မာနိုင်ငံအနေဖြင့် တောင်ဆူဒန်နှင့် လိုင်ဘေးရီးယာားတို့တွင် ရှိသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များသို့ ပါဝင်ခြင်းဖြင့် မိမိတို့နိုင်ငံမှ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များအပေါ် အားပေးထောက်ခံမှု သမိုင်းကို ဆန်းသစ်စေပါကြောင်း။
ကုလသမဂ္ဂအဖွဲ့အစည်းအနေဖြင့် ဆင်းရဲနွမ်းပါးမှုများနှင့် ဆာလောင်မှု ပပျောက်ရေး၊ လက်နက်ကိုင် ပဋိပက္ခ များမဖြစ်ပွားရေး၊ အမျိုးသမီး၊ မသန်စွမ်းသူများနှင့် လူနည်းစုများ၏ အခွင့်အရေး မြှင့်တင်ရေးတို့မှ အစပြု၍ နည်းပညာရပ် ဆန်းသစ် တီထွင်မှု ကိစ္စရပ်များအထိ ပါဝင်သည့် လူနေမှုဘဝ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အတွက် တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံတွင် ၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဆူနာမီရေဘေး၊ ၂၀၀၈ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်းမှသည် ယခုနှစ်အတွင်း နိုင်ငံ၏ နေရာအနှံ့ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဖြစ်ပွားခဲ့သည့် ရေကြီးမှုဖြစ် ပွားခဲ့ခြင်းကြောင့် ဘေးဒုက္ခရောက်ရသူများအတွက် အကူအညီများ ပေးအပ်ရာတွင် ကုလသမဂ္ဂ အနေဖြင့် ဦးဆောင်ကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဌာနအဖွဲ့နှင့် လက်အောက်ခံအဖွဲ့အစည်းများသည် မြန်မာပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ပြန့်စွာ အကူအညီ ပေးလျက်ရှိပါကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဌာနေအဖွဲ့သည် မြန်မာနိုင်ငံ အတွက် ယုံကြည်အားထားရမည့် အဖွဲ့ အဖြစ် မိမိတို့ အသိအမှတ်ပြုပြီး၊ ယင်းသို့ နိုင်ငံတကာတွင် ပြည်သူ့ဝန်ဆောင်မှုများကို အကောင်းဆုံး စံနမူနာ ကြိုးပမ်း ဆောင်ရွက်နေသည့် ကုလသမဂ္ဂ ၀န်ထမ်းများအား အိမ်ရှင်နိုင်ငံအနေဖြင့် လက်ခံရ သည့် အတွက် ၀မ်းမြောက်ကြောင်း ပြောကြားလိုပါကြောင်း။
ကုလသမဂ္ဂ၀န်ထမ်းများ၏ ထူးချွန်ပြောင်မြောက်သော အနစ်နာခံဆောင် ရွက်မှုများ၊ လုပ်ဆောင်ချက်များကို မိမိအနေဖြင့် အသိအမှတ်ပြုကြောင်း ထပ်လောင်း ပြောကြားလိုပါကြောင်း။
မြန်မာနိုင်ငံ၏ ဘက်ပေါင်းစုံ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်များအပေါ်တွင် ကုလသမဂ္ဂဖြင့် နိုင်ငံတကာ အသိုက်အ၀န်း၏ အားပေးထောက်ခံမှုများကို အထူးကျေနပ် အားရပါကြောင်း။
မကြာသေးမီက နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့တို့ အကြား တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်ကို အောင်မြင်စွာ လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ခြင်းသည် မိမိတို့၏ အရေးကြီးသည့် စွမ်းဆောင်ချက် များစွာထဲမှ တစ်ခုဖြစ်ပါကြောင်း။
ထိုကဲ့သို့ အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ သမိုင်း တွင် နှစ်ကာလကြာရှည်စွာ ဖြစ်ပွား လာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကို အဆုံး သတ်စေမည့် အရေးပါသည့် အောင်မြင်မှု တစ်ခုဖြစ်သည်ဟု အလေးအနက် ယုံကြည် ပါကြောင်း။
မြန်မာနိုင်ငံသားတစ်ဦးဖြစ်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ အဆိုအမိန့်တစ်ခုဖြစ်သော “မိမိ၏ သူတစ်ပါးအပေါ် ဆောင်ရွက်ချက်များ အားလုံးသည် မိမိအား ရောင်ပြန်ဟပ်သည် ဟူသော အတုံ့ အလှည့် သဘောတရားကို လူတိုင်းက သိရှိ နားလည်သဘောပေါက်ကြမည်ဆိုပါက ဤကမ္ဘာကြီးသည် ပျော်ရွှင် ငြိမ်းချမ်းတဲ့နေရာ ဖြစ်လာပေလိမ့်မယ် ဟု ပြောကြားမှုကို ထပ်ဆင့်ပြောကြား လိုပါကြောင်း။
ယနေ့ ကျင်းပပြုလုပ်သော ကုလသမဂ္ဂနေ့ အခါသမယတွင် လူတိုင်းအတွက် ပိုမိုကောင်းမွန်ပြီး လုံခြုံသည့် ကမ္ဘာကြီး တည်ဆောက်ရေးအတွက် မိမိတို့တစ်ဦးချင်း၏ ကတိက၀တ်များဖြင့် သန္နိဋ္ဌာန်တို့ကို ထပ်လောင်း အတည်ပြုကြပါစို့ဟု တိုက်တွန်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးသိန်း စိန်ထံမှ ပေးပို့သည့် သ၀ဏ် လွှာကို နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဖတ်ကြားသည်။
ထို့နောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံမှ ပေးပို့သည့် သ၀ဏ်လွှာကို မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ဌာနေညှိနှိုင်းရေးမှူး မစ္စ ရီနားတား နီကိုလာ လော့ဒ် ဒက်ဆဲလ်လီယန်က ဖတ်ကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များအား ဗီဒီယို မှတ်တမ်းဖြင့် တင်ဆက်ပြသပြီး ကျောင်းသား ၊ ကျောင်းသူလေးများက အဖွဲ့လိုက်တေးသရုပ်ဖော်ဖြင့် ဖျော်ဖြေကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၊ ဒေါက်တာ ဒေါ်ခင်စန်းရီ နှင့် မစ္စ ရီနားတား နီကိုလ လော့ဒ် ဒက်ဆဲလ်လီယန်တို့က အကြိမ် (၇၀) မြောက် ကုလ သမဂ္ဂနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုရရှိကြသည့် ကျောင်းသား ၊ ကျောင်းသူ များအား ဆုများ ချီးမြှင့်ပေးအပ်ကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များ ၊ ဧည့်သည်တော်များသည် ခန်းမ အတွင်း ခင်းကျင်းပြသထားရှိသည့် အကြိမ် (၇၀) မြောက် ကုလသမဂ္ဂနေ့ အထိမ်း အမှတ် စာစီစာကုံးများ ၊ ကုလသမဂ္ဂမှ ပေးပို့သည့် ကယ်ဆယ်ရေး အထောက်အကူ ပြုပစ္စည်းများနှင့် ဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှု အားပေးကြသည်။ 

No comments:

Post a Comment