Saturday, October 31, 2015

မြန်မာနိုင်ငံ ပုံတောင်နှင့် ဧရာဝတီကျောက်လွှာစုများမှ လေ့လာသုတေသနပြု တွေ့ရှိခဲ့သောပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းများ အကြောင်းဟောပြောပွဲကျင်းပခြင်း


 နေပြည်တော် အောက်တိုဘာ ၃ဝ

ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ မြန်မာနိုင်ငံရှိပုံတောင်နှင့် ဧရာဝတီ ကျောက်လွှာစုများမှ  ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းများကိုဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ်မှ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များနှင့်ပူးပေါင်း၍ ရှာဖွေသုတေသနပြုလေ့လာတွေ့ရှိချက်များကို အများပြည်သူများ သိရှိနိုင်ရေးအတွက် ဟောပြောပွဲအခမ်းအနားကို ၃၀-၁၀-၂၀၁၅ ရက်နေ့ နံနက် (၉:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိအမျိုးသားပြတိုက် (ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


ရှေးဦးစွာယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်ကြူက အဖွင့်အမှာစကား ပြောကြားရာတွင် လူ့ယဉ်ကျေးမှုသမိုင်းဖြစ်စဉ်များနဲ့ လူသားတို့ရဲ့မျိုးနွယ်အစကို သုတေသနပြု ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားကြရာမှာကမ္ဘာပေါ်မှာရှိတဲ့ ပညာရပ်နယ်ပယ်အသီးသီးမှ ပညာရှင်များသည် မိမိတို့ကျွမ်းကျင်ရာပညာရပ်အမျိုးမျိုးကိုအသုံးပြုခဲ့ကြပြီး လေ့လာဆန်းစစ်သုတေသနပြုမှုတွေကို စဉ်ဆက်မပြတ်ဆောင်ရွက်လာခဲ့ကြသည်ကိုတွေ့မြင်ကြရမှာဖြစ်ကြောင်း၊ မြန်မာ့မြေပေါ်မှာ လွန်ခဲ့တဲ့ နှစ်သန်း(၅ဝဝ) ပတ်ဝန်းကျင်ကဖြစ်တည်ခဲ့သောဘူမိဝန်းကျင်နှင့် ပေါက်ဖွားရှင်သန်ခဲ့သော နှစ်သန်း (၄ဝ)က ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ ပတ်သက်လို့ လေ့လာသုတေသနပြုစရာနယ်မြေများ သုတေသနနယ်ပယ်များ ရှိနေတာကလည်း ဂုဏ်ယူဝမ်းသာစရာ ဖြစ်ပါကြောင်း၊ ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း သုတေသနပြုလေ့လာတွေ့ရှိချက်များသည် မြန်မာ့သမိုင်းအတွက်ရော၊ ကမ္ဘာ့ သမိုင်းအတွက်ပါအရေးပါလှတဲ့ အထောက်အထားများဖြစ်သည့်အပြင် ကမ္ဘာတစ်ဝန်းလုံးက အသိအမှတ်ပြုရမယ့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များလည်းဖြစ်ပါကြောင်း၊ အခွင့်အခါသင့်ခိုက်  ပြောဆိုလိုသည်မှာ မြန်မာနိုင်ငံက လူသားအစနဲ့ လူသားတို့၏ သဘာဝပတ်ဝန်းကျင်၊ လူသားတို့၏ မူလယဉ်ကျေးမှုသည် မည်သည့်လူမျိုး၊   မည်သည့်အုပ်စု၊   မည်သည့်အချိန် ကာလကစတင်ခဲ့သည် ဆိုခြင်းကို မှတ်တမ်းစာအုပ်များ ကိုးကားပြီးလက်ခံနေကြသည်ဖြစ်သော်လည်း ယင်းတို့မတိုင်မီက လူသားအစမျိုးနွယ်များသည် ယခုနေထိုင်နေကြသော မြန်မာနိုင်ငံဖြစ်လာမည့်နေရာမှ စတင်ခဲ့ပြီး စဉ်ဆက်မပြတ် အတူယှဉ်တွဲ နေထိုင်လာကြသည် ဆိုခြင်းကိုယနေ့ရှင်းပြမည့်ပညာရှင်များရဲ့ ပညာရပ် ဆိုင်ရာတွေ့ရှိချက်ဖြင့်လည်း နှိုင်းယှဉ်စဉ်းစားကြရမှာဖြစ်ပါကြောင်းထည့်သွင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒေါက်တာချစ်စိန် (တွဲဖက်ပါမောက္ခ၊ ဘူမိဗေဒဌာန၊ ဟင်္သာတတက္ကသိုလ်)က ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ကမ္ဘာ့ဘူမိသက်တမ်း၊ မြန်မာနိုင်ငံ၏ ဘူမိသက်တမ်း ပုံတောင်ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာသုတေသနပြုမှု သမိုင်းကြောင်း (၁၉၉၇-၂၀၁၅) ၊ များကိုရှင်းလင်း ပြောကြားခဲ့ပါသည်။

အစီအစဉ်အရဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ် Primate Research Institute မှ Prof. Masanaru  TAKAI နှင့် ဒေါက်တာသောင်းထိုက် (တွဲဖက်ပါမောက္ခ၊ ဘူမိဗေဒဌာန၊ မန္တလေးတက္ကသိုလ်) တို့ကPondaung Primates: Origins and evolution of  early  anthropoids နှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအသီးသီးမှ ရှာဖွေတွေ့ရှိထားသော ပရိုင်းမိတ်များနှင့် ပုံတောင်ပရိုင်းမိတ်များကိုနှိုင်းယှဉ်လေ့လာ၍ ဘူမိသက်တမ်း တွက်ချက်မှု၊ ပုံတောင်ရှိ မီးတောင် ကျောက်လွှာများကို သိပ္ပံနည်းကျဓာတ်ခွဲတွက်ချက်မှုအရ သက်တမ်းနှစ်ပေါင်းသန်း(၄၀)ကို တိတိကျကျ သိရှိရကြောင်း ၊ ပုံတောင်ဒေသသည် အီဂျစ်နိုင်ငံ ဖာရွန်ဒေသထက် ကျောက်လွှာသက်တမ်း စောပြီးထင်ရှားကြောင်း၊ ပြင်သစ်နှင့် ဂျပန်ပညာရှင်များ ရှာဖွေလေ့လာချက်များအရ လူတူပရိုင်းမိတ် များသည် အာရှတိုက်တွင် ပေါက်ဖွားနေထိုင်ပြီးနောက် အာဖရိကတိုက်သို့ ရောက်ရှိသွားကြသည်ကို လက်ခံကြပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါ သည်။၊

ဂျပန်နိုင်ငံ၊ Waseda University မှ Prof. Dr. Ren HIRAYAMA နှင့် ဒေါက်တာဇင်မောင်မောင်သိန်း (လ/ထကထိက၊ ဘူမိဗေဒဌာန၊ ကလေးတက္ကသိုလ်) တို့က Megalochely ,Neogenegigantictortoise from Myanmar နှင့်ပတ်သက်၍ လည်းကောင်း၊ ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ် Primate Research Institute မှ Prof. Masanaru  TAKAI က Evolutionary  history  of  Asian  Primates based  on   paleontological   study   of   the Irrawaddy  fauna ပတ်သက်၍ ဟောပြောခဲ့ပါသည်။ 
ထို့နောက် ဟောပြောပွဲအခမ်းအနားတက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စာတမ်းရှင်များကပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြပါသည်။

ဆက်လက်၍ ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအေးမြင့်ကြူက ဟောပြော ပေးခဲ့သော ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ် Primate Research Institute မှ Prof. Masanaru  TAKAIနှင့် ဂျပန်နိုင်ငံ၊ Waseda University မှ Prof. Dr. Ren HIRAYAMA တို့အားဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးကနိဂုံးချုပ်စကားပြောကြားရာတွင် ဂျပန်ပညာရှင်အဖွဲ့ မိမိထံ လာရောက်တွေ့ဆုံစဉ် ယခုကဲ့သို့ ဟောပြောပွဲကိုကျင်းပပေးရန် မိမိကတိုက်တွန်းပြောကြားခဲ့သည့် အတွက် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၉၈ခုနှစ်မှစတင်၍ မြန်မာနိုင်ငံရှိပုံတောင် ကျောက်လွှာစု နှင့် ဧရာဝတီကျောက်လွှာစုများမှ ပရိုင်းမိတ်နှင့်ကျောက်ဖြစ်ရုပ်ကြွင်းများကို လေ့လာသုတေသနပြု တွေ့ရှိချက်များသည် သမိုင်းမတင်မီကာလအတွက်သာမက ကမ္ဘာသဘာဝသမိုင်းအတွက်ပါ အရေး ပါကြောင်း၊ ယနေ့တင်ပြချက်များကို စူးစမ်းလေ့လာရင်း မိမိတို့အားလုံးသည်ရောက်ရှိပြီးသားမြေမှာ နေထိုင်နေကြသော တစ်စုတစ်စည်းတည်းသောနိုင်ငံသားများဖြစ်ကြောင်း၊ တစ်မြေတည်းက စတင် ခဲ့သော ပြည်ထောင်စုသားများဖြစ်ကြောင်း ခံယူကျင့်သုံးကြရန်ရည်ရွယ်ပါကြောင်း ထည့်သွင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


မေးမြန်းချက်များကို Primatologist ပညာရှင် ဒေါက်တာ TAKAI က ပြောကြားရာတွင် မြန်မာနိုင်ငံရှိ ပုံတောင်ဒေသမှ တွေ့ရှိခဲ့သော လူတူပရိုင်းမိတ်များသည် ရှေးနှစ်ပေါင်း (၃၇)သန်း ကတည်းက စတင်ဖြစ်တည်ခဲ့သည်မှာ သေချာပြီး ကမ္ဘာပေါ်ရှိ အီဂျစ်လူတူပရိုင်းမိတ်များ၊ မွန်ဘိုင်း လူတူပရိုင်းများထက် ရှေးကျဖြစ်တည်ခဲ့ပါကြောင်း ဖြေကြားသွားပါသည်။ ယခုပရိုင်းမိတ်ခေတ် မြန်မာ့လူ့ဘောင်သမိုင်း လေ့လာမှုအပြီးတွင် ယဉ်ကျေးမှုဝန်ကြီးဌာနသည် မနုဿဗေဒဆိုင်ရာ စူးစမ်းလေ့လာမှု ဖော်ထုတ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment