Friday, October 30, 2015

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ဂျပန်နိုင်ငံအစိုးရမှ နေရောင်ခြည် စွမ်းအင်သုံး မီးအိမ်များ လှူဒါန်း

နေပြည်တော်  အောက်တိုဘာ ၃၀
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ဂျပန်နိုင်ငံ အစိုးရမှ နေရောင်ခြည် စွမ်းအင်သုံး မီးအိမ်များ လွှဲပြောင်း လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂  နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမ ဆောင်၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI ၊ UNDP ဌာနေ ညွှန်ကြားရေးမှူး Mr. Toily Kurbanov နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်နှင့် UNDP တို့ ဆွေးနွေး ညှိနှိုင်းမှုအရ UNDP အနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းသုံး ပစ္စည်းများ ဖြစ်သည့် ဆိုလာမီးအိမ်များ၊ ဖျက်၍ မရသောမှင်များ ဝယ်ယူပေးရန်နှင့် ကိုယ်စားလှယ် လောင်းများအတွက် Information Session များ ပြုလုပ်ပေးရန် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း။
ဆိုလာမီးအိမ် ဝယ်ယူ ထောက်ပံ့ရေး အတွက် UNDP  နှင့် ဂျပန်နိုင်ငံတို့ မိတ်ဖက်ပြုပြီး နိုင်ငံ တစ်ဝှမ်းလုံးရှိ လျှပ်စစ်မီး အချိန်ပြည့် မရသော မဲရုံများ အတွက် နေရောင်ခြည် စွမ်းအင်သုံး မီးအိမ်ပေါင်း (၅၁၂၉၈)လုံးကို ဝယ်ယူ၍ ရန်ကုန်နှင့် မန္တလေးမြို့များမှ တစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေပေးပို့ပြီး ဖြစ်ကြောင်း၊ ဆိုလာ မီးအိမ်များ ပံ့ပိုးလှူဒါန်း ပေးသည့် အတွက် ရွေးကောက်ပွဲ ကျင်းပသည့်နေ့ ညလုံးပေါက် မဲရေတွက် ရသော မဲရုံများ၌ မဲလက်မှတ်များ ရေတွက်ရာတွင် များစွာ အထောက်အကူ ပြုမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဂျပန်သံအမတ်ကြီးက ဆိုလာ မီးအိမ်များအား ဂျပန်အစိုးရ အနေဖြင့် UNDP မှတဆင့် လှူဒါန်းခဲ့ကြောင်း၊ လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အားထုတ် ကြိုးပမ်းမှုသည် မြန်မာနိုင်ငံသားများ အတွက်သာမက နိုင်ငံတကာ အသိုက်အဝန်း အတွက်လည်း အရေးကြီး ပါကြောင်း၊  ဆိုလာမီးအိမ်သည် ၁၂ နာရီကြာ အသုံးပြုနိုင်ပြီး နေရောင်ခြည် စွမ်းအင်သာမက ဓါတ်ခဲ၊ ဘက်ထရီဖြင့်လည်း ဆက်သွယ်ကာ မဲလက်မှတ် ရေတွက်စာရင်း ပြုစုရာတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဂျပန် သံအမတ်ကြီးမှ ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆိုလာ မီးအိမ်များအား ပေးအပ် လှူဒါန်းရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက လက်ခံရယူသည်။

၎င်းနောက် UNDP ဌာနေ ညွှန်ကြားရေးမှူးက ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်ရန် အတွက် အကြောင်းအရာ များစွာကို အသေးစိတ် စဉ်းစားပြီး ဆိုလာ မီးအိမ်များ လှူဒါန်းရရှိရေး ဆောင်ရွက် ခဲ့ပါကြောင်း၊ လျှပ်စစ်မီး မရရှိသော ဒေသများတွင် မဲရေတွက်ရန် အတွက် ဆိုလာမီးအိမ်များ ဖြန့်ဝေ ထုတ်ပေးနိုင်မှုသည် ၎င်းဒေသများရှိ ကိုယ်စားလှယ် လောင်းများနှင့် ပြည်သူများ၏ ယုံကြည်မှုကို မြင့်မားစေမည် ဖြစ်ကြောင်း ပြောကြားသည်။

No comments:

Post a Comment