Saturday, October 31, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်တို့မှ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ









နေပြည်တော် အောက်တိုဘာ ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊   ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဦးဇေယျာအောင်၊ ဒေါက်တာသန်းအောင်၊ ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့မှ မြန်မာအမျိုးသားလေကြောင်းဖြင့် ထွက်ခွာပြီး တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ သို့ရောက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊  တာဝန်ရှိသူ များနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။


ဆက်လက်၍ နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များ ဖြင့် ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးသို့ သွားရောက်ကြရာ ဒေသခံပြည်သူများ က လမ်းဘေးဝဲယာတစ်လျှောက်မှ သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် လောကမာရဇိန်ဘုရားကြီးအား ဖူးမြော် ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပြီး အလှူငွေများကိုဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းသည်။

ထို့နောက်   မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ထားဝယ်မြို့   ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်း၍ မြို့ပြအင်္ဂါရပ်နှင့်အညီ ဆောင်ရွက်နေမှု အခြေအနေများကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မြန်မာအမျိုးသားလေ ကြောင်းဖြင့် ကော့သောင်းမြို့သို့ရောက်ရှိရာ ကော့သောင်းလေဆိပ်၌  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များ ဖြင့် ကော့သောင်းမြို့ရှိ ပြည်တော်အေးဘုရားသို့ သွားရောက်ကြရာ ဒေသခံပြည်သူ များက လမ်းဘေးဝဲယာတစ်လျှောက်မှ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ပြည်တော်အေးဘုရားအား ဖူးမြော်ကြည် ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပြီး အလှူငွေများ  ပေးအပ်လှူဒါန်းသည်။

ထို့နောက်   မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ဒေသခံပြည်သူတစ်ဦးက မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အား ချိတ်ဆက်ရရှိရေး၊ ကွန်ကရစ်ဆိပ်ခံတံတား သစ်တစ်စင်း တည်ဆောက်ပေး ရေးနှင့် စက်မှုအထက်တန်းကျောင်း တည်ဆောက်ပေးရေးတို့ကို တင်ပြရာ နိုင်ငံတော် သမ္မတက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ကော့သောင်းမြို့ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ ဘုရင့်နောင်ကုန်းမြေရှိ ဘုရင့်နောင်မင်းတရားကြီးရုပ်တုနှင့် ကုန်းမြေသန့် ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မြန်မာအမျိုးသားလေ ကြောင်းဖြင့် ဘုတ်ပြင်းလေဆိပ်သို့ ရောက်ရှိကြရာ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူ များက သောင်းသောင်းဖြဖြ ကြိုဆို နှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည်  လေဆိပ်ဧည့်ခန်းမ၌ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုက ရေစီအထွေထွေ ရွေးကောက်ပွဲကြီးအား လွတ်လပ်၍တရားမျှတမှုရှိစေရေး၊ တည်တည် ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးတို့ အတွက် ပြည်သူများက ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ဒေသခံပြည်သူများက တင်ပြ သည့် ဒေသဖွံ့ဖြိုးရေးအတွက် အဓိကကျသော လမ်းများ အဆင့်မြှင့်တင် ပေးရေး၊ လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေး လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိုနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

နိုင်ငံတော်သမ္မတသည် ထားဝယ်နှင့် ကော့သောင်းမြို့နယ်တို့မှ မြို့မိမြို့ ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် မိမိတို့နိုင်ငံတွင် ပြီးခဲ့သည့် မိုးတွင်းကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ သဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရမှုနှင့် ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ပေးခဲ့မှု၊  ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု  အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍  မိမိတို့အစိုးရလက်ထက်၌ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲမှုများကို တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျဖြင့် တည်ငြိမ် အေးချမ်းစွာ ဆောင်ရွက်နိုင်မှုကြောင့်   ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်ချက်များ ဖြစ်သည့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ တယ်လီဖုန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး စသည့်ကဏ္ဍများတွင် တိုးတက်မှုများစွာ ရရှိနေပြီ ဖြစ်ပါကြောင်း၊  ရရှိပြီးဖြစ် သော တည်ငြိမ်အေးချမ်းမှုနှင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းပြီး တစ်နိုင်ငံလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ နှင့်အတူ ပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်  လိုအပ်ကြောင်း။

 နိုဝင်ဘာ (၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကြီးအား တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြင့် အောင်မြင်စွာကျင်းပ နိုင်ရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကြီး ဖြစ်အောင် ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။


ထို့နောက် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မြန်မာအမျိုးသား လေကြောင်းဖြင့် မြိတ်လေဆိပ်သို့ ညနေပိုင်းတွင် ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော်၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် ကင်းထောက်လူငယ်များက တစ်ခဲနက် ကြိုဆိုနှုတ်ဆက်ကြသည်။ 

No comments:

Post a Comment