Friday, October 30, 2015

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား

နေပြည်တော် အောက်တိုဘာ ၃၀
၂၀၁၆ ခုနှစ် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ (ပထမအကြိမ်) ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲတွင် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်၍ အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟို ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများနှင့် ဆပ်ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
 အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း အစီအစဉ် နှစ်ရပ်ဖြင့် ကျင်းပခဲ့ပါကြောင်း၊ နံနက်ပိုင်း အစီအစဉ်တွင် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင် အခမ်းအနား၊ နိုင်ငံတော် အလံ အလေးပြုပွဲ အခမ်းအနားနှင့် နိုင်ငံတော် သမ္မတထံမှ ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားတို့ကို ပြုလုပ်ပါကြောင်း၊ ညနေပိုင်း အစီအစဉ်တွင် နိုင်ငံတော် သမ္မတက တည်ခင်း ဧည့်ခံသည့် လွတ်လပ်ရေးနေ့ ဂုဏ်ပြု ညစာစားပွဲ ကျင်းပခြင်း အခမ်းအနားကို ကျင်းပပါကြောင်း၊ ယခုနှစ် ကျင်းပမည့် လွတ်လပ်ရေးနေ့ အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆပ်ကော်မတီ အသီးသီးကို ဖွဲ့စည်းပေးထားပြီး ဖြစ်ပါကြောင်း၊ ယင်းဆပ် ကော်မတီများ အနေဖြင့် ယခင်နှစ်၏ အားနည်းချက်၊ အားသားချက်များ အပေါ် ပြန်လည် သုံးသပ်၍ လိုအပ် ချက်များကို ညှိနှိုင်း ဆောင်ရွက် သွားရန် ဖြစ်ပါကြောင်း၊ (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်အောင် မြင်မြင် ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများ အနေဖြင့် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက် သွားရန် မှာကြား လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟို ကော်မတီ အတွင်းရေးမှူး ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်က (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ အောင်မြင် ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် ဗဟို ကော်မတီ အောက်တွင် ဆပ်ကော်မတီ (၇)ခု ဖွဲ့စည်း တာဝန် ပေးအပ် ထားမှုကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ဆပ်ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယ ဝန်ကြီးများနှင့် တာဝန် ရှိသူများက ဆပ်ကော်မတီ အလိုက် ဆောင်ရွက်နေသည့် အခြေအနေ၊ ဧည့်ခံရေး၊ တည်းခို နေထိုင်ရေး၊ လုံခြုံရေး၊ ပြန်ကြားရေး၊ သဝဏ်လွှာ ပြုစုရေး၊ ကျန်းမာရေးနှင့် အားကစား ပြိုင်ပွဲများ ကျင်းပရေး အတွက် ကြိုတင် ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက် သွားမည့် လုပ်ငန်း အစီအစဉ်များကို တင်ပြကြပြီး ဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများက ဖြည့်စွက် ဆွေးနွေး တင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတက လိုအပ်သည်များကို ဖြည့်ဆည်း မှာကြားသည်။

၂၀၁၆ ခုနှစ် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ပြည်ထောင်စု တိုင်းရင်းသား အားလုံး ပြည်ထောင်စုကြီး အတွင်း၌ ဥမကွဲ သိုက်မပျက် အတူတကွ ရာသက်ပန် ပူးပေါင်း နေထိုင်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးတို့ အတွက် တိုင်းရင်းသား အားလုံး စုစည်း ထိန်းသိမ်း ကာကွယ်ရေး၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက်နှင့်အတူ ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်း ဆောင်ရွက်ရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို ပြည်သူ့ စွမ်းအားဖြင့် ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်ရေး စသည့် အမျိုးသားရေး ဦးတည်ချက် (၄)ရပ်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment