Monday, October 26, 2015

ဘားအံမြို့နယ်တွင် ရွေးကောက်ပွဲ၌ အသုံးပြုမည့် ဆန္ဒမဲပုံး၊ မဲလက်မှတ်စာအုပ်နှင့် အခြားဆက်စပ်ပစ္စည်းများ ထုတ်ပေး



ဘားအံ အောက်တိုဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ၂၀၁၅-ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် အသုံးပြုမည့် မဲပုံး၊ မဲလက်မှတ်နှင့် အခြားဆက်စပ် ပစ္စည်းများအား အောက်တိုဘာလ ၂၃ ရက်နေ့မှစ၍ ရပ်ကွက်၊ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများထံ ဖြန့်ဝေ ထုတ်ပေး လျက်ရှိရာ လာရောက် ထုတ်ယူလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ၉၉ အုပ်စုတို့တွင် မဲရုံ စုစုပေါင်း ၂၀၅ ရုံ ဖွင့်လှစ် ထားရှိသွားမှာဖြစ်ပြီး မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၆၀၇၉၀ ဦး၊ မဲဆန္ဒနယ်မြေအမှတ် ၂ တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၅၈၄၀၀ ဦးရှိကာ စုစုပေါင်း မဲပေးခွင့်ရှိသူ ၃၁၉၁၉၀ ဦးတို့အတွက်လိုအပ်သည့်မဲပုံး၊မဲလက်မှတ် နှင့် အခြားဆက်စပ်ပစ္စည်းများ ထုတ်ပေးခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များ အနေဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တွင်လည်းကောင်း၊ ကျေးရွာအုပ်စုများ အနေဖြင့် မိမိတို့နီးစပ်ရာ နယ်မြေရဲစခန်းများတွင် လည်းကောင်း ဆန္ဒမဲပုံး၊ မဲလက်မှတ်နှင့် အခြား ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းထားမည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာသည့် အချိန်မှသာ ထုတ်ယူ သုံးစွဲမည်ဖြစ်သည်။
ဘားအံမြို့နယ်တွင် နိုင်ငံရေးပါတီ ၁၄ ခု တရားဝင် ပါတီမှတ်ပုံတင်ထားပြီး တစ်သီးပုဂ္ဂလများ အပါအ၀င် ကိုယ်စားလှယ်လောင်း ၇၃ ဦး ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment