Friday, August 28, 2015

သဘာဝဘေးအန္တရာယ်ကြောင့် နွား(၇၈၀၁)ကောင်၊ ကျွဲ (၃၀၀၅)ကောင် အပါအဝင် တိရိစ္ဆာန်ကောင်ရေ (၂ ဒသမ ၄)သိန်း သေကျေပျက်စီး



နေပြည်တော်၊ သြဂုတ် ၂၈

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရေဘေးသင့်ဒေသများရှိ ကျေးလက်လမ်း၊ တံတား၊ ရေပေးရေးနှင့် ကျန်းမာသန့်ရှင်းရေး၊ မီးလင်းရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူ ထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့နံနက်(၈)နာရီအချိန်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် က ဇွန်၊ဇူလိုင်လများအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် နိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများဖြစ်ပွားခဲ့ပြီး နိုင်ငံတော်အစိုးရအနေဖြင့် သဘာဝဘေးဒဏ် သင့်ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို စေတနာ ရှင်ပြည်သူများ၊ မိတ်ဖက်နိုင်ငံများ၊ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီမှုနှင့် ထိရောက် သော စီမံခန့်ခွဲမှုများဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊


ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ အား အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်မှုနှင့်အညီ မူလအခြေအနေထက် သာလွန်သော အခြေအနေသို့ ပြန်လည်ရောက်ရှိ နိုင်ရေးအတွက် စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ် များကြောင့်  မွေးမြူရေးကဏ္ဍနှင့် ပတ်သက်၍ နွား(၅၇၀၁)ကောင်၊ ကျွဲ(၃၀၀၅)ကောင် အပါအဝင် တိရစ္ဆာန်ကောင်ရေ စုစုပေါင်း(၂.၄)သိန်း သေကျေပျက်စီးခဲ့ပြီး စုစုပေါင်းတန်ဖိုး ငွေကျပ်(၅.၄)ဘီလီယံခန့်၊ ရေလုပ်ငန်းကဏ္ဍနှင့ျပတ်သက်၍ ပုဂ္ဂလိက ရေလုပ်ငန်းရှင်များမှ ငွေကျပ်(၂၄.၃) ဘီလီယံခန့်၊ နိုင်ငံပိုင်ဆုံးရှုံးမှု (၈၉.၁၃)သန်း၊ ကျေးလက်အခြေခံ အဆောက်အအုံများနှင့်ပတ်သက်၍ ကျေးလက်လမ်း (၆၀၄)မိုင် (၆.၃)ဖာလုံ၊ ကျေးလက်တံတား (၈၂၄)စင်း၊ ရေပေးရေးလုပ်ငန်း (၁၁၈၅၅)ခု၊ ယင်လုံအိမ်သာ (၁၃၁၆)လုံး၊ မီးလင်းရေးလုပ်ငန်း (၁၀၃)ခုနှင့် အိမ်ရာ (၆၅၆၀)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊
ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် မိသားစုဝင်ငွေ တိုးပွားရေးဦးတည်ဆောင် ရွက်နေသည့် မြစိမ်းရောင်စီမံကိန်းကျေးရွာ (၁၄၅၀)အနက် ကျေးရွာပေါင်း (၁၄၈)ရွာသဘာဝဘေးဒဏ်ကို ခံစားခဲ့ရပြီး ၎င်းကျေးရွာများတွင် ချေးငွေရယူသည့် အိမ်ထောင်စု (၁၆၄၂၆)စုမှ တန်ဖိုးငွေကျပ် (၂.၄၈)ဘီလီယံ ဆုံးရှုံးခဲ့ရပါကြောင်း၊ သဘာဝဘေးဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက်အခြေခံ အဆောက်အအုံနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌  နိုင်ငံတော်အစိုးရနှင့် မိတ်ဖက် အဖွဲ့အစည်းများမှ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ထပ်မနေစေရန်၊ လစ်ဟာမှုမရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက သဘာဝဘေးဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ရည်မှန်းချက်တာဝန်များထားရှိ၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်ရေး ရှင်းလင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးဌာနမှူးများက မိမိတို့ဒေသအလိုက် သဘာဝဘေးဒဏ်သင့် ဒေသများအတွင်း ကူညီကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေနှင့် သဘာဝဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေး အတွက် စီမံဆောင်ရွက်မည့်အခြေအနေများနှင့် လုပ်ငန်း လိုအပ်ချက် အခြေအနေများ အားအသီးသီး ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးကပြန်လည်သုံးသပ် ညှိနှိုင်းဖြည့်ဆည်းပေးသည်။

No comments:

Post a Comment