Friday, August 28, 2015

သီလဝါ အထူးစီးပွားရေးဇုန်တွင် ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိနေသော ဟက်တာ ၂၀၀၀ အတွက် မဟာ ဗျူဟာမြောက် ပတ်ဝန်းကျင် ဆန်းစစ်ခြင်းဆိုင်ရာ ပြုလုပ်

ရန်ကုန် ဩဂုတ် ၂၇
သီလဝါ အထူးစီးပွားရေးဇုန် ဟက်တာ (၂၄ဝဝ) စီမံကိန်း အကောင်အထည် ဖော်ရာတွင် ဆက်လက် အကောင် အထည်ဖော်ရန် ကျန်ရှိနေသေးသည့် ဟက်တာ (၂ဝဝဝ)အတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင် ဆန်းစစ်ခြင်း (Strategic Environmental Assessment – SEA)ဆိုင်ရာ သက်ဆိုင်သူများနှင့် တွေ့ဆုံပွဲတစ်ခုကို သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ရုံး၌ ပြုလုပ်ခဲ့သည်။

ဩဂုတ် ၂၆ ရက် နံနက်ပိုင်းကပြုလုပ်သည့် SEA အစီရင်ခံစာ သက်ဆိုင် သူများနှင့်တွေ့ဆုံတင်ပြခြင်းသည် ဂျပန်နိုင်ငံရှိ ERM Environmental Resource Management အဖွဲ့နှင့် မြန်မာနိုင်ငံက E-Guard Environmental Services အဖွဲ့က ပညာရှင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ် ခြင်းဆိုင်ရာ (SEA) အစီရင်ခံစာတွင် အချက်ခုနစ်ချက် ပါဝင်ပြီး(၁) စီမံကိန်းနဲ့သက်ဆိုင်သူများကိုသတ်မှတ်ခြင်း၊ (၂) စီမံကိန်းမစတင်မီအခြေအနေ (သတိထားဆောင်ရွက် ရမည့်အကြောင်းကိစ္စများ)၊ (၃)ဥပဒေဆိုင်ရာမူဘောင် ကန့်သတ်ချက်၊ (၄)စီမံကိန်းအတွက် စစ်ဆေးရန် အချက်အလက် ရေးဆွဲခြင်း၊ (၅) ဖွံ့ဖြိုးရေးအတွက် အနာဂတ်ဆိုင်ရာ မျှော်မှန်းချက်၊ (၆) ဖြစ်ပေါ်လာနိုင်သည့် ထိခိုက် သက်ရောက်မှုများ၊ (၇)ထိခိုက် သက်ရောက်မှုများအတွက် လျှော့ချရေး အစီအမံတို့ပါဝင်ခဲ့သည်။
သီလဝါအထူးစီပွားရေးဇုန်ရှိ ပတ်ဝန်းကျင်လေ့လာ ဆန်းစစ်မှုတွေကို စီမံကိန်းဆောင်ရွက်မည့် အခြေအနေ နှင့်ပတ်သက်၍ ''ကျွန်တော်တို့ သီလဝါအထူးစီပွားရေး ဇုန်မှာ ပတ်ဝန်းကျင်လေ့လာဆန်းစစ်မှုတွေကို ၂ဝ၁၃ နှစ် ကုန်ပိုင်းလောက်မှာ စတင်ဆောင်ရွက်ပါတယ်။ အပိုင်း နှစ်ပိုင်းနဲ့ဆောင်ရွက်ပါတယ်။ ပထမအဆင့်ကတော့ မဟာ ဗျူဟာမြောက်ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်းဆိုင်ရာ(SEA)ပါ။ မူဝါဒပိုင်းဆိုင်ရာကို လေ့လာသုံးသပ်တဲ့ အပိုင်းပါ။ နောက်တစ်ဆင့်ကတော့ EIA (Environmental Impact Assessment) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ် ခြင်းကို ဆောင်ရွက်ပါတယ်။EIA ကတော့ စီမံကိန်း ကြောင့် ဖြစ်ပေါ်လာနိုင်တာကို တိုက်ရိုက်ဆန်းစစ်တာပါ။ အခုက မူဝါဒပိုင်းဆိုင်ရာကို လေ့လာသုံးသပ်တဲ့ SEA နဲ့ပတ်သက်တဲ့ အစီရင်ခံစာကို သက်ဆိုင်ရာဌာနတွေ၊ စီမံကိန်းကိုစိတ်ဝင်စားသူတွေ၊ အကြံပေးလိုတဲ့ NGOs တွေ၊ ဒေသခံတွေကို ရှင်းလင်းတင်ပြတာပါ။ အစီရင်ခံစာ ကိုလည်း ဌာနဆိုင်ရာတွေ၊ စိတ်ပါဝင်စားသူတွေနဲ့ ဒေသခံတွေကို ဝေပေးထားပါတယ်။ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ပါ။ အကြံပြုချင်တယ်။ ဝေဖန်သုံးသပ်ချက် တွေပေးချင်တယ်ဆိုရင် စက်တင်ဘာ ၃ဝ ရက် နောက်ဆုံး ထားပြီး Thilawaygn@gmail.com ကို ပေးပို့နိုင်ပါ တယ်'' ဟု E-Guard Environmental Services အဖွဲ့မှ ဦးအေးသီဟက ပြောသည်။
နိုင်ငံတကာနဲ့ယှဉ်၍ လုပ်ငန်းဆောင်ရွက်နိုင်သည့် အခြေအနေမျိုးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အဓိက ကဏ္ဍတစ်ခုအနေဖြင့် အလေးထားပြီး လုပ်ကြရမည်ဖြစ် ကြောင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် အရှိန်အဟုန်ဖြင့် လုပ်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင်အား မည်မျှအထိ ထိခိုက်နိုင်မည်ဆိုသည့် ပြဿနာနှင့် မေးခွန်းများအား ကြိုတင် သိရှိထားနိုင်သည်မှာ ကောင်းမွန်ကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံတွင် ပထမဆုံး စတင်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလအတွင်း ဖွင့်နိုင်ရန် လည်း ကြိုးစားနေကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းအောင် က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။
မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း ဆိုင်ရာ သက်ဆိုင်သူများနှင့်တွေ့ဆုံပွဲတွင် နယ်မြေဒေသခံ များဖြစ်သည့် ကျောက်တန်းမြို့ ကယက်သီတာမြိုင် ရပ်ကွက်မှ ဦးအေးဌေး၊ အလွမ်းဆွတ်တွင် လာရောက် နေထိုင်သည့် သဲကွင်းလုပ်သား ကိုသိန်းလင်းအောင်၊ ဒေါ်ကေသီဦးနှင့် ကိုအောင်မျိုးတို့က သိရှိလိုသည်များကို မေးမြန်းခဲ့သည်။
သတင်း -ရဲခေါင်ညွန့်

ဓာတ်ပုံ -ဖိုးထောင်

No comments:

Post a Comment