Monday, August 31, 2015

မြန်မာ့ကမ်းလွန်ပြင်အတွင်း ကမ်းလွန်ရေနံရှာဖွေခြင်းလုပ်ဆောင်မည်

ရန်ကုန် ဩဂုတ် ၃၀
မြန်မာနိုင်ငံမှ eni နှင့် petro ဗီယက်နမ်တို့ အကျိုးတူပူးပေါင်း၍ မြန်မာ့ကမ်းလွန်ပင်လယ်ပြင် ကမ်းလွန်ရေနံ ရှာဖွေခြင်းလုပ်ငန်း လုပ်ကွက် အမှတ် MD2ကို ၂၀၁၆ ခုနှစ်အတွင်း ပြုလုပ်သွားမည်ဟု သိရသည်။

ကမ်းလွန်ရေနံရှာဖွေခြင်းလုပ်ငန်းများ ပြုလုပ်ခြင်းအားဖြင့် ရေနံတွေ့ရှိပါက နိုင်ငံတွင်း စက်မှုလုပ်ငန်းများအတွက် သဘာဝဓာတ်ငွေ့များ ရရှိလာမည့်အပြင် ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချလာနိုင်သဖြင့် နိုင်ငံခြားငွေ ပိုမိုရရှိလာခြင်း၊ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်းနှင့် ပြည်ပမှ ရေနံရှာဖွေခြင်း နည်းပညာများကိုပါရရှိလာနိုင်မည်ဟု စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးဇေယျာမိုးကပြောသည်။
သို့သော်လည်း ကမ်းလွန်ရေနံရှာဖွေခြင်းလုပ်ငန်းများ လုပ်ကိုင်လာပါက သဘာဝပတ်ဝန်းကျင်နှင့် ရေသတ္တဝါများ ထိခိုက်ဆုံးရှုံးလာနိုင်သည့်အတွက် သဘာဝပတ်ဝန်းကျင်ဆန်းစစ်ခြင်း ဆောင်ရွက်မှုများအတွက် MIC ၏ ထောက်ခံမှုရရှိမှသာ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဦးဇေယျာမိုးက ထပ်လောင်းပြောသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မိုးက အဆိုပါ ရေနံရှာဖွေခြင်း၏ သဘာဝပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ “သက်ရောက်မှုအနေနဲ့ကတော့ သက်ရှိ၊ သက်မဲ့တွေရဲ့ ဇီဝဖြစ်စဉ် ဂေဟစနစ်နဲ့ ပတ်သက်ပြီးအနည်းနဲ့အများ ထိခိုက်စေပါတယ်။ ဒါပေမယ့်လည်း သူတို့က IEE လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်၊ ကျန်းမာရေးဆိုင်ရာကနဦး လေ့လာဆန်းစစ်မှုတွေကို တစ်နှစ်ကျော်လောက် လုပ်ဆောင်ထားတာ တွေ့ရတယ်။
ပြီးသွားရင်တော့ ဒီအစီရင်ခံစာကို သူတို့ MIC ကို ခွင့်ပြုချက်တင်ရမယ်။ အဲ့ဒီအချိန်ကျရင် MIC ကနေ ကျွန်တော်တို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနဆီကို IE ရယ် IE နဲ့ အတူပါလာမယ့် EMP (Environmental
Management Plan) နဲ့အတူ ပူးတွဲပြီး တင်ပြပါလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ မြန်မာ့ပင်လယ်ရေပြင်နဲ့ ပတ်သက်ပြီးတော့ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်။ ဒါ့ကြောင့် ကုမ္ပဏီဘက်ကလည်း ကျွန်တော်တို့ရဲ့ EMP အတိုင်းလိုက်နာဆောင်ရွက်သွားဖို့ လိုပါတယ်။ ပြီးပြည့်စုံမှုရှိတယ်ဆိုရင်တော့ ကန့်ကွက်ရန် မရှိကြောင်း အကြောင်းပြန်မှာပါ” ဟု ပြောသည်။
မြန်မာ့ကမ်းလွန်ပြင်တွင် ရေသတ္တဝါမျိုးစုံ ကျက်စားနေထိုင်လျက်ရှိပြီး ထိုကဲ့သို့ရေနံရှာဖွေခြင်းသည် ကမ်းခြေနှင့် နီးကပ်ပါက ရေနေသတ္တဝါများ၏ သဘာဝအစာကွင်းဆက်အတွက် စိုးရိမ်ရသည့်အပြင် ၎င်းတို့သွားရာလမ်းကြောင်း အပေါ် ကျရောက်လာပါကထုတ်လုပ်မှုများ ထိခိုက်လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဦးမင်းနောင်က ပြောသည်။
သို့ရာတွင် MD2 လုပ်ကွက်သည် ငါးလုပ်ငန်းဦးစီးဌာန၏ သတ်မှတ်ချက်များအရ ငါးသယံဇာတများအတွက် လွတ်ကင်းမှုရှိကြောင်း ဦးမင်းနောင်က ဆက်လက်ပြောသည်။ eni မြန်မာနှင့် petro ဗီယက်နမ်တို့သည် အဆိုပါ ကမ်းလွန်ရေနံရှာဖွေခြင်းလုပ်ငန်း MD2 ကို ၂၀၁၄ ခုနှစ် မတ် ၂၆ ရက်တွင် တင်ဒါစနစ်ဖြင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါလုပ်ငန်းကို eni မှ ရှယ်ယာ ၈၀ ရာခိုင်နှုန်း၊ petro မှ ရှယ်ယာ ၂၀ ရာခိုင်နှုန်းတို့ဖြင့် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး eni သည် ခွဲဝေထုတ်ယူခြင်းစာချုပ်အရ လုပ်ကွက် MD2 အတွင်း လေ့လာခြင်းကာလ၏ ပထမနှစ်နှစ်ကို ကမ်းလွန်ပင်လယ်ရေနံရှာဖွေခြင်း လုပ်ငန်းလုပ်ကိုင်မည်ဟု သိရသည်။

(ခင်ဇာလီ)

No comments:

Post a Comment