Sunday, August 30, 2015

ရန်ကုန် စတော့အိတ်ချိန်းရာနှုန်းပြည့်ပြင်ဆင်ပြီးစီး၍ ဒီဇင်ဘာလတွင် ဖွင့်လှစ်ရန် ရည်ရွယ်ထား



ရန်ကုန်  သြဂုတ်  ၂၉
ရန်ကုန် စတော့အိတ်ချိန်း ဖွင့်လှစ်နိုင်ရန် ရာနှုန်းပြည့် ပြင်ဆင်ပြီးစီးနေပြီ ဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ် ထားကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၏ ပြောကြားချက်အရ သိရသည်။ ယခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ခဲ့သည့် ရန်ကုန်စတော့ အိတ်ချိန်းကို ၂၀၁၂ ခုနှစ်က စတင်၍ အဆင့်ဆင့်ကြိုးပမ်းဆောင် ရွက်ခဲ့ပြီး လက်ရှိတွင် စတော့အိတ်ချိန်း စတင်လည်ပတ်ရန် အဆင်သင့်ဖြစ်နေသော အနေ အထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဩဂုတ် ၂၉ ရက်က ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ရန်ကုန်စတော့ အိတ်ချိန်း ဖွင့်လှစ်မည့် အဆောက်အအုံ(ယခင်-ဗဟိုဘဏ်နှင့် မြ၀တီဘဏ် ဆောင်ရွက်ခဲ့သည့် အဆောက်အအုံ)တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ဒုတိယဝန်ကြီး ကပြောကြားခဲ့သည်။

“ကျွန်တော်တို့ စတော့အိတ်ချိန်း ဖြစ်ဖို့ ကြိုးပမ်းမှုတွေမှာ ကမ္ဘာပေါ်မှာ ၁၉၈ နိုင်ငံအနက် စတော့အိတ်ချိန်း မရှိသေးတာ ကိုးနိုင်ငံပဲ ရှိပါတယ်။ အဲဒီမှာ ခြောက်နိုင်ငံက ကျွန်းနိုင်ငံ လေးတွေဖြစ်ပါတယ်။ ကျန်တဲ့ သုံးနိုင်ငံက ဘရူနိုင်း၊ မြောက်ကိုရီးယားနဲ့ မြန်မာပါ။ မြန်မာကတော့ အဲဒီ စာရင်းက ထွက်ဖို့လုပ်နေပါပြီ။ ဘရူနိုင်းနိုင်ငံ ကလည်း အခု စတော့ အိတ်ချိန်းထောင်ဖို့ လုပ်နေပါတယ်။ နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုက စတော့အိတ်ချိန်း ရှိကိုရှိရပါတယ်”ဟု ဒုတိယ ဝန်ကြီးက ပြောသည်။ ရန်ကုန် စတော့အိတ်ချိန်းကို နိုဝင်ဘာရွေး ကောက်ပွဲကာလအပြီး ဒီဇင်ဘာလထဲတွင် ဖွင့်လှစ်ရန် ရည်ရွယ် ထားပြီး စတော့အိတ်ချိန်း ထူထောင်ရန် မြန်မာနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအဖွဲ့ အစည်းနှစ်ခု တို့ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသည်။ မြန်မာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံမှ
Diwa Research Institute နှင့် Japan Stock Exchange Group တို့ပူးပေါင်းပြီး ထည့်ဝင် ရင်းနှီးငွေမှာ မြန်မာငွေကျပ် ၃၁ ဘီလီယံနှင့် မြန်မာ ဘက်မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်း ပါဝင်မည်ဟု သိရသည်။
စတော့အိတ်ချိန်း ထူထောင်ရန် မတည်ရင်းနှီးငွေ ထည့်ဝင်ပြီးဖြစ်သလို ဖက်စပ်ကုမ္ပဏီ ထူထောင်ပြီးဖြစ်သည့် အတွက် စတင်လည်ပတ်ရန် အဆင် သင့်ဖြစ်နေပြီဟု သိရသည်။ စတော့အိတ်ချိန်းထူထောင်နိုင်ပါ က တရားဝင် ရင်း နှီးမြှုပ်နှံမှုဈေးကွက် ဖြစ်ပေါ်လာမည်ဖြစ်ပြီး ငွေကြေး ဖောင်းပွမှုများကိုလည်း တစ်ဖက် တစ်လမ်းမှ ထိန်းသိမ်း နိုင်မည်ဟု ဒုတိယဝန်ကြီးကဆိုသည်။ အများ ပြည်သူ လုံခြုံစိတ်ချမှုရှိစေရန်နှင့် လိမ်လည်မှုများ မရှိစေရန် စနစ်တကျ ကြပ်မတ် ဆောင်ရွက်မည်ဖြစ်ပြီး စတော့အိတ်ချိန်းဖွင့်လှစ်မည့်နေရာ သည် အချက်အချာ ကျသော သမိုင်းဝင် အဆောက်အအုံ နေရာတွင် တည်ရှိကာ ဘဏ္ဍာရေးရပ်ကွက်၊ ငွေရေး ကြေးရေး ရပ်ကွက်နေရာအဖြစ် ဖြစ်ထွန်း လာမည်ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားခဲ့သည်။

No comments:

Post a Comment