Friday, August 28, 2015

ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး



နေပြည်တော် သြဂုတ်  ၂၈
ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၈၃)ရက် မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပခဲ့ရာ ညနေပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးသည်။

ယနေ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် ဒေါ်နန်းစေအွာတို့က နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အပေါ် ထောက်ခံ ဆွေးနွေးခဲ့ကြပြီး တစ်ပိုဒ် ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)ထံမှ ဂျပန်ယန်း ၉၉ ဒသမ ၈၅၀ ဘီလီယံ ချေးယူခွင့်နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၇)ဦးတို့ ဆွေးနွေးခဲ့ ကြသည်။
ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့က ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်များသည် လိုအပ်သည့် လုပ်ငန်းစီမံချက်များ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းနေသည့်အတွက် နိုင်ငံတကာအကူအညီ ပေးရေးအဖွဲ့များ အနေဖြင့် နောင်ကာလများအထိ ဆက်လက်ကူညီပေးနေဦးမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း ပြည်ပချေးငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို အလေအလွင့်မရှိအောင် သုံးစွဲကြရန် အကြံပြုလိုပါကြောင်း။
ဝန်ကြီးဌာနများအနေဖြင့်လည်း ပြည်ပချေးငွေများ ထုတ်ယူသုံးစွဲမှုကိုကြည့်ပါက ထပ်မံထုတ်ယူရန် ကျန်ရှိသေး သည်ကို တွေ့ရှိရပါကြောင်း၊ ပြည်ပချေးငွေများဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကို ၀န်ကြီးဌာနများ အနေဖြင့် ပြည်ထောင်စုလွှတ်တော်၌  ၆ လ တစ်ကြိမ် လာရောက်ရှင်းလင်း တင်ပြစေလို ပါကြောင်းဖြင့် ဆွေးနွေးသည်။     
မင်းကင်းမဲဆန္ဒနယ်မှ ဒေါ်ခင်မွှေးလွင်က ယခု JICA မှ ချေးငွေများကို  ချေးယူရန် အလျင်စလို ဆုံးဖြတ်ဆောင်ရွက် လိုက်ခြင်း၏ အကျိုးဆက်သည် ကောင်းကျိုးအတွက်ဟု ယူဆရမည်ဆိုသော်လည်း ဆိုးကျိုးများလည်း ရှိနိုင်ပါကြောင်း၊ လက်ရှိအစိုးရသက်တမ်းသည် ကုန်ဆုံးခါနီးနေပြီဖြစ်ပြီး ယခင်စာချုပ်ချုပ်ဆို၍ ယူထားသည့် ချေးငွေများသည် ယခု ၀န်ကြီးဌာနသုံးခုစလုံးတွင် ကုန်အောင်မသုံး နိုင်သေးသည်မှာ ထည့်တွက်ရမည့် အခြေအနေဖြစ်ပါကြောင်း၊ အဓိကထည့်တွက် ရမည့်တစ်ချက်အနေဖြင့် ထောက်ပံ့ငွေမဟုတ်ဘဲ ချေးငွေဖြစ်နေသည့်အတွက် တိုင်းပြည်ဝန်ထုပ်ဝန်ပိုး တိုးနိုင်ပါကြောင်း၊ မည်သည့် ပြည်ပချေးငွေမဆို ယခုအချိန်တွင် အဆောတလျင် မစဉ်စားသင့်ပါကြောင်း၊ ချေးပြီးသား ပြည်ပချေးငွေများကို အယို အဖိတ်မရှိစေရန် စိစစ်စွာဖြင့် ဂရုပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံခြား ချေးငွေဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် လုပ်ငန်းတိုင်းကို အောင်မြင်စေရန် တာဝန်ခံမှု၊ တာဝန်ယူမှုတိုင်းတွင် တာဝန်ကျေအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်းဖြင့် ဆွေးနွေးသည်။
ယင်းချေးငွေများနှင့်စပ်လျဉ်း၍ ချေးယူရန် လွှတ်တော်ကအတည်ပြုခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော Maritime Labour Convention 2006 သို့ မြန်မာနိုင်ငံမှ အတည်ပြုဝင်ရောက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုခဲ့သည်။
ဆက်လက်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေး၊ ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်က ရှင်းလင်းတင်ပြရာတွင် သဘာဝဘေးသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားခဲ့သဖြင့် ကျယ်ပြန့်သော စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ခဲ့ရခြင်း၊ ဘေးသင့်ဒေသ များသည် ဘေးဒဏ်ခုခံနိုင်စွမ်းနည်းပါးခြင်း၊ ပြီးပြည့်စုံသော ကြိုတင်ပြင်ဆင်မှု အပိုင်းတွင် အားနည်းခြင်း စသည့်အချက်များကို တွေ့ရှိရမည်ဖြစ်ပြီး အရေးပေါ် တုံ့ပြန်မှုများတွင် နိုင်ငံတော်အစိုးရနှင့်အတူ ပညာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူလူထုများအားလုံးမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသဖြင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့သည်ဟု သုံးသပ်ပါကြောင်း။
ဆက်လက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက အဓိကတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်သူလူထုများအားလုံးမှ ပါဝင်ဆောင်ရွက်နိုင်ရေးကိုလည်း ဖိတ်ခေါ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ယခုတွေ့ကြုံ ရသည့်၊ ရင်ဆိုင်ဖြေရှင်းရသည့် အားနည်ချက်များအပေါ်သုံးသပ်၍ ဘေးဒဏ် ခုခံနိုင်စွမ်းရှိသည့် ရပ်ရွာလူထု၊ ပိုမိုကောင်းမွန်သည့် စီမံခန့်ခွဲမှုပုံစံဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြရာ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးခဲ့ကြပြီး ဒုတိယ၀န်ကြီး၏ ရှင်းလင်းချက်နှင့် လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးချက်များကို လွှတ်တော်က မှတ်တမ်းတင်ခဲ့ သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက (၁၂)ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ယခုအစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးအတွက် လွှတ်တော်တွင်း၌ အကြိတ်အနယ် ဆွေးနွေးမှုများနှင့်အတူ ဆန္ဒမဲပေးဆုံးဖြတ်ဆောင်ရွက်မှုများကို စနစ်တကျ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ဥပဒေပေါင်း ၅၂ ခုကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သည့်အတွက် ပထမအကြိမ် လွှတ်တော်များ စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ ယနေ့အထိ အတည်ပြု ပြဋ္ဌာန်းပြီးဥပဒေ စုစုပေါင်း ၁၈၅ ခုရှိခဲ့ပြီးဖြစ်ပါကြောင်း။
လွှတ်တော်အသီးသီးတွင် ကျန်ရှိနေသည့် ဆောင်ရွက်ဆဲဥပဒေကြမ်းအနေဖြင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ရန် ပေးပို့ထားသည့် ဥပဒေကြမ်း ၄ ခု၊ ဆောင်ရွက်ဆဲဥပဒေကြမ်း ၃ ခု၊ လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး ဆိုင်းငံ့ ထားသည့် ဥပဒေကြမ်း ၂ ခုရှိပါကြောင်း။
ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်း ၁၅ ခု၊ အမျိုးသားလွှတ်တော်တွင် ဥပဒေကြမ်း အခု ၃၀ ကျန်ရှိပါကြောင်း၊ ယခုအစည်းအဝေးတွင် ထုတ်ပြန်ပြဋ္ဌာန်းနိုင်ခဲ့ သည့် ဥပဒေ ၅၂ ခုထဲတွင် နှစ်စဉ်မဖြစ်မနေ ပြဋ္ဌာန်းပေးရသည့် နိုင်ငံတော်နှင့်ပြည်သူ များ အကျိုးစီးပွားအတွက် မဖြစ်မနေလိုအပ်သည့် ဥပဒေများပါဝင်ပါကြောင်း၊ ယခုနှစ် ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေသည် အခွန်ကောက်ခံသည့် နိုင်ငံတော်အစိုးရနှင့် အခွန်ထမ်းပြည်သူများအတွက် ရာနှုန်းပြည့်ကောင်းသည်ဟု မဆိုနိုင်သော်လည်း သင့်တင့်မျှတသည့် အခွန်နှုန်းထားများရရှိအောင် ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေအထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိရှိနှင့် အောင်မြင်ချောမွေ့စွာပြီးစီးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌သာ တာဝန်ရှိသည်မဟုတ်ပါကြောင်း၊ ပြည်သူ များအားလုံးနှင့်အတူ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးများ အားလုံးက ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ပူးပေါင်းပါဝင်လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း။
ထို့အတူ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ အလွန်ကာလများတွင် ပြည်သူများအားလုံးအနေဖြင့် ဥပဒေ၏ အကာအကွယ်အောက် တွင်ရှိပြီး စိုးရိမ်ပူပန်မှုမရှိဘဲ စိတ်အေးချမ်းတည်ငြိမ်စွာဖြင့် ယုံကြည်စိတ်ချစွာရှိနေစေ ရေးအတွက်ကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်ကြီးများ ပူးပေါင်း ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို လိုက်နာကြရန် Code of Conduct for Parties and Candidates ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာရန်နှင့် ရွေးကောက်ပွဲအောင်မြင် အဆင်ပြေရေး အတွက် နိုင်ငံတော်အစိုးရ၊ အုပ်ချုပ်ရေးအဖွဲ့၊ တရားရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ဥပဒေပြုရေးအဖွဲ့များ၌ ပါဝင်ကြသည့် ကိုယ်စားလှယ်များ အနေဖြင့် တက်တက်ကြွကြွပါဝင်ကြရန် လိုအပ်ပါကြောင်း။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ညနေပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးသည်။ 

No comments:

Post a Comment