Friday, August 28, 2015

ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများလှူဒါန်း




နေပြည်တော်၊ သြဂုတ်လ (၂၈)

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အလှူငွေပေးအပ်ခြင်းနှင့်စပ်လျဉ်းသော ကိစ္စရပ်များအား  ရှင်းလင်းပြောကြားပြီးနောက် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနနှင့် ပြည်တွင်းပြည်ပဟိုတယ်များမှ  လှူဒါန်းသည့် အလှူငွေ ကျပ် (၆၇) သိန်းနှင့် အမေရိကန်ဒေါ်လာ (၇၀၄၉) ဒေါ်လာအား အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်ထံသို့ လှူဒါန်းပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်မှ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီအနေဖြင့် ရေဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့ပြီး ယခုကဲ့သို့လာရောက်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် တုံဂပူရိနှင့် သင်္ဂဟဟိုတယ်များသို့ သွားရောက်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ကြီးကြပ်၍ Swiss Agency for Development and Cooperation (Swisscontact) ၏ စီစဉ်မှုဖြင့် နေပြည်တော်၌ ဖွင့်လှစ်လျက်ရှိသော ဒုတိယအကြိမ်ဧည့်ဝန်ဆောင်မှု သင်တန်းသို့ တက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများအား သွားရောက် တွေ့ဆုံနှုတ်ဆက်၍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယခု သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပေးသည့် ပညာရပ်များကို အခြေခံ၍ အရည်အသွေးပိုမိုတိုးတက်အောင် လုပ်ဆောင်သွားရမည် ဖြစ်ပြီး  ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို စိတ်ကောင်းစေတနာ ကောင်းဖြင့် အတော်ဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းဖြင့် မှာကြားသည်။


အဆိုပါ ဒုတိယအကြိမ် ဧည့်ဝန်ဆောင်မှုသင်တန်းကို နေပြည်တော်ရှိ Sky Palace Hotel၊ Juncation Hotel၊ သင်္ဂဟဟိုတယ်၊ Golden Land Hotel၊ Royal Lotus Hotel နှင့် တုံဂပူရိဟိုတယ်တို့တွင် ဇူလိုင်(၁၃)ရက်မှ သြဂုတ်(၂၈)ရက်အထိ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၂၇ ဦး တက်ရောက်လျက် ရှိကြောင်း သိရှိရသည်။ 

No comments:

Post a Comment