Friday, August 28, 2015

နိုင်ငံခြား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမှုကြောင့် ဒေသထွက် စားသောက်ကုန်အရောင်းဆိုင်များ အဆင်ပြေလျက်ရှိ

ကျောက်ပန်းတောင်း ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံခြားသားခရီးသည်များ ဝင်ရောက်မှုများလာသဖြင့် ကျောက်ပန်းတောင်း-ပုဂံ-ညောင်ဦးကားလမ်းတစ်လျှောက် တွင် ဖွင့်လှစ်ထားသည့် ဒေသထွက်စားသောက်ကုန်နှင့် တိုင်းရင်းဆေးဝါးပစ္စည်းအရောင်းဆိုင်များ၊ အမှတ်တရ ပစ္စည်း အရောင်းဆိုင်များမှာ လုပ်ငန်းအဆင်ပြေလျက်ရှိ ကြောင်း သိရသည်။

ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းဘေး၌ ဖွင့် လှစ်ထားသော ဆိုင်များသည် မြန်မာမှုရိုးရာဓလေ့များဖြင့် နိုင်ငံခြားသားခရီးသည်များအား ဆွဲဆောင်ကြပြီး ဆိုင်ရှေ့ ၌ နိုင်ငံခြားခရီးသွားအများစု စိတ်ဝင်စားသည့် မြန်မာမှု ရိုးရာလုပ်ငန်းများဖြစ်သော ဆီကြိတ်ခြင်းနှင့် ထန်းတက် ခြင်းများကို သရုပ်ပြထားပြီး ဆိုင်အတွင်း၌ ဒေသထွက် စားသောက်ကုန်နှင့် တိုင်းရင်းဆေးဝါးများကို ရောင်းချကြ ခြင်းဖြစ်ကြောင်း သိရသည်။
''အခုအချိန်ကတော့ ဧည့်ပါးတဲ့အချိန်ဗျ။ ဧည့်သည် အဝင်များတာက ဆောင်းတွင်းပေါ့။ အဲဒီ ပွင့်လင်းရာသီ ရက်တွေမှာဆို တစ်နေ့တစ်နေ့ကို ဧည့်ကား ၁ဝ စီးကနေ ၁၅ စီးလောက်အထိ ကျတယ်။ အဲဒီရက်တွေဆိုရင် တစ် ရက်ကို ပျမ်းမျှသုံးသိန်းဖိုးလောက် ရောင်းရတယ်။ ခုလို ရက်မှာတော့ တစ်နေ့မှ တစ်သိန်းဖိုးလောက်ပါပဲ။ တစ်ခါ တလေလည်း မရောင်းရဘူး။ သူတို့က နွားနဲ့ဆီဆုံကြိတ် တာရယ်၊ မြူအိုးတွေခါးမှာချိတ်ပြီး ယင်းထောင်နဲ့ထန်းပင် တက်တာရယ်ကို တအားစိတ်ဝင်စားကြတာ။ သူတို့ စိတ် ဝင်စားတာကို ကျွန်တော်တို့ကသရုပ်ပြပြီး ဈေးရောင်းစား ရတာပေါ့ဗျာ''ဟု ကျောက်ပန်းတောင်း-ညောင်ဦး ကား လမ်းဘေး၌ ဖွင့်လှစ်ထားသည့် ရွှေလှိုင်းတဲတိုက် ဈေး ဆိုင်တန်းရှိ ပိုင်ပဲဆီသန့်နှင့် ဒေသထွက်ကုန်အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆီဆုံနှင့်နွားဖြင့် မြေပဲဆီကြိတ်ခွဲရာတွင် တစ်ဆုံလျှင် မြေပဲဆံ လေးပိဿာထည့်၍ကြိတ်နိုင်ပြီး ကြိတ်ခွဲချိန်မှာ တစ်နာရီခွဲခန့်ကြာမြင့်ကာ တစ်ဆုံလျှင် မြေပဲဆီစစ်စစ် တစ်ပိဿာနှင့် ကျပ် ၇၅ သားရရှိကြောင်းနှင့် ပဲဖတ် နှစ်ပိသာခန့်ရရှိကြောင်း သိရသည်။ မြေပဲဆံဈေးမှာ ဆီ ကြိတ်ဆံအသန့် တစ်ပိဿာ ကျပ် ၃၅ဝဝ ပေးရပြီး ထွက် ရှိသည့်မြေပဲဆီကို တစ်ပိဿာ ကျပ် ၈ဝဝဝဖြင့် ပြန်လည် ရောင်းချပေးရကြောင်းနှင့် နိုင်ငံခြားခရီးသွားများက ဝယ်ယူမှုရှိသလို ပြည်တွင်းမှလည်း လက်ဆောင်ပေးရန်နှင့် ဆီသန့်စားသုံးလိုသူများက တကူးတက လာရောက်ဝယ်ယူ လေ့ရှိကြကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားခရီသွားဧည့်သည်များ ဝင်ရောက်မှုမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်များ ပြားလာလျက်ရှိရာ ယခုနောက်ပိုင်းနှစ်များတွင် မိုးရာသီ တွင်ပါ ဧည့်သည်မပြတ်ဘဲ နေ့စဉ်ဝင်ရောက်မှုရှိနေကြောင်း သိရသည်။ ''အရင်နှစ်တွေက ပွင့်လင်းရာသီမဟုတ်ရင် ဧည့်သည်လုံးဝမရှိသလောက်ဘဲ။ အခုဒီဘက်နှစ်တွေမှာ တော့ မိုးတွင်းလည်း ဧည့်သည်က သိပ်ပြတ်တယ်မရှိဘူး။ တစ်နေ့ကို ကားနှစ်စီးသုံးစီးတော့ ပုံမှန်လောက်လာနေ တာပဲ။ ဈေးလည်း မှန်မှန်တော့ရောင်းနေရတာပေါ့''ဟု ပိုင်ပဲဆီသန့်နှင့် ဒေသထွက်ကုန်အရောင်းဆိုင်မှ တာဝန်ရှိ သူက ပြောသည်။
အဆိုပါ လမ်းဘေးဆိုင်လေးများသည် နိုင်ငံခြားခရီးသွား များ စိတ်ဝင်စားမှုရှိသည့် ဆီဆုံလုပ်ငန်းနှင့် ထန်းတက် လုပ်ငန်းများကို ဆွဲဆောင်မှုတစ်ခုအဖြစ် လုပ်ဆောင်ပြသ ကြပြီး ဆိုင်အတွင်း၌ မြန်မာ့ဓလေ့စားစရာ လက်ဖက်သုပ်၊ ရေနွေးကြမ်း၊ ထန်းလျက်တို့ဖြင့် ဧည့်ခံကာ ဒေသထွက်စားသောက်ဖွယ်ရာများဖြစ်သည့် ထန်းလျက်၊ ဇီးထန်းလျက်၊ အုန်းထန်းလျက်၊ မြေပဲယို၊ နှမ်းယိုစသည့် စားသောက် ဖွယ်ရာများနှင့် မြန်မာ့တိုင်းရင်းဆေးဝါးများဖြစ်သည့် တောရှောက်မြစ်နှင့် အရက်ဦးရည်လိမ်းဆေး၊ သဘာဝ ဆေးမြစ်များ စသည်တို့ကို ရောင်းချကြခြင်းဖြင့် မိသားစု ဝင်ငွေ ရရှိနေကြပြီး နိုင်ငံခြားခရီးသွားလုပ်ငန်းကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

နေအောင်(iprd)

No comments:

Post a Comment