Monday, August 31, 2015

ယခုနှစ်တွင် ကမ္ဘာ့လှည့်ခရီးသည် ၅ သန်းအထိ လာရောက်မည်ဟု မျှော်မှန်း


နေပြည်တော်  သြဂုတ် ၃၁
ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် သြဂုတ် (၂၈)ရက် ညနေပိုင်းတွင် မန္တလေးမြို့Mandalay Hill Resort တွင် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မန္တလေးဒေသ၏ ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ မှာကြားသည်။

သြဂုတ်(၂၉)ရက် နံနက်ပိုင်းတွင် အင်းလေးဒေသ ညောင်ရွှေမြို့၊ ဟူပင်ဟိုတယ်ခန်းမ၌  ဌာနဆိုင်ရာများ၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့ရှိ အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ခရီးသွားလာရေးလုပ်ငန်းသည် ယခုသြဂုတ် လဆန်း ပိုင်းအထိ၊ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၀ရာခိုင်နှုန်း တိုးတက်လျက် ရှိကြောင်း၊ လာမည့် ပွင့်လင်းရာသီတွင် အခြားအဟန့်အတားများမရှိပါက ယခုထက်ပိုမို တိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ယခုအခါတွင် ကမ္ဘာလှည့်ခရီးသည် (၃)သန်း ရရှိနေပြီဖြစ်ရာ လာမည့်ပွင့်လင်းရာသီတွင် ခရီးသည်များ အရှိန် အဟုန်မြှင့် တိုးတက်ရောက်ရှိ လာမည်ဆိုပါက ၅သန်း အထိ ရရှိမည်ဟု မျှော်မှန်းနိုင်ပါကြောင်း၊ ယင်းသို့ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အခြားအထောက်အကူပြုလုပ်ငန်းများလည်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ အင်းလေးဒေသသို့ ရောက်ရှိလာကြသော ခရီးသည်များထံမှ ထိုက်သင့်သည့် ၀င်ငွေများ ရရှိနေကြပြီး ယင်းဝင်ငွေအပေါ်တွင် အင်းလေးကန် ရေရှည်ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစီအမံဖြင့် ဆောင်ရွက်နေပြီဖြစ်ရာ လုပ်ငန်းရှင်များအားလုံး အထူးအလေးထားပြီး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားပါသည်။
ထို့နောက်တက်ရောက်လာကြသူများက လိုအပ်ချက်များအား တင်ပြဆွေးနွေးသည်။
၎င်းနောက် ညောင်ရွှေမြို့နယ်၊ အင်ကြင်းကုန်းရွာအနီးတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့က အကောင်အထည် ဖော်လျက်ရှိသော အင်းလေးဟိုတယ်ဇုန်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးက ဇုန်နယ်မြေအတွင်း စီမံချက်နှင့်အညီ ဟိုတယ်များဖြစ်ထွန်းပေါ်ပေါက်လာရေး အတွက် သက်ဆိုင်ရာလုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံရှင်းလင်းပြောကြားရန် မှာကြားသည်။
ညနေပိုင်းတွင် ကလောမြို့သို့ရောက်ရှိပြီး Pine Hill Hotel တွင် ကလောမြို့ရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်မန်နေဂျာများနှင့်တွေ့ဆုံ၍ ကလောဒေသတွင်း ခရီးသွားလုပ်ငန်းတစ်စတစ်စပိုမို ဖွံ့ဖြိုးတိုးတက် လာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အတူ ဟိုတယ်နှင့်ဆက်စပ်သောလုပ်ငန်းများသည်လည်း ဖွံ့ဖြိုးလာပါ ကြောင်း ၊ သို့ရာတွင် ဟိုတယ်များလိုအပ်သည် ထက် ပိုမိုတည်ဆောက်ခြင်း စပ်လျဉ်း၍  ကြိုတင် တွက်ဆပြီးမှ ဆောင်ရွက်ကြရန် မှာကြားသည်။

၎င်းနောက် တက်ရောက်လာကြသူများ၏ တင်ပြဆွေးနွေးကြမှုအပေါ်တွင် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ 

No comments:

Post a Comment