Friday, August 28, 2015

မြန်မာ့တပ်မတော် အနေဖြင့် နှစ်နိုင်ငံ တည်ငြိမ်ရေး အတွက် အမြဲတမ်း ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိ

နေပြည်တော် ဩဂုတ် ၂၇
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် 3th Thailand-Myanmar High Level Committee Meeting တက်ရောက်ရန် ယနေ့ နံနက် ၇ နာရီ ၃၅ မိနစ်တွင် မြန်မာ့ တပ်မတော် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ၁၀ နာရီတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိကြသည်။


ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထိုင်းအစိုးရ အဖွဲ့ရုံးသို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိကြပြီး ထိုင်းဝန်ကြီးချုပ် General Prayut Chan-O-Cha အား တွေ့ဆုံနှုတ်ဆက်သည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နှစ်နိုင်ငံ တပ်မတော်များ၏ ချစ်ကြည် ရင်းနှီးမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် TBC, RBC, HLC အစည်းအဝေးဆိုင်ရာ ကိစ္စရပ်များကို အိမ်နီးချင်း နိုင်ငံများကလည်း စိတ်ဝင်စားကြကြောင်း၊ မြန်မာနိုင်ငံ၌ ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လအတွင်း သဘာဝ ရေဘေးအန္တရာယ် ဖြစ်ပွားခဲ့ပြီး ရေဘေးသင့် ပြည်သူများ အတွက် ထိုင်းနိုင်ငံ အစိုးရမှ ဘတ်ငွေ ၁၈ သန်းနှင့်ပစ္စည်းများ ပေးပို့လှူဒါန်းခြင်း၊ ဆေးအကာ အကွယ်ပေးရေးအဖွဲ့များ စေလွှတ် ပေးခြင်းများ အတွက် ကျေးဇူးတင်ရှိ ကြောင်း၊ ဩဂုတ် ၁၇ ရက်က ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ဗုံးပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားရခြင်း အတွက် ထိုင်းပြည်သူများနှင့်အတူ အံ့ဩ တုန်လှုပ် စိတ်မကောင်း ဖြစ်ရကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့် နှစ်နိုင်ငံ တည်ငြိမ်ရေး အတွက် အမြဲတမ်းပူးပေါင်း ဆောင်ရွက်ကြရန် ဆန္ဒရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ထိုင်းဝန်ကြီးချုပ်က ထိုင်းအစိုးရ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများကို အားပေးလျက် ရှိကြောင်း၊ တစ်ဖက်နိုင်ငံကို ဆန့်ကျင်သော အဖွဲ့အစည်းများကို အားမပေးကြောင်း၊ မြန်မာနိုင်ငံ၏ ရေဘေးကိစ္စရပ်များ အတွက် ထိုင်းအစိုးရ အနေဖြင့် ဝမ်းနည်းပါကြောင်း၊ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများသည် အရေးကြီးကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး အရှိန်အဟုန်သည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် စက်မှုဇုန်များ ဖွင့်လှစ်ရန် ထိုင်းနိုင်ငံဘက်မှ အဆင်သင့်ဖြစ်နေပြီး မကြာမီ မြန်မာနိုင်ငံ ဘက်ခြမ်းတွင် ဖွင့်လှစ်နိုင်ရန် မျှော်လင့်ပါကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ရေးကိုလည်း နှစ်နိုင်ငံ အရှိန်အဟုန်မြှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ နယ်စပ်လုံခြုံရေးကို ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒေသစံတော်ချိန် ယနေ့မွန်းလွဲ ၂ နာရီတွင် ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌ General Prem Tinsulanonda အား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နေအိမ်၌ သွားရောက် ဂါရ၀ပြု တွေ့ဆုံသည်။

ယင်းနောက် ဒေသစံတော်ချိန် ည ၇ နာရီတွင် ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ်သို့ ရောက်ရှိပြီး မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် မြန်မာ ကျောင်းသားများ အတွက် လက်ဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ပညာသင် ချီးမြှင့်ငွေများ ပေးအပ်ရာ သံအမတ်ကြီး၊ စစ်သံမှူးနှင့် တာဝန်ရှိသူများမှ လက်ခံရယူကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့အား သံရုံးနှင့် စစ်သံရုံး မိသားစုများက ညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment