Friday, August 28, 2015

ဂျပန် အာကာသယာဉ်မှူး၏ အာကာသ အတွေ့အကြုံ ဟောပြောပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၇
ဂျပန်နိုင်ငံ၊ Association of Space Explorers ၏ အကြီးအမှူးနှင့် World Astronauts Congress ၏ ဥက္ကဋ္ဌဖြစ်သူ ဂျပန် အာကာသယာဉ်မှူး၊ Mr. Soichi Noguchi ၏ အာကာသ အတွေ့အကြုံ ဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပသည်။  

အခမ်းအနားတွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဘရွှေက ယနေ့ ဟောပြောပွဲ အခမ်းအနားသည် မြန်မာ- ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်စေရေး၊ မြန်မာနိုင်ငံတွင် လေကြောင်းနှင့် အာကာသ နည်းပညာ အသုံးပြုမှု ဖွံ့ဖြိုးတိုးတက် လာစေရေး  အထောက်အကူ ပြုစေရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့်‌ နည်းလမ်းများနှင့် အတွေ့အကြုံများ ရရှိစေရန်၊ ပညာရေး မြှင့်တင် ပြောင်းလဲမှုများကို အထောက်အကူ ဖြစ်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်မှု၊ နိုင်ငံတော် လုံခြုံမှုနှင့် သဘာဝ ဘေးအန္တရာယ်များကို ကြိုတင် သိရှိနိုင်ရေး၊ ကာကွယ်ရေး၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးတို့ အတွက် အာကာသ နည်းပညာ အသုံးပြုမှု ဖွံ့ဖြိုး တိုးတက်ရေး သည်လည်း မဖြစ်မနေ လိုအပ်ချက် တစ်ရပ်အဖြစ် ရှိလာသည့် အတွက် နိုင်ငံတော် အနေဖြင့် အာကာသ နည်းပညာ အသုံးပြုမှု ဖွံ့ဖြိုး တိုးတက်ရေး၊ ဂြိုဟ်တု နည်းပညာ ပိုင်ဆိုင်ရေးတို့အတွက် အာကာသဆိုင်ရာ မူဝါဒများ၊ ရည်မှန်းချက်များနှင့် ရေတိုရေရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက် သွားရန် ရှိပါကြောင်း၊ အာကာသ နည်းပညာ အသုံးပြုမှုနှင့် ဂြိုဟ်တု နည်းပညာ ပိုင်ဆိုင်နိုင်မှု အတွက် ဆောင်ရွက်ရာတွင် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ၊ သုတေသနများကိုလည်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့်အတူ အားလုံးက လက်တွဲပူးပေါင်း ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ် အာကာသနည်းပညာ အသုံးပြုမှု ဖွံ့ဖြိုး တိုးတက်ရေး ရှေ့ဆက် ဆောင်ရွက် သွားမည့် အစီအစဉ်များအတွက် ယနေ့ ဟောပြောပွဲမှ အထောက် အကူပြုမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဂျပန် အာကာသယာဉ်မှူး Mr. Soichi Noguchi က အာကာသခရီး အတွေ့ အကြုံများနှင့် ဗဟုသုတများအား ဆွေးနွေး ရှင်းလင်း ပြောကြားသည်။

အဆိုပါ အာကာသ အတွေ့အကြုံ ဟောပြောပွဲ အခမ်းအနားသို့ ဝန်ကြီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၀၀၀) ကျော် တက်ရောက် ခဲ့ကြသည်။

No comments:

Post a Comment