Friday, August 28, 2015

ရေဘေးသင့် ပြည်သူများတွက် နိုင်ငံတကာ အဖွဲ့အစည်းများမှ အလှူငွေများ ဆက်သွယ်လှူဒါန်း

နေပြည်တော် ဩဂုတ် ၂၇
အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီသို့ နိုင်ငံ/ အဖွဲ့အစည်းများက ပြန်လည် ထူထောင်ရေး လုပ်ငန်း စဉ်များတွင် ပါဝင် ကူညီနိုင်ရေး ဆက်သွယ် ဆောင်ရွက်လျှက် ရှိရာ အဖွဲ့ဝင် (၂၅)ဦး ပါဝင်သည့် ထိုင်းတပ်မတော် ဆေးဝါး ကုသရေးအဖွဲ့သည် ဩဂုတ်(၂၇)ရက်မှ စက်တင်ဘာ (၄)ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ပြီး ဧရာဝတီ တိုင်းဒေသကြီး အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆွစ်ဇာလန်နိုင်ငံမှ အရေးပေါ် ထောက်ပံ့ရေး အကူအညီ အဖြစ် အမေရိကန်ဒေါ်လာ(၆၂၇၀၀၀)သုံးစွဲရန် ခွဲဝေချထားကြောင်း၊ ၎င်းအလှူငွေများအား နိုင်ငံတကာ ကြက်ခြေနီ ကော်မတီနှင့် ပြည်တွင်း ပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ တစ်ဆင့် ထောက်ပံ့သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ၎င်းတို့သည် ဘီးလင်းသို့ ကျိုက်ထိုမြို့များရှိ ရေဘေးသင့် ပြည်သူ (၃၉၀၀)ထံသို့ အစားအသောက်နှင့် သောက်ရေသန့်များအား မော်လမြိုင်မြို့တွင် အခြေစိုက်သည့် ဆွစ်ဇာလန် အစိုးရ၏ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အဖွဲ့မှတစ်ဆင့် သွားရောက် လှူဒါန်းပြီး ဖြစ်ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံမှ Join Together  Society (JTS) အမည်ရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းကလည်း မြန်မာသံရုံး ဆိုးလ်မြို့မှတစ်ဆင့် အမေရိကန်ဒေါ်လာ (၁၀၀၀၀) လှူဒါန်းလာသဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမျိုးသား သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီသို့ ဩဂုတ် (၂၆)ရက်တွင် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ပေးအပ်ရမည့် အရေအတွက်သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံပေါင်း(၃၁)နိုင်ငံ၌ လူပေါင်း(၇၆)သန်း ဖြစ်သော်လည်း ၂၀၁၅ ခုနှစ် ဇွန်လတွင် နိုင်ငံပေါင်း(၃၇)နိုင်ငံ၌ လူပေါင်း (၇၈ ဒသမ ၉)သန်းအထိ တိုးမြှင့်လာကြောင်း၊ ICRC ၊ IFRC ၊ MSF ၊ ကုလသမဂ္ဂ အဖွဲ့အစည်းအတွင်းနှင့် ပြင်ပမှ လှဒါန်းသော စုစုပေါင်း ရန်ပုံငွေမှာ အမေရိကန်ဒေါ်လာ (၁၁ ဒသမ ၅) ဘီလီယံဖြစ်ရာ ၂၀၁၄ ခုနှစ်တွင် ရရှိငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၃ ဒသမ ၂) ဘီလီယံနှင့် နှိုင်းယှဉ်လျှင် နည်းပါးကြောင်း၊ မြန်မာနိုင်ငံအတွင် ရန်ပုံငွေလိုအပ်မှုသည် အမေရိကန်ဒေါ်လာ (၁၈၉ ဒသမ ၅)သန်း ဖြစ်သော်လည်း (၄၁) ရာခိုင်နှုန်းဖြစ်သော (၇၇ ဒသမ ၄)သန်းသာ ရရှိထားကြောင်း OHCHA မှ လူသားချင်း စာနာ ထောက်ထားမှု လုပ်ငန်းများအတွက် ရန်ပုံငွေရရှိ/ လိုအပ်မှုများနှင့် စပ်လျဉ်း၍ ဩဂုတ် (၁၉)ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment