Saturday, August 29, 2015

ဟားခါးမြေပြိုမှုဖြစ်စဉ် သစ်တောပြုန်းတီးမှုနှင့် မိုးများမှုတို့ ပါဝင်



ချင်းပြည်နယ် ဟားခါးမြို့၌ ဇူလိုင်တတိယပတ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ကာ လူနေအိမ်၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနှင့် လမ်း၊ တံတားများ ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

ဟားခါးမြို့ မြေပြိုကျမှုဖြစ်စဉ်နှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ပညာရှင်များသည် ဩဂုတ်လ ၁၇ ရက်က လေ့လာစမ်းသပ်မှုများပြုလုပ်နိုင်ရန် သွားရောက်ခဲ့ကြသည်။ ဟားခါးမြေပြိုမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း (ဗဟိုကော်မတီဝင်) ရန်ကုန်နည်းပညာတက္ကသိုလ် ဘူမိအင်ဂျင်နီယာဌာန (ဧည့်ပါမောက္ခ) ဆရာဦးကျော်ထွန်းနှင့် သွားရောက်တွေ့ဆုံ၍ မေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ရပါသည်။
မေး ။ ဟားခါးမြို့မြေပြိုလို့ပါသွားတဲ့ ရပ်ကွက်တွေကို လူနေထိုင်ရန်သင့်-မသင့် ဘယ်လိုသတ်မှတ် ထားပါသလဲ၊ နေထိုင်ရန်မသင့်ဘူးဆိုရင် ဘယ်နေရာ တွေမှာ နေထိုင်ဖို့သင့်တယ်လို့ သတ်မှတ်သွားမလဲ။
ဖြေ ။ မြေပြိုတဲ့အဓိကနေရာကတော့ ဟားခါးမြို့ ဟောင်း ရပ်ကွက်နဲ့ ဈေးဟောင်းရပ်ကွက်တွေမှာ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ အထူးသဖြင့် ဒေသအခေါ် ရုန်းတောင်ခြေမှာရှိတဲ့ ရပ်ကွက်တွေက အတော်လေး မြေပြိုတဲ့ဒဏ်ကြောင့် အထိနာတာတွေ့ရတယ်။
မြေပြိုတဲ့နေရာတွေကို ကြည့်တဲ့အခါ ရုန်းတောင်က တည့်တည့်ဆင်းလာတဲ့နေရာတွေက ပမာဏလည်းကြီးတယ်၊ တောင်ကပြိုလာတယ်၊ ကျိုးပဲ့အစတွေ၊ မြေသား ကျောက်သားအစတွေနဲ့ ဖုံးသွားတဲ့ အတွက်ကြောင့် အဲ့ဒီလိုနေရာမျိုးကတော့ မပြုပြင်ဘဲနဲ့တော့ နေလို့ရမယ့် အခြေအနေမရှိဘူး။ ပြုပြင်မယ် ဆိုလည်း စရိတ်က တော်တော်လေး အကုန်အကျများတယ်။ ဒီ့အတွက်ကြောင့် ပိုပြီးအန္တရာယ်ကင်းလုံခြုံတဲ့ နေရာရွေးပေးပြီး ပြောင်းရွှေ့ပေးရင်ကောင်းပါတယ်။ ပြိုသွားတဲ့နေရာတွေက ဘယ်လောက်အကျယ်အဝန်း ရှိတယ်ဆိုတာ တိုင်းတာပြီး မြေပုံပေါ်တင်နေတယ်။
ပြီးရင် ဇုန်တွေခွဲမယ်၊ ဘယ်ဇုန်ကပြောင်းလို့ရမယ်၊ ဘယ်ဇုန်က နည်းနည်းပါးပါးပြုပြင်ပြီး ဆက်နေလို့ရမယ်ဆိုတာ လုပ်နေပါတယ်။
မေး ။ မြေပြိုတဲ့နေရာတွေမှာပဲ တိုင်းတာစစ်ဆေးမှု တွေလုပ်တာလား၊ တခြားနေရာတွေရော လုပ် သေးသလား သိပါရစေ။
ဖြေ ။ အကောင်း ပကတိရှိတဲ့ နေရာတွေကိုလည်း လိုက်ကြည့်တယ်။ အပြင်ပန်းကကြည့်ရင် အိမ်ပြိုတာ၊ လမ်းပြိုတာ မရှိပေမယ့် မြေပြိုမှု အရှိန်ကြောင့် အက်ကွဲကြောင်းလေးတွေတော့ ရှိတယ်။ သိပ်ပြီးမကြီးမားတဲ့ အတွက်ကြောင့် ပြုပြင်လို့ရတဲ့နည်းလမ်းတွေ ရှိတယ်။ အထူးသဖြင့် မိုးများလို့ မိုးရေကြောင့် ဖြစ်တာတို့၊ ဆင်ခြေလျှော မတ်စောက်လို့ ဖြစ်တာတို့ ရှိတာကြောင့် နံရံထိန်းတွေ ဆောက်ပြီး ဆက်လက်နေထိုင်လို့ ရတဲ့အခြေအနေမျိုးတွေ ရှိပါတယ်။
မေး ။ ဟားခါးမြို့ ရုန်းတောင်ပြိုကျတာနဲ့ပတ်သက် ပြီး ဘူမိဗေဒအမြင်နဲ့ ရှင်းပြပေးစေချင်ပါတယ်။
ဖြေ ။ မိုးရွာတဲ့ပမာဏက ဒေသခံတွေပြောပြချက်အရ တစ်ပတ်အတွင်းမှာပဲ လက်မ ၃၀ ကျော် ရွာတယ်။ တစ်နှစ်ပတ်လုံး ရွာနေတဲ့ မိုးရေတစ်ဝက်လောက်က တစ်ပတ်အတွင်းရွာလိုက်တာပါ။ မြေပြိုတဲ့ အဓိကအကြောင်းရင်းက မိုးရေကြောင့်ဆိုတဲ့ အချက်က ထိပ်ကပါနေပါတယ်။ မြေသား မြေဆီလွှာပေါ် မိုးရေဝင်သွားတဲ့အခါ ကျွန်တော်တို့အခေါ် အောင်းရေဖိအားစုပြီး တက်လာတယ်။ တက်လာတဲ့အချိန်မှာ သူ့ရဲ့ တွန်းချအားက တအားများလာတယ်။ မြေပြင်ပေါ်မှာ မြေဆီလွှာ သဘောက အမြဲတမ်းလိုလို တွန်းချအား၊ တွန်းကန်အား ရှိတယ်။ တွန်းချအား ပိုတဲ့အခါ မြေပြိုတော့တာပဲ။ မြေသားကလည်း ဘူမိဗေဒ အမြင်နဲ့ ကြည့်တဲ့အခါ ဒီနေရာက လူတွေ မနေထိုင်ခင် ကတည်းက မြေပြိုပြီးသားနေရာဆိုတာ သိခဲ့ရတယ်။ ဒါကို ဒေသခံတွေ မသိကြဘူး။ သူတို့က နေလို့ရတယ်ဆိုပြီး နေနေကြတာ၊ အဓိက ပြိုသွားတဲ့ နေရာကလည်း အတိတ်ကလူတွေ မနေခင် အချိန်က ပြိုပြီးသားမြေ ဖြစ်တယ်။ ဒါတော်တော် အရေးကြီးတဲ့ အချက်ပါပဲ။
မေး။ ချင်းတောင်တန်းတွေက ဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာ သိပါရစေ။
ဖြေ။ ထုံးစံအရ တောင်တန်းအပေါ်က မြေဆီလွှာပေါ့။ အတွင်းမှာက အမာခံကျောက်တွေ ရှိတယ်။ မြေဆီလွှာ ဘယ်လောက်ထူလဲ၊ မြေဆီလွှာ ထိန်းသိမ်းတဲ့ သစ်တောရှိလား၊ အထူးသဖြင့် မိုးများတဲ့အခါကျရင် မြေဆီလွှာ မပြုန်းတီးအောင် ထိန်းတာ၊ သစ်တောတွေက ထိန်းတာ၊ တစ်နိုင်ငံလုံးမှာလည်း သစ်တောပြုန်းတီးမှု အလွန်များတယ်။ အပေါ်မြေဆီလွှာတိုက်စားတော့ မြေသားတွေ အောက်ဆင်းလာပြီး တောင်ပြို မြေပြိုတာပါ။ အောက်ဘက်မှာက ကျောက်မာရှိတယ်၊ အပေါ်မှာ မြေဆီလွှာရှိတယ်၊ ကျောက်သားတွေက တဖြည်းဖြည်း ဆွေးမြည့်ပြီး မြေဆီလွှာဖြစ်လာတယ်။ ဒါကြောင့် အပင်ပေါက်နိုင်တာပါ၊ မြေဆီလွှာက တိုက်စားမှုများပြီး ကျောက်သားတွေ ပေါ်လာရင် အပင်ပေါက်ဖို့ အခက်အခဲ ရှိလာမယ်၊ ချင်းတောင်တန်း တစ်ခုလုံးက အောက်ခံ ကျောက်သား၊ ကျောက်သားပေါ်မှာ မြေဆီလွှာရှိတယ်။ မြေဆီလွှာက ကျောက်သားထက်စာရင် ဂုဏ်သတ္တိနည်းပါတယ်။ အောက်ခံကျောက် ရှိတဲ့အတွက် နည်းနည်း ခံနိုင်ရည်ရှိတာပါ။ ပြန်ပြီးနေရာချထားပေးမယ် ဆိုရင် အဲလိုနေရာမျိုးများများရွေးမယ်။ အောက်ခံ ကျောက်သားလည်း ရှိတယ်၊ မြေဆီလွှာလည်းရှိမယ့်နေရာပေါ့၊ နောက်ဆင်ခြေလျှောတွေ သိပ်မမတ်စောက်တဲ့ နေရာတွေကိုလည်း သေချာလိုက်ရွေးပါတယ်။
မေး ။ မြေပြိုတာတွေ စမ်းသပ်စစ်ဆေးတဲ့အခါ ဒေသခံတွေရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ဒေသခံတွေက သူတို့ရဲ့ ထင်မြင်ချက်တွေတော့ ပြောကြတယ်။ အဓိကမိုးများလို့ ဖြစ်တာပါ။ မိုးရေမှာလည်း သဲသဲမဲမဲရွာတဲ့မိုးရေကြောင့်ပါ၊ တချို့နိုင်ငံတွေမှာ တောင်တန်းဒေသတွေမှာ ဘာလုပ် ပေးထားသလဲဆိုရင် မိုးရာသီဆို အဲဒီတောင်တန်းဒေသတွေရဲ့ မိုးရေချိန် ဘယ်နှလက်မဆို တောင်ပြိုနိုင်တယ်ဆိုပြီး စံသတ်မှတ်ထားတဲ့နှုန်း ရှိတယ်။ အဲဒီသတ်မှတ်ချက်ကျော်ရင် သတိပေးပြီး လူတွေကို ရွှေ့ပြောင်းခိုင်းတယ်။ အဲဒီလိုအလေ့အကျင့်မျိုး၊ အစီအမံမျိုးတွေ တောင်တန်းဒေသတွေမှာလုပ်ပေးဖို့ကောင်းတယ်။
မေး ။ ဟားခါးမြို့ မြေပြိုတာနဲ့ပတ်သက်ပြီး အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မြို့ပြောင်းရွှေ့ ရမယ်ဆိုပြီး အသံတွေထွက်နေတယ်။ အဲဒီ့အပေါ် ဆရာ့အမြင်သုံးသပ်ပေးပါဦး။
ဖြေ ။ သူတို့ပြောတဲ့အထဲမှာလည်း တကယ့်ကို ခိုင်မာတဲ့ အခြေခံ အချက်အလက် မရှိဘဲနဲ့ တစ်ဆင့်စကား ကြားပြီးတော့ ပြန်ချဲ့ကား ပြောတဲ့အတွက် ဒေသခံတွေ စိုးရိမ်ပြီး ကြောက်စရာ ဖြစ်တာပေါ့။ ဟားခါးတစ်မြို့လုံး မဟုတ်ပါဘူး။ မြို့သစ်ရပ်ကွက်ကဆိုရင် နည်းနည်းပါးပါး ဖြစ်တဲ့နေရာတွေကိုပြုပြင်ပြီး နေထိုင်လို့ရမယ်။ မြို့ဟောင်း ရပ်ကွက် ကတော့ တောင်ကြီးပတ်ပတ်လည် မှာရှိတဲ့အတွက် အခြေအနေဆိုးခဲ့တယ်။ ကောင်းတဲ့ နေရာတွေလည်း ကျန်ခဲ့တယ်။ ပြင်ပကစကားတွေကို ပြည်သူက မယုံဖို့ အရေးကြီးတယ်။ ကျွန်တော်တို့ ကြည့်တဲ့အခါ ဟားခါးမြို့ မြို့ဟောင်းရပ်ကွက်နဲ့ ဈေးဟောင်းရပ်ကွက်ပဲ အခြေအနေဆိုးခဲ့တယ်။
မေး ။ မြေပြိုမှုတွေနဲ့ပတ်သက်ပြီး ဖြစ်ပွားမှုနည်းပါးအောင် ဘယ်လိုကာကွယ်ရမလဲ။
ဖြေ ။ မြေပြိုမှုတွေက ၁၉၉၀ နောက်ပိုင်းမှာ ပိုဖြစ်လာတယ်။ ဘာနဲ့စပ်ဆက် နေသလဲဆိုတော့ သစ်တော ပြုန်းတီးမှု များလာတာနဲ့ ဆက်စပ်နေတယ်။ သူတစ်ခုတည်း ပုံချလို့တော့ မရဘူး။ တချို့ တောင်ယာခုတ် မီးရှို့တာ၊ မီးသွေးဖုတ်ဖို့ သစ်ပင်ခုတ်တာတို့ ဒါတွေ မတားဆီးနိုင်တဲ့အတွက် မြေသားကို ထိန်းသိမ်းမယ့် အပင်က မရှိတဲ့အတွက်ကြောင့်ပါ။ အပင်ရှိတဲ့အခါ မိုးရွာရင် အပင်ကတစ်ဆင့်ခံထားတယ်၊ အောက်ကိုလည်းကြွေကျတဲ့ သစ်ရွက်တွေကတစ်ဆင့် ခံထားတော့ ဒိုင်းသဖွယ် အကာအကွယ်ပေးထားတယ်။ မြေပင်ထိန်းသိမ်းမှုက အတော်လေး ကောင်းနေတယ်၊ အဲဒီလိုဟာမျိုးတွေမရှိတဲ့ အတွက် မိုးများတဲ့အခါ မိုးရေက အတားအဆီးမရှိ စီးဆင်းတဲ့အတွက်ကြောင့် မြေဆီလွှာတိုက်စားမှုတွေ အလွန်များလာတယ်။ ဒါကို ထိန်းသိမ်းဖို့ဆိုရင် အပင်တွေ များများ စိုက်ရမယ်။ စီးဆင်းလာတဲ့မိုးရေကိုလည်း လမ်းတို့၊ တံတားတို့ရှိရင် တည့်တည့်မဖြတ်အောင် ရေနုတ်မြောင်းတွေ ရေဆင်းကောင်းအောင် စနစ်တကျလုပ်ပေးမယ်။ ဆင်ခြေလျှောနေရာတွေမှာ အမြင့်ရှည် နှစ်ရှည်ခံ ချက်ချင်း ကြီးထွားမယ့် အပင်တွေကိုရှာဖွေပြီး စိုက်မယ်။ တခြားနိုင်ငံတွေမှာဆို အပင်စိုက်ပြီး ဆင်ခြေလျှောထိန်းသိမ်းတဲ့ နည်းပညာတွေပေါ်နေတဲ့အတွက်ကြောင့် အဲဒီလိုမျိုးလုပ်ပေးမယ်ဆိုရင် မြေပြိုသက်သာ ပါတယ်။
မေး ။ မြန်မာနိုင်ငံမှာ မြေပြို၊ တောင်ပြိုမှုတွေရှိခဲ့ဖူးသလား၊ ရှိခဲ့တယ်ဆိုရင် သိပါရစေ။
ဖြေ ။ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့ဖူးတယ်။ မှတ်တမ်းတွေကို ကြည့်မယ်ဆိုရင် တနင်္သာရီ၊ ရှမ်းပြည်နယ်၊ မိုးကုတ်၊ ပဲခူးရိုးမ၊ ရခိုင်ဘက်တွေမှာ ပြိုခဲ့တာတွေရှိခဲ့တယ်၊ တနင်္သာရီဘက်ဆို ရွာလုံးကျွတ် မြုပ်သွားတာတွေ၊ အသေအပျောက်တွေရှိခဲ့တယ်။ ချင်းပြည်နယ်မှာ ကံကောင်းတာက လူတွေကို လွတ်ရာကို ရွှေ့ပြောင်း ပေးနိုင်တဲ့ အတွက် အသေအပျောက်မရှိခဲ့ဘူး။
မေး ။ ဟားခါးမြို့ မြို့ဖွဲ့စည်းပုံနဲ့ အိမ်တွေတည်ဆောက် ထားပုံက ဘူမိဗေဒအမြင်နဲ့ ဘယ်လိုမြင် သလဲဆိုတာ သိပါရစေ။
ဖြေ ။ ဒေသနဲ့ ရိုးရာအလျောက် တောင်တွေမှာအားပြုပြီး မြေပြင်ကိုပြုပြင်ထိန်းသိမ်းမှုမရှိဘဲ သဘောသဘာဝ ရှေးရိုးအစဉ်အလာအတိုင်း ဆောက်တဲ့အတွက် ရေဆင်းစနစ်က စနစ်တကျ မရှိဘူး၊ လမ်းတွေကလည်း စနစ်တကျ မရှိဘူး။ အဓိကဖြစ်တာက ရေဆင်းစနစ်ပါ။ ရေဆင်းစနစ်အတွက် သေသေချာချာလုပ်ပေးဖို့ လိုတယ်။ ဆင်းလာတဲ့ရေကို မြောင်းတွေ၊ ပိုက်တွေနဲ့ အောက်ချောင်းထဲရောက်အောင် လုပ်ထားတာမရှိဘူး။ မြို့အနေအထားကလည်း တောင်စောင်းတွေမှာ အိမ်တွေဆောက်ကြရတဲ့အတွက် လမ်းတွေကလည်း ကွေ့ကွေ့ကောက်ကောက် တွေ့ရတယ်။
မေး ။ လေ့လာစစ်ဆေး တွေ့ရှိချက်အစီရင်ခံစာအပေါ် ဘယ်လို ဆက်လက်ဆောင်ရွက်သွားမလဲ။
ဖြေ ။ အစီရင်ခံစာကို သက်ဆိုင်ရာ ချင်းပြည်နယ် အစိုးရအဖွဲ့ကိုတင်မှာပါ။ သတ္တုတွင်းဝန်ကြီးဌာန ဘူမိဗေဒသတ္တု ရှာဖွေရေးဌာနက အဖွဲ့တွေနဲ့ပူးပေါင်းပြီး သူတို့ရတဲ့ အချက်အလက်နဲ့ ကျွန်တော်တို့ ရတဲ့ အချက်အလက် ပေါင်းရေးပြီး အစီရင်ခံစာတင်မယ်။ ပြည်သူလူထုက လိုအပ်လို့ရှင်းပြပါဆိုရင်လည်း သွားရှင်းပြပေးမယ်။ ကယ်ဆယ်ရေး စခန်းမှာနေရတဲ့ သူတွေကလည်း ရေရှည်မနေချင်ကြဘူး။ ကိုယ့်အိမ်ကိုယ့်ယာပဲ ပြန်ချင်တယ်။ ပြန်လည် နေရာချထားမယ်ဆိုရင်လည်း နေရာချထားစေချင်ကြပြီ။ ကျွန်တော်တို့မှာက အများကြီး ထည့်စဉ်းစားရတယ်။ ပြန်လည်နေရာ ချထားမယ့်နေရာကိုလည်း သေသေချာချာ စိစစ်ပြီး ရွေးနေရတယ်။ ချင်းပြည်နယ် တစ်ခုလုံးက တောင်တန်းဒေသ ဖြစ်တဲ့အတွက် ရာနှုန်းပြည့် အကောင်းကြီး မဟုတ်တောင် အကောင်းဆုံး နေရာကို ရွေးနေတယ်။ ဒါကိုလည်း Town Plan ကို အသေအချာဆွဲပြီးလုပ်ရမယ်။ ဗိသုကာ ပညာရှင်တွေ ကလည်း ကူညီမယ်၊ ဗိသုကာပညာရှင် တစ်ယောက်ကတော့ ဟားခါးကို တက်သွားပြီ၊ သူ့ဆီကလည်း အကူအညီတွေရမယ်။
မေး ။ မြေပြို၊ တောင်ပြို၊ ကမ်းပြိုမှုရဲ့ကနဦးလက္ခဏာတွေကို ရှင်းပြပေးပါဦး။
ဖြေ ။ မိမိနေတဲ့ တောင်ပေါ် ကိုယ့်ပတ်ဝန်းကျင်ကို အမြဲစူးစမ်း လေ့လာဖို့လိုတယ်။ မြစ်ကမ်းပါးပြိုတာ၊ တောင်ပြိုတာ၊ မုန်တိုင်းတိုက်တာက ခန့်မှန်းလို့ရတယ်။ ငလျင်လှုပ်တာက ဘယ်တော့လှုပ်မယ်ဆိုတာ ပြောလို့မရဘူး။ မြေပြို၊ ကမ်းပြိုမယ်ဆိုရင် လက္ခဏာတွေ ပေါ်လာတယ်။ တောင်ပေါ်တွေမှာဆိုရင် သစ်ပင်တွေက ယိုင်ပြီးဆင်းလာတယ်။ မြေပြင်ပေါ်မှာ အက်ကွဲကြောင်းတွေ ပေါ်လာတယ်၊ တောင်ပေါ်က ကျောက်တုံးလေးတွေ ပြုတ်ကျလာတယ်၊ တောင်စောင်းမှာရှိတဲ့ အိမ်တွေ ယိုင်လာတယ်။ တံခါးပိတ်လို့မရဘူး၊ ကွန်ကရစ်တွေဆို အက်ကွဲကြောင်းတွေ ပေါ်လာတယ်။ အဲဒီလို နိမိတ်လက္ခာဏာတွေ ပြလာရင် သတိထားရမယ်။ ကမ်းပြိုမယ် ဆိုရင်လည်း အက်ကွဲကြောင်းတွေ ပေါ်လာတယ်။ ပြုပြင်ထိန်းသိမ်းတဲ့ နည်းပညာတွေကလည်း ပေါ်နေပြီ။ လုပ်လို့မရတဲ့ နေရာမရှိဘူး၊ အဓိက ဘယ်လောက် အကုန်အကျခံနိုင်မလဲ ဆိုတာပါ။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်။
တွေ့ဆုံမေးမြန်း - မင်းသစ်

ဓာတ်ပုံ-နေလင်း (သတင်းစဉ်)

No comments:

Post a Comment