Thursday, July 30, 2015

စီးပွားရေးအခွင့်အလမ်းများပေါ်ထွက်လာမည့် အီရန်၊ကျူးဘားနှင့်မြန်မာ



လွန်ခဲ့သည့် သီတင်းနှစ်ပတ်ကျော်က နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အကြီးမားဆုံး လူမှုတိုးတက်မှု တစ်ခုပေါ်ထွက်လာခဲ့သကဲ့သို့ ဆုတ်ယုတ်မှုတစ်ခု လည်း ထွက်ပေါ်လာခဲ့သည်။ ဥရောပငွေကြေးဇုန်မှ ဂရိနိုင်ငံ နုတ်ထွက်မည့်အရေးမှ တားဆီးနိုင်ခဲ့သော် လည်း ဖြေရှင်းရမည့်ပြဿနာမှာ ကြီးကြီးမားမား ရှိနေဆဲဖြစ်သည်။ ယင်းမှာ
ဆုတ်ယုတ်မှုတစ်ခုဖြစ်သည်။ နောက်တစ်ခုမှာ အီရန်နှင့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံမှ ကိုယ်စားလှယ်များသည် သမိုင်းဝင် နျူကလီးယားသဘောတူညီချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြသည်။ ယင်းသဘောတူညီချက်သည် အီရန် နိုင်ငံကို လာမည့် ၁ဝ နှစ် ၁၅ နှစ်အတွင်း နိုင်ငံတကာ အသိုင်း အဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်မည့် အလားအလာရှိနေသည်။
အမေရိကန် သမ္မတဘားရက်အိုဘားမားသည် အီရန်နျူကလီးယား သဘောတူညီချက်ရရှိရေးအတွက် အမေရိကန်ကွန်ဂရက်နှင့် အစ္စရေးအစိုးရတို့ကို အတိုက်အခံပြုဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။ အီရန် သည် ကြီးမားသည့် ဈေးကွက်တစ်ခုဖြစ်လာမည်မှာ သံသယရှိစရာမလိုသော်လည်း စေ့စပ်ညှိနှိုင်းမှုတွင် စိန်ခေါ်မှုများရှိနေဆဲဖြစ်သည်ကို သတိပြုရမည် ဖြစ်သည်။ လွန်ခဲ့သည့် အောက်တိုဘာလက အီရန်နှင့် အနောက်အုပ်စု စီးပွားရေးခေါင်းဆောင်များသည် ပထမဆုံးအကြိမ် ဥရောပ-အီရန်ဆွေးနွေးပွဲကျင်းပ ခဲ့ပြီး နိုင်ငံတကာနှင့်ကုန်သွယ်မှု ပြန်လည်စတင်နိုင် မည့်အရေးနှင့်ပတ်သက်၍ အလားအလာများ ကို ဆွေးနွေး ခဲ့ကြသည်။
ဆယ်စုနှစ်တစ်ခုအတွင်း အီရန်ခေါင်းဆောင် တစ်ဦးအနေဖြင့် သမ္မတဟက်ဆန်ရိုဟာနီ ပထမဆုံး အကြိမ် မိန့်ခွန်းပြောကြားခွင့်ရရှိသော ဒါဗို့စ်မြို့တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍနှစ်ခုစလုံးတွင် အပြုသဘောဆောင် သည့်ထောက်ခံအားပေးမှုများရှိခဲ့သည်။ အီရန်နိုင်ငံ သည် ကမ္ဘာ့ စီးပွားရေးလုပ်ငန်းများအတွက် ထုတ်ဖော် သုံးစွဲခြင်းမပြုရသေးသည့် အကြီးမားဆုံးဈေးကွက်ကြီး တစ်ခု ဖြစ်သည်။ တယ်လီဂရပ်သတင်းစာ စီးပွားရေးရာ ပင်တိုင်ဆောင်းပါးရှင် လိုင်ရမ်ဟယ်လီဂန်က အီရန် နိုင်ငံနှင့် သဘောတူညီမှုတစ်ခုရရှိရေးနှင့် ပတ်သက်၍ ၄င်း၏အယူအဆကို ဧပြီလအတွင်းက ရေးသားတင်ပြ ခဲ့သည်။ အမေရိကန်နိုင်ငံ၏ မူဝါဒရေးဆွဲချမှတ်သူများနှင့် ဗြိတိန်နိုင်ငံတို့အနေဖြင့် ရောင်းမလောက်အောင် ဝယ်လို အားကောင်းမည့် အီရန်နိုင်ငံနှင့် ဆွေးနွေး ညှိနှိုင်းမှုပြုခြင်းသည် အလွန်ကောင်းမွန်သည့် အယူ အဆဖြစ် သည်ဟု ဆိုသည်။
သတင်းထုတ်ပြန်ချက်များအရ ပြင်သစ်ကုမ္ပဏီ တစ်ခုအပါအဝင် အက်ပဲလ်ကုမ္ပဏီတို့သည် အီရန် နိုင်ငံ၏ ဈေးကွက်အလားအလာများကို လေ့လာ စောင့်ကြည့်နေကြပြီဟု သိရသည်။ အီရန်နိုင်ငံသည် လူဦးရေအရ ဗြိတိန်၊ ပြင်သစ်နှင့်အီတလီနိုင်ငံတို့ထက် ကြီးမားပြီး လူဦးရေသန်း ၈ဝ ခန့်ရှိသည်။ အီရန်နိုင်ငံ၏ လူဦးရေထက်ဝက်ကျော်သည် အသက် ၃ဝ အောက် ဖြစ်ကြပြီး အများစုစာတတ်မြောက်သူများ ဖြစ်ကြ သကဲ့သို့ ခေတ်ပညာတတ်များဖြစ်ကြသည်။ အနောက် အုပ်စုက ကာလကြာရှည်ပိတ်ဆို့အရေးယူမှုများ ပြုလုပ် ထားသော်လည်း အနောက်တိုင်းထုတ်ကုန်များနှင့် အမှတ် တံဆိပ်များကို သုံးစွဲဖူးသူများဖြစ်ကြသည်။
အီရန်နိုင်ငံကဲ့သို့ပင် လူဦးရေသန်း ၅ဝ ကျော်ရှိ သည့် မြန်မာနိုင်ငံသည်လည်း ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သည့် ဈေးကွက်တစ်ခုဖြစ်သည်။ ၂ဝ၁၂ ခုနှစ်တွင် အမေရိကန်နိုင်ငံက ကန့်သတ်ချက်များ လျှော့ချလိုက်သည့်အချိန်တွင် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုပြုလုပ်ရန် ပထမဆုံးဈေးကွက်ဝန်ဆောင်မှုများ ပြုလုပ်ခဲ့သည်မှာ ဒဗလျူပီပီဂရု(ပ်)ဖြစ်သည်။ ကမ္ဘာကျော် ကုန်ပစ္စည်းအမှတ်တံဆိပ်များ ပြန်လည် ဝင်ရောက်လျက် ရှိသည်။ လွန်ခဲ့သည့်နှစ် ၂ဝ ခန့်က မြန်မာနိုင်ငံမှ ထွက်ခွာ သွားသည့် ဟယ်နီကန် ဘီယာကုမ္ပဏီသည် မြန်မာနိုင်ငံ တွင် ပြန်လည်ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကဏ္ဍ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံ မှုများတွင် သုံးပုံတစ်ပုံနီးပါးရှိသည်။ ဖုန်း ဆင်းကတ်အသုံးပြုသူမှာ ၂ဝ၁၂ ခုနှစ်တွင် တစ်သိန်းနီးပါး မျှသာရှိခဲ့ရာ ယနေ့အချိန်တွင် ၁၈ သန်းကျော်ရှိမည်ဟု ရိုက်တာသတင်းဌာနက ခန့်မှန်းထားသည်။ မိုဘိုင်းဖုန်း အသုံးပြုမှုမှာ ၂ဝ၁၆ ခုနှစ်တွင် ၈ဝ ရာခိုင်နှုန်းရှိလာမည် ဟု မျှော်လင့်ရသည်။ နိုင်ငံတကာစီးပွားရေးစီမံခန့်ခွဲမှု နှင့် အတိုင်ပင်ခံ ကုမ္ပဏီတစ်ခုဖြစ်သည့် မက်ကင်ဆေးက မြန်မာနိုင်ငံသည် ၂ဝ၃ဝ ပြည့်နှစ်တွင် ၄င်း၏ဂျီဒီပီ လေးဆတိုးတက်လာပြီး ဒေါ်လာဘီလီယံ ၂ဝဝ ကျော် ရှိလာမည်ဟု ပြောကြားသည်။
နိုင်ငံရေးအရ ဆတ်ဆတ်ထိမခံ ထိလွယ်ရှလွယ် ရှိသည့် ကျူးဘားနိုင်ငံသည် နိုင်ငံအကျယ်အဝန်းနှင့် ဈေးကွက်အရ မြန်မာနှင့် အီရန်နိုင်ငံတို့လောက် မကြီး မားသော်လည်း နိုင်ငံတကာကော်ပိုရေးရှင်းများနှင့် ကုန်အမှတ်တံဆိပ်များကို အထူးဆွဲဆောင်လျက်ရှိ သည်။ သမ္မတအိုဘားမားက ဇူလိုင် ၁ ရက်တွင် အမေရိကန်နှင့် ကျူးဘားနိုင်ငံတို့ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီးနောက် ကျူးဘားနိုင်ငံပိုင် ပါလ်ကိုဂရု(ပ်)နှင့် ဒဗလျူပီပီတို့သည် ဟာဗားနားမြို့တွင် စီမံခန့်ခွဲ ရေးလုပ်ငန်းများလုပ်ဆောင်ရန် လက်မှတ်ရေးထိုးခဲ့ သည်။
ကျူးဘားနိုင်ငံသည် ဈေးကွက်အခြေပြုစီးပွားရေး ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို အကောင် အထည် ဖော်ဆောင်ရွက်ခြင်းနှင့် အမေရိကန်နှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်ခြင်းတို့ကြောင့် ဥရောပနှင့် တရုတ်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင် များ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စိတ်ဝင်စားလျက် ရှိကြသည်။ စပိန်၊ ပြင်သစ်၊ ဗြိတိန်နှင့် နယ်သာလန် နိုင်ငံတို့မှ စီးပွားရေးကိုယ်စားလှယ်အဖွဲ့များသည် မကြာသေးမီက ကျူးဘားနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး စီးပွားရေးဆိုင်ရာဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ကျူးဘားသမ္မတ ရာအူးကက်စထရိုသည် ၂ဝဝ၈ ခုနှစ် တွင် အာဏာရရှိခဲ့ပြီးနောက် အမျိုးသားစီးပွားရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ထုတ်ပြန် ကြေညာခဲ့သည်။
ကျူးဘားနိုင်ငံသည် ယင်း၏ပထဝီဝင်အနေအထား အရ လက်တင်အမေရိကဈေးကွက်တိုးချဲ့ရေးအတွက် အရေးပါသောနေရာတွင် တည်ရှိနေပြီး စီးပွားရေး ဆိုင်ရာ အခွင့်အလမ်းများနှင့် အလားအလာများ ကောင်းမွန်လျက်ရှိသည်။
သုဓန

No comments:

Post a Comment