Thursday, July 30, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


နေပြည်တော်၊ ဇူလိုင် ၃၀
အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ အစည်းအဝေးကို ယနေ့ညနေ ၄ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက် အမှာစကားပြောကြားသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင် ၁၆ ရက်မှစတင်၍ တစ်နိုင်ငံလုံးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီး နစ်မြုပ်မှုများဖြစ်ပွားခဲ့ပြီး ကားလမ်း၊ ရထားလမ်းနှင့် တံတားများ၊ စိုက်ခင်းများနှင့် လူနေ အိမ်အချို့ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပါကြောင်း၊ အဆက်မပြတ်မိုးရွာသွန်းလျက်ရှိသဖြင့် နိုင်ငံ နေရာအနှံ့အပြားတွင် ရေကြီးနစ်မြုပ်မှုများ ဆက်လက်ဖြစ်ပေါ်ပြီး လမ်း၊ တံတားများနှင့် စိုက်ခင်းများ ထပ်မံပျက်စီးခဲ့ပါကြောင်း၊ ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းနေချိန်တွင် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းတစ်ခုဖြစ်လာပါကြောင်း၊
ထိုကဲ့သို့ သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုသည် မိမိတို့တစ်နိုင်ငံတည်း ဖြစ်ပွား ခြင်းမဟုတ်ဘဲ ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း သဘာဝ ဘေးအန္တရာယ်ကို ကြုံတွေ့ခံစားနေကြရပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကို တာဆီး၍ မရနိုင်သော်လည်း ကြိုတင်ပြင်ဆင်မှုများဖြင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွား နိုင်ပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက ပို့ဆောင်ရေး ၀န်ကြီးဌာန မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာနနှင့်ပူးပေါင်းပြီး မိုးလေ၀သသတင်းများကို ရုပ်မြင်သံကြားနှင့် သတင်းစာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် သတိပေးမှုများဆောင် ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးဒဏ်ခံစားရသူများ အသက်ရှင်ရပ်တည်နိုင်ရန်အတွက် စားသောက်ရေး၊ အ၀တ်အထည်ရရှိရေး၊ တည်းခိုနေထိုင်နိုင်ရေးများကို ဦးစားပေးစီမံဆောင် ရွက်ရန် လိုအပ်ပါကြောင်း၊
သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် လတ်တလောဆောင်ရွက်ရမည့် အပိုင်းနှင့် အချိန်ယူဆောင်ရွက်ပေးရမည့် အပိုင်းနှစ်ပိုင်းရှိပါကြောင်း၊ လတ်တလော ဆောင် ရွက်ရမည့်အပိုင်းမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းဖြစ်ပြီး အစားသောက်နှင့် အ၀တ်အထည် ထောက်ပံ့ပေးခြင်း၊ ပျက်စီးဆုံးရှုံးသွားသော လယ်ယာမြေများတွင် ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးများရှာဖွေပေးခြင်း၊ ရေကျချိန်၌ ချက်ချင်းစိုက်ပျိုးနိုင်အောင် ထွန်ယက်ပေးခြင်း၊ စာသင် ကျောင်းများတွင် ပျက်စီးဆုံးရှုံးသွားသည့် စာအုပ်စာစောင်များကို ဖြည့်တင်းပေးခြင်း၊ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေးပျက်စီးဆုံးရှုံးမှုများကို အမြန်ပြန်လည်တည်ဆောက် ပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ သက်ဆိုင်ရာမြို့နယ်များနှင့်ဆက်သွယ်ပြီး ၀န်ကြီး ဌာနအလိုက် စီစဉ်ဆောင်ရွက်ပေးရမည့် ပျက်စီးဆုံးရှုံးမှုများကို စိစစ်ပြီး အမြန်ဆုံးဆောင် ရွက်ပေးရမည်ဖြစ်ပါကြောင်း။
ပြန်လည်ထူထောင်ရေးလုပ်ငန်းအနေဖြင့် ပျက်စီးခဲ့သည့် ကျောင်းများ၊ လမ်းများနှင့် တံတားများကို ပြင်ဆင်တည်ဆောက်ပေးရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ လုပ်ငန်းများမှာ အချိန်ယူဆောင်ရွက်ရမည်ဖြစ်သော်လည်း လတ်တလောသွားလာရေး အဆင်ပြေမှုရှိစေရန် ဘေလီတံတားတည်ဆောက်ပေးခြင်းမျိုးကဲ့သို့ စီမံဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။
ယခုကဲ့သို့ ရေးဘေးအန္တရာယ်များကြုံတွေ့ရချိန်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများ အလိုက် အင်တိုက်အားတိုက်ဖြင့် ၀ိုင်းဝန်းပါဝင်ကူညီဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း၊ ရေတိုလုပ်ဆောင်ပေးရမည့်လုပ်ငန်းနှင့် ရေရှည်လုပ်ဆောင်ပေးရမည့်လုပ်ငန်းများကို အချိတ် အဆက် မိမိဖြင့် စနစ်တကျ စီမံဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနများအလိုက် ရေကြီးနစ်မြုပ်ဒေသများသို့ ကွင်းဆင်းသွားရောက်ပြီး လိုအပ်ချက်များကို ဦးစားပေး အလိုက် စီမံဆောင်ရွက်ပေးသင့်သည်များကို အမြန်ဆုံးဆောင်ရွက်ပေးကြရန်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက သဘာဝ ဘေးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများ၏ အသက်ဆုံးရှုံးမှုမဖြစ်ပွားစေရန်၊ ထိခိုက်ဒဏ်ရာရရှိမှုများကို တားဆီး ပေးနိုင်ရန်၊ လူထု၏အိုးအိမ်ပစ္စည်းဥစ္စာများကို ကာကွယ်ပေးနိုင်ရန်နှင့် သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်းစောင့်ရှောက်သွားရန်စသည့် ရည်ရွယ်ချက်များဖြင့် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဗဟိုကော်မတီအနေဖြင့် တိုင်းဒေသ ကြီးအလိုက် စီမံခန့်ခွဲရေးကော်မတီ များကို ရပ်ကွက်၊ ကျေးရွာအဆင့်အထိဖွဲ့စည်း၍ သဘာဝဘေးကာကွယ်ရေးနှင့်တုံ့ပြန်ရေး လုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးကာကွယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ရာတွင် အဆင့် ၄ ဆင့်ဖြစ်သည့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း (Reduction)၊ ကြိုတင်အသင့်ဖြစ်စေခြင်း (Readiness)၊ တုံ့ပြန်ဆောင်ရွက် ခြင်း (Response)နှင့် ပြန်လည်ထူထောင်ခြင်း (Recovery) ဆိုသည့် အဆင့်များအားလုံးကို ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ရေကြီးနစ်မြုပ်ရာဒေသများတွင် လုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ် မြတ်မြတ် အုန်းခင် က ရေကြီးနစ်မြုပ်သည့်ဒေသများတွင် ထောက်ပံ့ပေးမှုနှင့် အရန်ထားရှိမှုများ၊ အသိ ပညာပေးဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဗဟိုကော်မတီဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ မင်းပြင် ရေလှောင်တမံနှင့် ကောလင်းမြို့၊ ၀န်းသိုမြို့နယ်များအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ဇူလိုင် ၁၈ ရက်မှ ၃၀ ရက်အထိ တပ်မတော်လေယာဉ် Y-8 တစ်စီးဖြင့်တစ်ခေါက်၊ MI-17 ရဟတ်ယာဉ် ၃ စီးဖြင့် ၇၀ ခေါက် တို့ဖြင့် ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
ထို့အပြင် တပ်မတော်လေယာဉ် Y-8 တစ်စီးကို မိတ္ထီလာမြို့တွင်လည်းကောင်း၊ MI-17 ရဟတ်ယာဉ် ၃ စီးကို မုံရွာမြို့တွင် တစ်စီးနှင့် ကန့်ဘလူမြို့တွင် ၂ စီး ဖြန့်ခွဲထားရှိပြီး ကယ် ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ထားရှိ ကြောင်း။
ထို့ပြင် ကယ်ဆယ်ရေး၊ ရွှေ့ပြောင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလိုအပ်သလိုစီစဉ် ဆောင်ရွက်ပေးနိုင်ရန်အတွက် ပလပ်စတစ်တိုက်လှေ (၁၀၀)စီး၊ ယမဟာ (၄၀)ကောင် ပဲ့ချိတ်စက် (၆၆)လုံးနှင့် အသက်ကယ်အကျီင်္ ၄၅၀ထည် တို့ကို တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် ဖြန့်ခွဲထားရှိပြီး အရေးပေါ်လိုအပ်မှုရှိပါက ထပ်မံဖြည့် တင်းပေးနိုင်ရန် ပလပ်စတစ်တိုက်လှေ ၄၇ စီးနှင့် ယမဟာ(၄၀)ကောင်ပဲ့ချိတ် စက် ၁၇၆ လုံးတို့ကိုလည်း မင်္ဂလာဒုံတွင် စုဖွဲ့ထားရှိပါကြောင်း။
အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ နှင့်ညှိနှိုင်းပြီး ရေကြီးသည့်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်းကောင်း၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ရဟတ်ယာဉ် ၃ စီးအား ကန့်ဘလူမြို့၌ထားရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ ကယ်ဆယ်ရေးပစ္စည်းများပို့ ဆောင်ပေးခြင်း ကိုလည်းကောင်း၊ ကလေးမြို့နယ်ရှိ ရေကြီးသည့်နေရာများတွင် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ များမှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်းကောင်း ဆောင် ရွက်ပေးလျက်ရှိပါကြောင်း။
သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများ ထပ်မံဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေရှိ တိုက်ကြီး၊ ထန်းတပင်နှင့် အဖျောက် မြို့နယ်များအတွက် နည်းဗျူဟာတစ်ခုနှင့် တစ်ရင်း ၃ ရင်းကို ယာဉ်အကြီး ၂၀၊ ဂျွန်ဆင်စက်လှေ ၁၀ စီးတို့ဖြင့် အဖျောက်မြို့တွင် လည်းကောင်း၊ သံလျင်၊ ဒလနှင့် မှော်ဘီ တပ်နယ်များတွင် တပ်နယ်တစ်ခုစီ၌ ယာဉ်အကြီး ၅ စီးစီနှင့် ဂျွန်ဆင်စက်လှေ ၅ စီးစီဖြင့်လည်းကောင်း၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းတွင် မော်တော်ယာဉ် အစီး ၄၀ ကို လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်နယ်မြေရှိ ကွင်းကောက်ဒေသတွင် ယာဉ် အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၁၀ စီးနှင့် အသက်ကယ်အကျီင်္ ၅၀ထည်၊ ဟင်္သာတမြို့နယ်ရှိ နယ်မြေခံတပ်ရင်းတွင် ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၁၀ စီးနှင့် အသက်ကယ်အကျီ ၅၀ ထည်တို့ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ တွင် ပဲခူးမြို့ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၁၀ စီးနှင့် အသက်ကယ်အကျီင်္ ၅၀ ထည်၊ ညောင်လေးပင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၅ စီးနှင့် အသက်ကယ်အကျီင်္ ၂၅ ထည်၊ ရွှေကျင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၅ စီးနှင့် အသက်ကယ်အကျီင်္ ၂၅ ထည် တို့ကိုလည်းကောင်း အသင့်ပြင်ဆင်စုဖွဲ့ထားရှိပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေးဝန်ကြီး ဌာနတို့မှပြည်ထောင်စုဝန်ကြီးများက သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ ကူညီထောက်ပံ့ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက် နိုင်မှုအခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထပ်ဆင့်ဖြစ်ပေါ်နိုင်သော အခြေအနေနှင့် ကာကွယ်စောင့်ရှောက်မှုဆောင်ရွက်မည့်အခြေအနေများ၊ သဘာဝဘေး အန္တရာယ်ခံရသော တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကယ်ဆယ်ရေး၊ ထောက်ပံ့ကူညီ ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန် ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့မှ ဒုတိယ၀န်ကြီးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြ သည်။ 

No comments:

Post a Comment