Friday, July 31, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ Agra မြို့ရှိ Taj Mahar ၊ Parachute Brigade လေတပ်စခန်းတို့အား လေ့လာ၊ ဗုဒ္ဓဂါယာသို့ ရောက်ရှိ၊ မဟာဗောဓိ စေတီတော်အား ဖူးမြော်ကြည်ညို


နေပြည်တော်  ဇူလိုင်  ၃၁
အိန္ဒိယ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည်  ဇူလိုင် ၃၀ ရက် ဒေသ စံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်တွင် နယူးဒေလီမှ အိန္ဒိယ တပ်မတော် အထူး လေယာဉ် ဖြင့်ထွက်ခွာပြီး Agra မြို့ လေဆိပ်သို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကြရာ အိန္ဒိယလေတပ်မှ Air Commander S Srinivaran နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မော်တော် ယာဉ်များဖြင့်ထွက်ခွာပြီး Taj Mahar သို့ ရောက်ရှိလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသသည်။
Taj Mahar အဆောက်အဦသည် Mughal Empoeror Shah Jahan လက်ထက်တွင် ၎င်း၏ကွယ်လွန်သွားသော ဇနီးဖြစ်သူ Murotaz Mahar အား လွမ်းဆွတ် သတိရသောအားဖြင့် ယမုံနာမြစ်ကမ်းတွင် တည်ဆောက်ထားသော အထိမ်းအမှတ် ဂူဗိမာန်တစ်ခုဖြစ်ပြီး အလွန်လက်ရာ မြောက်သော Indo-Islamic ဗိသုကာလက်ရာဖြင့် တည်ဆောက်ထားသည့် အဆောက်အဦတစ်ခုအဖြစ် ကမ္ဘာတွင် ထင်ရှားကျော်ကြားသည်။ Taj Mahar ကို ၁၆၃၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၆၄၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။ စကျင်ကျောက် (Marble) များဖြင့် တည်ဆောက်ထားပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် အထူးထင်ရှားသော သမိုင်းဝင်နေရာ တစ်ခုဖြစ်သည်။
ထို့နောက် လေကြောင်းချီတပ်မဟာ Para Independence Brigade သို့ သွားရောက် လေ့လာရာ Para Independence Brigade ၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံနှင့် စွမ်းဆောင်နိုင်မှုများကို တာဝန်ရှိသူတစ်ဦးက Power Point ဖြင့် ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်မေးမြန်းပြီး အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန်လဲလှယ်ကာ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ယင်းနောက် အိန္ဒိယလေတပ် 4WG Offocers Mess တွင် Central Command မှ Air Marshal K S Gill AVSM , YSM , VM က နေ့လည်စာဖြင့် တည်ခင်းဧည့်ခံရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဧည့်သည်တော်မှတ် တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
၎င်းနောက် Agea လေတပ်စခန်းသို့ရောက်ရှိပြီး ဝေဟင်ဆီဖြည့်လေယာဉ် IL-78 နှင့် AWACS လေယာဉ်တို့အား ကြည့်ရှုလေ့လာသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အိန္ဒိယ တပ်မတော် လေယာဉ်ဖြင့် Agra မြို့ လေဆိပ်မှတစ်ဆင့် ဗုဒ္ဓဂါယာသို့ထွက်ခွာပြီး ညနေ ၄ နာရီ ၃၅ မိနစ်တွင် ဂါယာလေဆိပ်သို့ရောက်ရှိသည်။
ယင်းနောက် ညနေ ၆ နာရီ ၃၅ မိနစ်တွင် မင်းတုန်းမင်းတရားကြီး၏ ကျောက်စာတိုက်သို့ သွားရောက်၍ ပြုပြင်ထိန်းသိမ်းရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပြီး ညပိုင်းတွင် မဟာဗောဓိစေတီသို့ သွားရောက်ဖူးမြော် ကြည်ညိုသည်။
ဂါယာမြို့သည် ဘီဟာပြည်နယ်၊ ပတ္တတနားမြို့မှ ၆၂.၅မိုင်အကွာရှိ Phalgu  မြစ်ကမ်းပေါ်တွင် တည်ရှိပြီး ဗုဒ္ဓဂါယာသည် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂါယာခရိုင်၊ ဂါယာမြို့မှ ၁၈ ကီလိုမီတာကွာဝေး သည်။ထိုနေရာသည် ဗုဒ္ဓလက်ထက်တွင် ဥရုဝေလတောတန်းတွင်ပါဝင်ပြီး လီလာဂျန်(ခေါ်) နေရဉ္စရာမြစ် ၏ အနောက်ဘက်၌ တည်ရှိခဲ့သောတောရွာဖြစ်သည်။ ယခုအခါ ဗုဒ္ဓပွင့်တော်မူခြင်းကို အကြောင်းပြု၍ လည်းကောင်း၊ ဂါယာမြို့အနီးတွင်တည်ရှိသဖြင့်လည်းကောင်း၊ ဗုဒ္ဓဂါယာဟု  ခေါ်တွင်သည်။ မဟာဗောဓိ စေတီတော်အား အာသောကမင်းကြီးမှတည်ထားကိုးကွယ်ခဲ့ပြီး စေတီတော်၏ ပင်မအဆောက်အဦသည် ၅၅ မီတာမြင့်ပြီး ၃ မီတာ ထူသည့် နံရံများဖြင့် တည်ဆောက်ထားသည်။
(မြ၀တီ)

No comments:

Post a Comment