Monday, June 29, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား


နေပြည်တော် ဇွန် ၂၉
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ နံနက် (၈)နာရီတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ရောက်ရှိပြီး ၀န်ကြီးရုံးအတွင်း ခင်းကျင်းပြသထားသည့် မျိုးကောင်းမျိုးသန့် မျိုးစေ့အမယ်စုံပြခန်း၊ လယ်ယာထွက်ကုန်တန်ဖိုးမြင့် ကုန်ချောပစ္စည်းပြခန်း၊ ပုလဲသွယ် (၃)မျိုးစေ့ပြခန်းနှင့် သက်တမ်းရက်(၂၀)အတွင်း စိုက်ပျိုးရန် အသင့်ဖြစ်နေသည့် ပုလဲသွယ်စပ်မျိုးစပါး ပျိုးခင်းနမူနာ ပုံစံများအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီ အစည်းအဝေးကို အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ 
ရှေးဦးစွာ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အမှာစကား ပြောကြားရာတွင် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တောင်သူလယ်သမား အခွင့် အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ဦးဆောင်အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန များသည် အဓိကအားဖြင့် ဥပဒေပါ ပြဌာန်းထားသည့် အရင်းအနှီးရရှိရေးအတွက် တောင်သူလယ်သမားများအား သင့်တင့်သောချေးငွေနှင့် အကူအညီပေး၍ အထောက် အကူပြုရန်၊ ထုတ်လုပ်မှု တိုးတက်ရေးအတွက် တောင်သူလယ်သမားများအား နည်းပညာ၊ သွင်းအားစုနှင့် ထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာတို့ကို လွယ်ကူအဆင်ပြေစွာ ပံ့ပိုးပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ လယ်ယာထုတ်ကုန်များ ရောင်းချရာတွင် သင့်တင့်မျှတသည့် ဈေးနှုန်းနှင့်ဈေးကွက် ရရှိရေးတို့အတွက် တောင်သူလယ်သမား များကို ကူညီဆောင်ရွက်ရန်၊ လုပ်ကွက်ငယ် တောင်သူလယ်သမားများ၏ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးကို ထိရောက်စွာ ဆောင်ရွက်ရန်၊ သဘာဝ ဘေးအန္တရာယ် တစ်စုံတစ်ရာကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက် နစ်နာမှုများအတွက် ကူညီထောက်ပံ့မှုများကို အတတ်နိုင်ဆုံး အထောက်အကူပြု ပံ့ပိုးရန် စသည့် ရည်မှန်းချက် လုပ်ငန်းစဉ်(၅)ရပ်ကို ထိထိရောက်ရောက် ကဏ္ဍအလိုက် လက်တွေ့ အကောင်အထည်ဖော် ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ အဓိကစားသုံးသီးနှံဖြစ်သည့် ဆန်စပါးစိုက်ပျိုးမှုကို မထိခိုက်စေဘဲ မိမိတို့ လယ်ယာမြေပေါ်တွင် မိမိတို့ကြိုက်နှစ်သက်သည့် သီးနှံကို လွတ်လပ်စွာ ရွေးချယ်စိုက်ပျိုးခွင့်၊ သင့်တင့်သော စိုက်ပျိုးစရိတ်ချေးငွေများ ချေးယူခွင့်၊ လယ်ယာ ထုတ်ကုန်များကို လွတ်လပ်စွာ သယ်ယူခွင့်နှင့် ရောင်းချခွင့်၊ လယ်ယာထုတ်ကုန် များကို အာမခံထားရှိခွင့်နှင့် တည်ဆဲဥပဒေများနှင့်အညီ တောင်သူလယ်သမားအသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်း ဆောင်ရွက်ခွင့်စသည့် အခွင့်အရေးများ ရရှိစေရန် ဦးဆောင်အဖွဲ့မှ ညှိနှိုင်းကူညီ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။
ထို့ပြင်  တောင်သူလယ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရန် ဥပဒေနှင့် အညီ ဆက်စပ်ဆောင်ရွက်ပေးခြင်း၊ တောင်သူလယ်သမားများ လိုအပ်သည့် သွင်းအားစု များရရှိစေရေးနှင့် မြေယာနှင့်သက်ဆိုင်သော တည်ဆဲဥပဒေများနှင့် အညီ အကျိုး ခံစားခွင့် ရရှိစေရေးအတွက် ဆောင်ရွက်ပေးခြင်း၊ တောင်သူ လယ်သမားများ စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် ဈေးနှုန်းနှင့် ဈေးကွက်ရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ တည်ဆဲဥပဒေများနှင့် ညီညွှတ်မှုမရှိသော တရားမျှတမှုမရှိသည့် မြေယာသိမ်းဆည်းခြင်းများ မဖြစ်ပေါ်စေရန် ကာကွယ် ပေးခြင်းနှင့် လယ်ယာလုပ်သားများ၏ ရထိုက်သော အခွင့်အရေးများကို အပြည့်အဝ ရရှိစေရန် ကူညီဆောင်ရွက်ပေးခြင်းစသည့် တောင်သူလယ်သမားများ ရသင့်ရထိုက် သော အခွင့်အရေးနှင့် အကျိုးစီးပွားများကို ဦးဆောင်အဖွဲ့မှ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။
တစ်ဘက်မှလည်း ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် ရေကြီးခြင်း၊ မိုးခေါင်ခြင်း ဖြစ်စဉ်များကို ခန့်မှန်းတွက်ဆ၍ တောင်သူလယ်သမားများ၏ လယ်ယာ လုပ်ငန်းများ၊ မွေးမြူရေး လုပ်ငန်းများအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ၊ ကူးစက်ရောဂါဆိုင်ရာ၊ ပိုးမွှားရောဂါဆိုင်ရာနှင့် အခြား သက်ဆိုင်ရာ သတင်းအချက်အလက်များကို တောင်သူလယ်သမားများထံသို့ အလျှင်အမြန်ရောက်ရှိစေရန် မီဒီယာများမှတဆင့် သတိပေးချက်များ ထုတ်ပြန်ခြင်း၊ ကွင်းဆင်းပူးပေါင်း ဆောင်ရွက်ခြင်း ပံ့ပိုးကူညီဆောင်ရွက်ခြင်းကို သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုအပ်မှာ ဖြစ်ပါ ကြောင်း။
ယခု ၂၀၁၅ ခုနှစ် စိုက်ပျိုးရာသီတွင် အယ်နီညို ရာသီဥတု၏ အကျိုးသက်ရောက် မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားပါကြောင်း၊ ထိုအခြေအနေများကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်အခဲများ ကြုံတွေ့ နိုင်ပါကြောင်း၊       စိုက်ပျိုးရေသိုလှောင်မှုဖြင့် မိုးဦးရာသီစိုက်သီးနှံများ အောင်ရေရရှိမှု နှင့် ဆောင်းရာသီသီးနှံများ အစိုဓါတ်လုံလောက်မှု ရရှိစေရန် အစီအမံများ ချမှတ် ဆောင်ရွက်ရန်ဖြစ်ပြီး အမျိုးသားရေသိုလှောင်ရေး လှုပ်ရှားမှု (National Water Harvesting Campaign –NWHC) တစ်ရပ်ကို အကောင်အထည် ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ရေရှည်စဉ်ဆက်မပြတ် ဖွံ့းဖြိုး တိုးတက်ရေးအတွက် ဆန်စပါး ကုန်သွယ်မှု အခန်းကဏ္ဍ ဖွံ့ဖြိုးရေးနှင့် နယ်စပ်ဒေသများမှ တစ်ဆင့် စနစ်တကျ ကုန်သွယ်နိုင်ရေးသည် အလွန် အရေးပါပါကြောင်း၊ ဆန်စပါးအပြင် အခြား လယ်ယာပို့ကုန်များ ဖြစ်သော ပဲ၊ ပြောင်း၊ နှမ်းနှင့် သီးနှံအမယ် များအား နယ်စပ်ဒေသမှ တင်ပို့ရာတွင် သိုလှောင်ရုံ အပါအဝင် အခြေခံအဆောက်အအုံများ စနစ်တကျ ရင်းနှီးမြှုပ်နှံ တည်ဆောက် ထားရန် အထူးလိုအပ်လျက် ရှိနေပါကြောင်း။
သို့ပါ၍ ဆိုင်ရာ ဝန်ကြီးဌာနများဖြစ်သော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့သည် ပုဂ္ဂလိက-အစိုးရ (Private-Public Partnership) အစီအစဉ်ဖြင့် နယ်စပ်ဒေသ ကုန်သွယ်ရေးဆိုင်ရာ အခြေခံအဆောက် အအုံများ ပြည့်စုံကောင်းမွန်သည့် ကုန်သွယ်ရေးဇုံ ထူထောင်နိုင်ရေး ပူးပေါင်းဆောင်ရွက် သွားရန် လိုအပ်ပါကြောင်းဖြင့်  ပြောကြားသည်။
ယင်းနောက် ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယ၀န်ကြီး ဦးအုန်းသန်းတို့က ပြဋ္ဌာန်းထားပြီးဖြစ်သော တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအား အနှစ်ချုပ် ရှင်းလင်းတင်ပြမှုနှင့်အတူ အကောင် အထည်ဖော်ဆောင်ရွက်မှုနှင့် လိုအပ် ချက်များကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဦးဆောင်အဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌတို့က လယ်ယာထွက်ကုန်ပစ္စည်းများ အာမခံချက်ရရှိရေးနှင့် သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ၊ ဈေးကွက်ရရှိရေးနှင့် နည်းပညာ ကူညီပံ့ပိုးမှု ရရှိရေးကိစ္စရပ်များ၊ လယ်ယာထွက်ကုန် များအား တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေးကိစ္စရပ်များ၊ တောင်သူ လယ်သမားများ၏လက်ဝယ်သို့ ကူညီထောက်ပံ့မှုများ အပြည့်အ၀ ရောက်ရှိရေး ကိစ္စရပ်များ၊ သွင်းအားစုဆိုင်ရာများနှင့် လယ်ယာမြေ ပြန်လည်ဖော်ထုတ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ တွက်ခြေကိုက်သည့် သီးနှံများစိုက်ပျိုး ထုတ်လုပ်နိုင်ရန်နှင့် မျိုးကောင်း မျိုးသန့် ရရှိစိုက်ပျိုးနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒုတိယ၀န်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကော်မတီ အတွင်းရေးမှူး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင် နိုင်ရေးကိစ္စရပ်များ၊ လုပ်ငန်းအဖွဲ့များအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများပေါ် ဒုတိယသမ္မတက ပြန်လည်သုံးသပ်ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

No comments:

Post a Comment