Saturday, May 30, 2015

ရန်ကုန်စာတိုက်ကြီးတွင် YHT ၏ ပဉ္စမမြောက် အပြာရောင်ကမ္ပည်းပြားတပ်ဆင်


ရန်ကုန် မေ ၂၉
ရန်ကုန်မြို့ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော်လမ်း ထောင့်တွင်ရှိသော မြို့ပြအမွေအနှစ် အဆောက်အအုံ တစ်ခုဖြစ်သည့် ရန်ကုန်စာတိုက်ကြီးသည် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၏ ရှေးဟောင်းအမွေ အနှစ်အဆောက်အအုံ များစာရင်းဝင် အဆောက်အအုံ တစ်လုံးအဖြစ် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ (YHT) က သတ်မှတ်ကာ အပြာရောင် ကမ္ပည်းပြားကို ယနေ့နံနက်ပိုင်းက တပ်ဆင်ခဲ့သည်။

၎င်းကမ္ပည်းပြားမှာ ရန်ကုန်မြို့တွင် ပဉ္စမမြောက် တပ်ဆင်သော အပြာရောင်ကမ္ပည်းပြားဖြစ်ပြီး ယခင်က ရန်ကုန်မြို့တော်ခန်းမ၊ ဧရာဝတီဘဏ် (ယခင်ရိုးကုန်တိုက်)၊ အာမေးနီးယန်းဘုရားကျောင်းနှင့် ဗဟိုမီးသတ် စခန်းတို့ တွင် တပ်ဆင်ခဲ့ပြီးဖြစ်သည်။
ဗိသုကာအမွေအနှစ် လက်ရာကောင်းတစ်ခုဖြစ် သကဲ့သို့ ဂေါ့သ်လက်ရာပြတင်းပေါက်များ၊ လှပစွာ တန်ဆာ ဆင်ထားသော ဆင်ဝင်ကြီးနှင့် အဝင်ခန်းမ တစ်ဖက်တစ်ချက်တွင် သံလှေကားကြီးနှစ်ခုထည့်သွင်း တည်ဆောက်ထားသော ကြက်သွေးရင့်ရောင် အဆောက်အအုံသည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင် နိုင်သည့် အဆောက်အအုံတစ်ခုလည်း ဖြစ်သည်။
အဆိုပါ စာတိုက်ကြီး အပြာရောင်ကမ္ပည်းပြားကပ်ပွဲ သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် တက်ရောက်ခဲ့ပြီး “YHT ခေါ်တဲ့ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဦးဆောင်ချက် တွေနဲ့ မြို့ပြဖွံ့ဖြိုးတက်မှုရလာတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း (၂ဝ)လောက်က စနစ်မကျလို့ မြို့ပြစီမံကိန်းမရှိခဲ့လို့၊ တချို့ ရှေးဟောင်း အဆောက်အအုံတွေဟာစနစ်မကျလို့၊ ပန်းခြံတွေ ပျောက်ကွယ်သွားတာရှိတယ်။ အားကစားကွင်းတွေ ပျောက်သွားတာရှိတယ်။ သမ္မတကြီးလက်ထက်မှာတော့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျစီမံချက်ဆွဲပြီး လုပ်တဲ့အခါမှာ မြို့ရဲ့ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းခြင်းဟာလည်း လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါတယ်။ ရှေးဟောင်းအမွေအနှစ် အဆောက်အုံတွေအပြင် စနစ်ကျတဲ့ မြို့ပြစီမံကိန်း ရှိခြင်းအားဖြင့် ပြည်သူတွေဟာ အပန်းဖြေဖို့နေရာတွေပိုများလာမယ်။
ကိုယ့်ရဲ့မြို့ပြရဲ့ ဇစ်မြစ်တွေ ကိုနားလည်လာမယ်။ အရှေ့တောင်အာရှမြို့တော် တွေကို သွားကြည့်လိုက်ရင် အထပ်မြင့် အဆောက်အအုံတွေပဲကျန်ခဲ့တယ်။ ရှေးဟောင်း အမွေအနှစ် တွေရှိတဲ့မြို့တော်ဆိုတာ မရှိတော့ ဘူး။ သူတို့တွေဟာ နောက်ပိုင်းကျမှ ဒီရှေးဟောင်း အမွေအနှစ် တန်ဖိုးတွေကိုသိလာလို့ လိုက်ပြီးထိန်းသိမ်း လာကြတာ။ ဒါမျိုးတွေကို တန်ဖိုးထားရမှာ။ နိုင်ငံခြားခရီးသွားတွေကိုလည်း ဆွဲဆောင်မှုရှိစေပါတယ်။ အသုံးချတဲ့ အခါမှာလည်း အများပြည်သူနဲ့ ဆိုင်တဲ့ ဟာဆိုရင် အသုံးချမယ်။ စီးပွားဖြစ် အသုံးမချရဘူး။ စကဘူငခ အဆောက် အအုံဖြစ်အောင် အားလုံး ဝိုင်းဝန်းဆောင်ရွက်ရမှာပါ။ ကျွန်တော်တို့ ဘက်က တတ်နိုင် သမျှလည်း ကူညီပေးသွား မှာပါ'' ဟုပြောသည်။
ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(YHT) တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးက အဆိုပါစာတိုက်ကြီးသည်ရန်ကုန်မြို့၏ အထင်ကရပြယုဂ်တစ်ခုနှင့် မြန်မာနိုင်ငံကို ပြင်ပကမ္ဘာနှင့် ချိတ်ဆက်ပေးရာလည်းဖြစ်ခဲ့ပြီး ကမ္ဘာအရပ်ရပ်မှ လူအများနှင့်သတင်းအချက်အလက်များ ဖလှယ်ရာလည်းဖြစ် ခဲ့ကြောင်း ''စာတိုက်ကြီးကို ယနေ့ ဒစ်ဂျစ်တယ်ခေတ်သစ်နဲ့ ဆက်နွှယ်တဲ့လုပ်ငန်းတွေနဲ့ ပြန်လည် အသက်ဝင် လာလိမ့် မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်'' ဟု ပြောကြားသည်။
ထိုသို့ အပြာရောင် ကမ္ပည်းပြား တပ်ဆင်ခြင်းသည် ရန်ကုန်မြို့ပြ သမိုင်းကြောင်းတွင် အရေးပါခဲ့သော အဆောက် အအုံများနှင့် လူပုဂ္ဂိုလ်များအား အထိမ်းအမှတ်ပြုရန် ရည်ရွယ်ပြီး ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့က လုပ်ဆောင်နေသော စီမံချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယခုကဲ့သို့ အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ခြင်းဖြင့် ရန်ကုန်မြို့၏သမိုင်းကြောင်းကို အသက်အရွယ်မရွေး နယ်ပယ် စုံမှ ပြည်သူများလေ့လာနိုင်မည်ဟု အဖွဲ့က ယုံကြည်သည်။
ရန်ကုန်မြို့နေပြည်သူလူထုက မိမိတို့နေထိုင်ရာပတ် ဝန်းကျင်ပေါ်တွင် မည်သည့် အရာများကို တန်ဖိုးထားသည် ကိုတိုက်ရိုက်ထိတွေ့လေ့လာသည့် စီမံချက်တစ်ခုကို အကောင် အထည် ဖော်နိုင်ရန် ရန်ကုန်မြို့အနှံ့ရှိ သမိုင်းဝင်နေရာများအား လေ့လာခြင်း၊ ကမ္ပည်းပြားများ ထုတ်လုပ် ခြင်းနှင့် တပ်ဆင်ခြင်းတို့အတွက် Royal Philips က အမေရိကန်ဒေါ်လာ ၇၅ဝဝဝ ကို ထောက်ပံ့ပေးအပ်မည် ဖြစ်သည်။
၂ဝ၁၂ ခုနှစ်တွင် စတင်ထူထောင်ခဲ့သော ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ Yangon Heritage Trust - YHTသည်ရန်ကုန်မြို့၏ မြို့ပြ အမွေအနှစ်များအား ခြုံငုံပြီး စီမံခန့်ခွဲသည့် စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်ရေးကို အားပေးသည်။ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက် ညီညီ ပေါင်းစည်းနိုင်ပါက ရန်ကုန်သည် အာရှ တွင် အလှပဆုံးနှင့် နေချင့်စဖွယ် အကောင်းဆုံး မြို့တစ်မြို့ ဖြစ်လာမည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် အဖွဲ့အနေဖြင့် မြို့အမွေအနှစ်များအား ထိန်းသိမ်း စောင့်ရှောက် ရာတွင် ကူညီခြင်း၊ စီမံခန့်ခွဲရေးဆိုင်ရာမူဝါဒများ ချမှတ်ရာတွင် အကြံပေးခြင်းနှင့် သင်တန်းများ၊ အများပြည် သူကို အသိပညာပေးခြင်းများ စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့် ရှောက်ရေး အဖွဲ့မှ သိရသည်။

No comments:

Post a Comment