Sunday, May 31, 2015

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ကုသရေး နှိုးဆော်ချက်

ကျန်းမာရေးဝန်ကြီးဌာန
ယခုအခါမြန်မာနိုင်ငံအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုမှာ နှစ်စဉ် တစ်သောင်းကျော်ခန့်ရှိပြီး ၆ဝခန့် သေဆုံးလျက်ရှိသည်။ သွေးလွန်တုပ်ကွေးရောဂါသည် ရေကြည်၊ ရေသန့်တွင် ပေါက်ပွားသော အေဒီးစ် (ခေါ်) ခြင်ကျား (ခြင်ပုန်း) ကိုက်ခံရခြင်းကြောင့် ကူးစက်ဖြစ်ပွားသောရောဂါဖြစ်ပြီး မြန်မာနိုင်ငံတွင် အသက်သုံးနှစ်မှ ရှစ်နှစ်အရွယ်တွင် ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး လူကြီးများတွင်လည်း ဖြစ်ပွားနိုင်သည်။ တော ရော မြို့ပါ ဖြစ်ပွားနိုင်သည်။

ရောဂါလက္ခဏာများမှာ ကလေးဖျားပြီး သုံးရက်မှလေးရက်အတွင်း အဖျားကျသွားကာ ခန္ဓာကိုယ်များ အေးစက်ပြီး ကလေးမှိန်းခြင်း၊ ခန္ဓာကိုယ်အနှံ့ အနီရောင်အစက်များ ဖြစ်ပေါ်ခြင်း၊ ကော်ဖီရောင်(အမည်းရောင်) အန်ခြင်းများ ဖြစ်နိုင်ပြီး စောစီးစွာမကုသပါက အသက်အန္တရာယ်ကျ ရောက်နိုင်သဖြင့် အချိန်မီ ကာကွယ်ကုသရန် အထူးလိုအပ်ပါသည်။
သို့ဖြစ်ပါ၍ ခြင်ပုန်း(ခေါ်) ခြင်ကျားမပေါက်ပွားစေရန်နှင့်မိမိတို့ရင် သွေးငယ်များ ခြင်ကိုက်မခံရစေရန် ကလေးများအား အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ပေးခြင်း၊ ကလေးများအိပ်သည့်အခါတိုင်း နေ့ညမရွေး ခြင်ထောင်ဖြင့်သိပ်ခြင်း၊ လေကောင်းလေသန့်နှင့်အလင်းရောင် ရရှိစေရန် ပြတင်းပေါက်များဖွင့်ထားခြင်း၊ အိမ်တွင်း၊ အိမ်ပြင် ပတ်ဝန်းကျင် သန့်ရှင်း စွာထားခြင်း၊ ပိုးလောက်လမ်းပေါက်ပွားနိုင်သည့် ရေဝပ်နိုင်သော ချိုင့်ခွက်များအား မြေဖို့ခြင်း၊ ရေစည်ရေအိုး၊ ရေလှောင် ကန်များအား လုံခြုံစွာဖုံးအုပ်ခြင်း၊ ဘုရားစင်၊ နတ်စင်များမှ ပန်းအိုးများ၊ အလှပန်းအိုးများ၊ ရေအိုးများကိုနေ့စဉ် တိုက်ချွတ်၍ ရေလဲလှယ်ခြင်း ၊ မိုးရေတင်နိုင်သော ဘူးခွံ၊ တာယာဟောင်း၊ အိုးခြမ်းပဲ့၊ အိုးမှုတ်ခွက်၊ ပလတ်စတစ်အိတ်တို့အား မီးရှို့ခြင်း၊ မြေမြှုပ်ခြင်းတို့ကို ဆောင်ရွက်ရပါမည်။ ရပ်ကွက်၊ ကျေးရွာများအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး (ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများကို ပြည်သူလူထုမှ စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိသော ကလေးများကို ဆေးရုံ၊ဆေးခန်းများသို့ အချိန်မီပို့ဆောင်၍ ဆေးကုသမှုခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။


No comments:

Post a Comment