ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်
ပုံမှန်အစည်အဝေး (၅၀) ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပရာ လွှတ်တော်နှစ်ရပ်
သဘောထား ကွဲလွဲသည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း
ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ
ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦး၏
နိုင်ငံတော်အတွင်း မိုဘိုင်းဖုန်း သုံးစွဲသူ အများပြည်သူတို့၏ ဖုန်းခေါ်ဆိုခ ကြိုတင်ထည့်သွင်းငွေများထဲက
ကုန်သွယ် လုပ်ငန်း ခွန် ၅ ရာခိုင်နှုန်း ဖြတ်တောက် ကောက်ခံ သည့်ကိစ္စနှင့်စပ်လျဉ်းသည့်
အရေးကြီး အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ယင်းနောက် ကလေးဝမဲဆန္ဒနယ်မှ ဦးစိုးသိမ်း
က ဖုန်းခေါ်ဆိုခ ကြိုတင်ထည့်သွင်း ငွေများထဲက ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကောက်ခံခြင်းကို
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကောက်ခံမှု မပြုရန်အဆိုကို ထောက်ခံ ပါကြောင်း၊ မိုဘိုင်းဖုန်းမှ
ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံခြင်းကို အနည်းဆုံးဖြစ်အောင် စဉ်းစားရန် လိုအပ်သည့် အတွက် စမ်းသပ်လုပ်ပိုင်ခွင့်အနေဖြင့် နှစ်ကာလတစ်ခုအထိ
မကောက်ဘဲထားသင့်ပါကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်
အမှတ်(၁)မှ ဒေါ်ခင်ဝိုင်းကြည်က ပြည်သူများသည် ဆက်သွယ်ရေး ကိရိယာများကို လွယ်လွယ်ကူကူသုံးစွဲခွင့်ရ၍
ဝမ်းသာနေ ကြပါကြောင်း၊ နိုင်ငံသားများ၏ လက်ရှိအခြေ အနေကိုကြည့်ပြီး လျော့ပေါ့ကောက်ခံခြင်းကိုလည်း
စဉ်းစားဆုံးဖြတ်သင့်ပါကြောင်း ဆွေးနွေး သည်။
အဆိုနှင့်စပ်လျဉ်း၍ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်
နည်းပညာဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်ထောင်စုလွှတ်တော် အခွန်အကောက်ဆိုင်ရာ
ဥပဒေအရ ဘဏ္ဍာရေးဝန်ကြီးဌာနမှ သုံးစွဲသူများထံမှ ကောက်ယူလျက်ရှိသည့် Commercial Tax
5% အကြောင်း ရှင်းလင်းတင်ပြလိုပါကြောင်း၊ ဤအခွန်အခကို နိုင်ငံတကာတွင် Goods and
Service Tax (GST) Value Added
Tax (VAT) စသည်ဖြင့် နာမည်မျိုးကွဲများဖြင့် ကောက်ခံလျက်ရှိပါကြောင်း၊ အာဆီယံနိုင်ငံများတွင်
ဘရူနိုင်းနိုင်ငံ မှလွဲပြီး မလေးရှား ၆%၊ ထိုင်း ၇%၊ စင်ကာပူ ၇%၊ ဗီယက်နမ် ၁၀%၊ ကမ္ဘောဒီးယား
၁၀%၊ အင်ဒိုနီးရှား ၁၀%၊ ဖိလစ်ပိုင် ၁၂% တို့အသီးသီး ကောက်ခံ ကြကြောင်း တွေ့ရှိရပါကြောင်း၊
မြန်မာနိုင်ငံမှ ကောက်ခံမည့်ပုံစံသည် Inclusive
Minus ပုံစံဖြစ်ပြီး ကဒ်ဖော်ပြပါတန်ဖိုးတွင် VAT အား နှုတ်ယူခြင်း(ဥပမာ-၁၀၀၀
ကျပ်တန်ကဒ်ကို ၁၀၀၀ ကျပ်ဖြင့် ရောင်းချပြီး ၉၅၂ ကျပ်ဖိုး ပြောဆိုနိုင်ပါကြောင်း) အဆိုပါပုံစံအား
ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့တွင်လည်း ကျင့်သုံးလျက်ရှိပါကြောင်း၊ ဖော်ပြပါနည်းလမ်း
များမှာ အစိုးရအော်ပရေတာနှင့် စားသုံးသူများကြားတွင် ဥပဒေအရ ကောက်ခံရမည့် အခွန်အခရရှိအောင်
ကျင့်သုံးသည့်စနစ်များ ဖြစ်ပါကြောင်း၊ လက်တွေ့ ရောင်းချရာတွင် လက်လီဆိုင်များမှ အမြတ်လျှော့ယူပြီး
မူလတန်ဖိုးထက် လျှော့ရောင်းခြင်း၊ သက်တမ်း ကုန်ကာနီးကဒ်ကို အရှုံးခံလျှော့ရောင်းခြင်း၊
အော်ပရေတာမှ Promotion အဖြစ် မိနစ်အပို ဆောင်းပေးခြင်း၊ အထိမ်းအမှတ် အထူး ကဒ်များ ရောင်းချပေးခြင်းတို့ကြောင့်
သုံးစွဲသူမှာ အမြဲတစေ VAT ပေးဆောင်နေရသည်ဟု မခံစားရတော့သည့် ဈေးကွက်စီးပွားရေး၏ ယှဉ်ပြိုင်မှုဖြင့်
ပိုမိုသက် သာလေ့ရှိ ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝင်းရှိန်က ပြန်လည် ရှင်းလင်းပြောကြားသည်။
အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ
နိုင်ငံတော်အတွင်း မိုဘိုင်းဖုန်းသုံးစွဲသူ အများပြည်သူ တို့၏ ဖုန်းခေါ်ဆိုခ ကြိုတင်ထည့်သွင်းငွေများထဲက
ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဖြတ်တောက် ကောက်ခံသည့်ကိစ္စကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း
ဆိုင်းငံ့ထားရန် လွှတ်တော်က ဆုံးဖြတ်သည်။
ထို့နောက် တောင်ဥက္ကလာပမဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်း၏
ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ရေကူး အသံလွှင့်စက်ရုံဟောင်း မြေနေရာဧက
(၉၀)ခန့်ကို ပုဂ္ဂလိကသို့ အပိုင်ပေးမည့် တင်ဒါခေါ်ယူမှုကိစ္စ နှင့်စပ် လျဉ်းသည့် အရေးကြီးအဆိုကို
လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာမေ၀င်းမြင့်က တင်ဒါပါ စည်းကမ်းချက်များသည် ပြန်လည်စိစစ်သင့်၍
အထက်ပါ စီမံကိန်းအား ဆိုင်းငံ့ထားရန် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်က အဆိုပါမြေကို
နိုင်ငံတော်ပိုင်အဖြစ် ဆက်လက်ထားရှိပြီး နိုင်ငံတော်နှင့် အများပြည်သူအကျိုးရှိမည့်
စီမံကိန်းမျိုးကို စဉ်းစားသင့် ပါကြောင်း၊ တင်ဒါခေါ်ယူမှုကို ပြန်လည်သုံးသပ်ပြီး စီမံကိန်းကို
ဆောင်ရွက်ရန် သင့်၊ မသင့် ကို ဆုံးဖြတ်နိုင်ရန်အတွက် ဆိုင်းငံ့ထားရန်နှင့် ဆိုင်းငံ့ကာလအတွင်း
တင်ဒါ ခေါ်ယူမှုကို ပြန်လည်သုံးသပ်ရမည်ဖြစ်၍ ပူးပေါင်းအဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်း စုံစမ်းစစ်ဆေးပြီး
အဖြေမှန် ပေါ် ထွက်လာမှုကို သုံးသပ်ပြီးမှသာ ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပေါ်
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ပြန်လည်ရှင်းလင်းဖြေကြားသည်။
ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ
ရေကူးအသံလွှင့်စက်ရုံဟောင်း မြေနေရာ ဧက (၉၀)ခန့်ကို ပုဂ္ဂလိ ကသို့ အပိုင်ပေးမည့် တင်ဒါခေါ်ယူမှုကို
ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်ရန် သင့်/မသင့် ဆုံးဖြတ်နိုင်ရန် အတွက် ဆိုင်းငံ့ထားပါရန်
တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော် က အဆိုကို
အတည်ပြု ခဲ့သည်။

No comments:
Post a Comment