Sunday, May 31, 2015

ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးရန် ဂျပန်ချေးငွေ ယန်းသန်းပေါင်း ၂၅၀၀၀ ကျော်သုံးမည်


ရန်ကုန် မေ ၃ဝ

ရန်ကုန်မြို့တော်တွင် လျှပ်စစ်ဓာတ်အား အပြည့် အဝ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ယခုဘဏ္ဍာနှစ် အတွင်း ဂျပန်နိုင်ငံမှ ချေးငွေယန်းသန်းပေါင်း ၂၅ဝဝဝကျော် ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

''ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်အတွင်းမှာ ရန်ကုန် မြို့တော်မှာ ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ဖို့ မြို့နယ် အလိုက် ထရန်စဖော်မာအဟောင်းတွေကို အစား ထိုးလဲလှယ်ခြင်း၊ အသစ်တိုးချဲ့တပ်ဆင်ခြင်း၊ ဓာတ်အားလိုင်းသစ်တွေ တိုးချဲ့တည်ဆောက်ခြင်းနဲ့ ဓာတ်အားခွဲရုံသစ် တိုးချဲ့တည်ဆောက်ခြင်းတွေ ဆောင်ရွက်ခဲ့ပါ တယ်။ ဒါပေမယ့် တိုးတက်လာတဲ့ လူဦးရေနဲ့ များပြားလာတဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေကြောင့် ဓာတ်အား လိုအပ်ချက်ကလည်း ထပ်မံမြင့်တက်လာပါတယ်။ ဒီအတွက် JICA မှ ဂျပန်ယန်း ၂၅၈၈၈ သန်းချေးယူပြီး ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများကို ဒီနှစ်ထဲမှာ တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ရယူမည့် ချေးငွေများဖြင့် ရန်ကုန်မြို့တွင် မူလ ရှိပြီးသည့် ၆၆ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်း များ၊ ဓာတ်အားခွဲရုံများ၊ ၁၁ ကေဗွီဓာတ်အားလိုင်း နှင့် ၁၁/ဝ၄ ကေဗွီ ထရန်စဖော်မာများ၊ ၄ဝဝ ဗို့ ဓာတ်အားလိုင်းများကို တိုးချဲ့ခြင်း၊ ပြုပြင်ခြင်း၊ အစားထိုးအသစ်လဲလှယ်ခြင်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့သည် လူဦးရေ ၇ ဒသမ ၃ သန်းခန့်အထိရှိလာပြီး လူနေအထပ်မြင့် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်လာခြင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ တိုးချဲ့လာခြင်းနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ တိုးလာခြင်းတို့ကြောင့် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာလည်း မြင့်တက် လာလျက်ရှိသည်။ အဆိုပါဓာတ်အားလိုအပ်ချက် များကို ဖြည့်ဆည်းပေးလာနိုင်သည်နှင့်အမျှ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့၏ စီးပွားရေးလုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment