Sunday, May 31, 2015

ဟိမဝန္တာတောင်တန်းကြီးအား လှုပ်သွားစေသည့် နိပေါ-ဂေါ်ခါးငလျင်ကြီး



လှလှအောင်(မြန်မာနိုင်ငံ ငလျင်ကော်မတီ)
ထုထည်ကြီးမား၍ မြင့်မားလှသောကမ္ဘာကျော် ဟိမဝန္တာတောင်တန်းကြီးအား လှုပ်ခါသွားသော ငလျင်မှာ ၂၅-၄-၂ဝ၁၅ ခုနှစ် ဒေသစံတော်ချိန် ၁၂း၄၁း၂၆ ခန့်တွင် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့၏ အနောက်မြောက်ဘက် ၇၇ ကီလိုမီတာအကွာ မြောက်လတ္တီတွဒ် ၂၈ ဒသမ ၁၄၇ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၈၄ ဒသမ ၇ဝ၈ ဒီဂရီ၊ မြေအောက် အနက် ၁၅ ကီလိုမီတာကို ဗဟိုပြု၍ ငလျင်အင်အား
ပမာဏ ၇ ဒသမ ၉ ရှိသော အင်အားပြင်း ငလျင်ကြီး ဖြစ်သည်။ ဤသို့ ငလျင်တစ်ခုလှုပ်သွားကြောင်းကို အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနမှ ထုတ်ပြန် ကြေညာလိုက်သည်။ ငလျင်လှုပ်ရသည့်အကြောင်း အရင်းမှာ အရှေ့ဘက် အနည်းငယ်ယွန်း၍ မြောက် စွန်းစွန်းသို့ရွေ့နေသော အိန္ဒိယကျောက်ထုချပ်သည် မြောက်ဘက်မှ ရွေ့လာသော ယူရေးရှား ကျောက်ထုချပ် အောက်သို့ ထိုးစိုက်ဝင်မှုကြောင့် ဖြစ်သည်။
ဤအနေအထားကြောင့် ဟိမဝန္တာတောင်တန်းကြီးမှာ တဖြည်းဖြည်းမြင့်တက်နေသည်။ ၂ဝ၁၅ ခုနှစ် ငလျင်လှုပ် သည့် တည်နေရာသည် တစ်နှစ်လျှင် ၄ဝ-၅ဝ မီလီမီတာနှုန်းဖြင့် ရွေ့လျားနေသော အိန္ဒိယ ကျောက်ထုချပ်က ယူရေးရှားကျောက်ထုချပ်အောက်သို့ ထိုးစိုက်ဝင်သည့်နေရာဟု ဆိုသည်။ ၁၈၃၃ ခုနှစ်၊ ၁၉၈၈ ခုနှစ်၊ ၁၉၃၄ ခုနှစ်ကလှုပ်ခဲ့သော ငလျင်ကြီးများလှုပ်သည့်နေရာသည် ထပ်တူပင်ဖြစ်သည်။ အဆိုပါ ကျောက်ထုချပ်နှစ်ခု တွေ့ဆုံသည့်နေရာကို မြေပြင်တွင်ကြည့်လျှင် အနောက်ဘက်ဆူလေမန် တောင်တန်း၊ အရှေ့ဘက် ရခိုင် ပြည်နယ်ဘက်ရှိ အနောက်ရိုးမတောင်တန်းကြီး၊ အလယ်တွင် အရှေ့ အနောက် သွယ်တန်းနေသော အဓိက ပြတ်ရွေ့လွန် ဖြစ်သည်။ နီပေါငလျင်များလှုပ်သည့်နေရာသည် အဆိုပါ ပြတ်ရွေ့လွန်နှင့် အကျယ်အားဖြင့် ကီလိုမီတာ ၂ဝဝ ကျော်ရှိသော အိန္ဒု-ရာလမ်းဇုန်အကြားတွင်ရှိသည်။ ဟိမဝန္တာတောင်တန်းကြီးသည် အပြိုင်နီး ပါးရှိသော ပြတ်ရွေ့လွန်များစွာပါဝင်နေသည်။ ဟိမဝန္တာတောင်တန်းသည် မြန်မာနိုင်ငံသားများအနေဖြင့် သိရှိ နေပြီ ဖြစ်သကဲ့သို့ ရေခဲများဖြင့်ဖုံးအုပ်နေတတ်ပြီး အလွန်မြင့်မားသော တောင်စွယ်တောင်ချွန်များစွာရှိသည်။ ကမ္ဘာ့အမြင့်ဆုံး ၂၉ဝ၂၉ ပေရှိ ဧဝရက်တောင်သည် ဟိမဝန္တာတောင်တန်းတွင် တည်ရှိသည်။ ဤတောင်တန်း သည် အိန္ဒိယနိုင်ငံမြောက်ဘက်ရှိ ကမ္ဘာ့ငလျင်ကျောကြီးဖြစ်သည့် အယ်လ်ပိုင်း-ဟိမဝန္တာ-အင်ဒိုနီးရှားတွင် အထင်ကရပါဝင်သည်။ ငလျင် အသေးစား၊ အလတ်စားများလှုပ်ခဲ့သလို အလွန်အင်အားကြီးသည့် ငလျင် ပမာဏ ၇ ထက်ပြင်းသော ငလျင်ကြီးများကိုလည်း လှုပ်စေခဲ့သော ငလျင်ကျောဖြစ်သည်။ ၁၉ဝ၅ ခုနှစ် ငလျင် ပမာဏ ၇ ဒသမ ၅ ရှိ ကန်ဂရာငလျင်၊ ၁၉၃၄ ခုနှစ် ငလျင်ပမာဏ ၈ ဒသမ ဝ ရှိ နီပေါ-ဘီဟာ ငလျင်၊ ၁၉၅ဝ ပြည့်နှစ် ငလျင်ပမာဏ ၈ ဒသမ ၆ ရှိ အာသံငလျင်နှင့် ၂ဝဝ၅ ခုနှစ် ငလျင်ပမာဏ ၇ ဒသမ ၆ ရှိ ကက်ရှ်မီးယား ငလျင်ကြီးများသည် လူပေါင်းသိန်းကျော် သေဆုံးစေ၍ သန်းပေါင်းများစွာကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သည်။ ဤငလျင်ကြောနှင့် ဆက်နွှယ်မှုရှိသော ဟိမဝန္တာတောင်တန်း၏ မြောက်ဘက်တွင် တောင်မြောက် အကျယ် ကီလိုမီတာ ၁ဝဝဝ၊ အရှေ့အနောက်အရှည် ကီလိုမီတာ ၂၅ဝဝ၊ အမြင့်ကီလိုမီတာ ၅ဝ ရှိသည့် တိဘက် ကုန်းပြင်မြင့်သည်လည်း ငလျင်ဇုန်ဒေသဖြစ်သည်။ ငလျင်ကြီးများစွာလည်း လှုပ်ခဲ့ဖူးသည်။ ၂ဝဝ၈ ခုနှစ်ငလျင် ပမာဏ ၇ ဒသမ ၉ ရှိ စီချွမ်ငလျင် (တရုတ်နိုင်ငံ)သည်လည်း လူ့ အသက်ပေါင်း သောင်းကျော်ပျက်စီးခဲ့သည့် အင်အားပြင်း ငလျင်ဖြစ်သည်။
ဤငလျင်ကြောင့် ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သော ဧဝရက်တောင်ကို လှုပ်ခါလိုက်သည့်အတွက် အမြင့်ပေ ၁၇၇ဝဝ ရှိ တောင်ခြေစခန်းမှ တောင်တက်သမားများစွာပေါ်သို့ ရေခဲတောင်ပြိုကျစေခဲ့သည်။ သေဆုံးသူ တောင်တက်သမား ၁၇ ဦးခန့်ရှိသည်ဟု သတင်းအရသိရသည်။ ဧဝရက်တောင်သည် နီပေါနှင့် တရုတ်နိုင်ငံ နယ်စပ်ပေါ် တွင်ရှိသည်။ နီပေါမြို့တော်ခတ္တမန္ဒူ၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည့်ငလျင် ဗဟိုသည် ခတ္တမန္ဒူမြို့နှင့် ၇၇ ကီလိုမီတာသာကွာဝေးရုံမက ထိုမြို့သည် ရှေးရေ ကန်တွင်းပို့ချထားသည့် အနည်များ ပေါ်တွင် တည်ရှိနေသည်။ ဤမြေနုမျိုးသည် ငလျင်လှုပ်ရာမှ ထုတ်လွှတ်လိုက်သော ငလျင်လှိုင်းများကို မူလ ထက် ပိုမိုကြီးထွားလာစေရုံမက ငလျင်လှုပ်ချိန်ကို ကြာရှည်စွာလှုပ်စေသည်။ ထိုအခါ တုန်ခါမှုမြင့်မားပြီး ကြာရှည်စွာလှုပ်နေသဖြင့် မြေပြင်ပေါ်ရှိ အဆောက်အအုံများစွာကို မပြိုမချင်းလှုပ် နေသည့်သဘောရှိသည်။ ယခုငလျင်၏ လှုပ်ချိန်မှာ ၆၁ စက္ကန့်ကြာသည်ဟု သိရသည်။ နိုင်ငံတကာသတင်းများအရ နီပေါနိုင်ငံ ခတ္တမန္ဒူ မြို့နှင့် အနီးတစ်ဝိုက်ဒေသများ အပါအဝင် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ ငလျင်ဒဏ် သက်ရောက်စေခဲ့သည်။ အဆောက်အအုံပြိုကျခြင်း၊ နှင်းတောင်ပြိုကျခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းများစွာ ဖြစ်ပေါ်ခဲ့သည်။ ၁၉၃၄ ခုနှစ်က ငလျင်ပမာဏ ၈ ဒသမ ဝ ရှိနီပေါ-ဘီဟာ ငလျင်တစ်ကြိမ် လှုပ်ခဲ့ဖူးသည်။ နှစ်ပေါင်း ၈၁ နှစ်အကြာတွင် ယခုကဲ့သို့ ငလျင်ထပ်မံ လှုပ်ခြင်းဖြစ်သည်ဟု သိရသည်။
ငလျင်ကြီးတစ်ခုလှုပ်ပြီးလျှင် ငလျင်ကြီး၏ အင်အား ပမာဏထက်နည်းသော နောက်ဆက်တွဲ ငလျင်များ လှုပ်လေ့ရှိသည်။ နောက်ဆက်တွဲ ငလျင် တစ်ခုကို ၁၂-၅-၂ဝ၁၅ ခုနှစ်တွင် အင်အားပမာဏ ၇ ဒသမ ၃ နှင့် ထပ်မံလှုပ်ခဲ့သည်။ ထိုနောက်ဆက်တွဲ ငလျင်သည် ကမ္ဘာတွင် အင်အားအကြီးဆုံး နောက်ဆက်တွဲ ငလျင် ဖြစ်ကြောင်း သိရသည်။ အဆိုပါ နောက်ဆက်တွဲငလျင်မှာ ခတ္တမန္ဒူမြို့ အရှေ့ဘက် ၇၆ ကီလိုမီတာ၊ မြေအောက် အနက် ၁၅ ကီလိုမီတာ တွင် လှုပ်ခဲ့ခြင်းဖြစ်သည်။
ယခုငလျင်သည် ဧဝရက်တောင်နှင့် အလွန်နီးသဖြင့် တောင်ပြို-မြေပြိုခြင်းများစွာ ဖြစ်ပေါ်လာနိုင်သည်။ ပထမ ငလျင်ကို လှုပ်စေသော ပြတ်ရွေ့သည် အရှည်ကီလိုမီတာ ၁၂ဝ ရှိသည်။ နောက်ဆက်တွဲ ငလျင်ကို လှုပ်စေ သော ပြတ်ရွေ့၏အရှည်မှာ ၅၅ ကီလိုမီတာရှိသည်။ ယခု ၂၅-၄-၂ဝ၁၅ ခုနှစ်တွင် လှုပ်ခဲ့သော ပထမငလျင် ကြီးကို ဂေါ်ခါးငလျင်ဟု ခေါ်ဆိုသည်။ အသေးစား နောက်ဆက်တွဲ ငလျင် စုစုပေါင်း ၁ဝဝ ကျော် လှုပ်ခဲ့ပြီးဖြစ် သည်။
ကမ္ဘာ့အပေါ်ယံလွှာတွင် ရွေ့မျောနေသော ကျောက်ထုချပ်များ၏ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဟိမဝန္တာတောင် တန်းကဲ့သို့ တောင်များဖြစ်ပေါ်လာရသည်။ ယခု နီပေါ ဂေါ်ခါးငလျင်သည် တောင် ဖြစ်စဉ်၏ အကျိုးတရားပင် ဖြစ်သည်။


No comments:

Post a Comment