Sunday, May 31, 2015

မြန်မာ -ဂျပန် စာတိုက်လုပ်ငန်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး





 နေပြည်တော်    မေ ၃၁
ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်း ပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည်  မေ(၂၆) ရက်တွင် ဂျပန်နိုင်ငံ၊ ပြည်တွင်းရေးရာ နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၌ မြန်မာ နှင့် ဂျပန် နှစ်နိုင်ငံအကြား စာတိုက် လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာအား နှစ်ဘက် ဝန်ကြီးများမှ လက်မှတ်ရေးထိုးကြသည်။ ကာမာကူရစာတိုက်နှင့် ကျိုတိုမြို့ရှိ ကင်းကကုချိစာတိုက်များတွင်
စာတိုက်ဝန်ဆောင်မှုများအပြင် ပြည်သူများ၏အခြားလိုအပ် ချက်များဖြစ်သည့် ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ သုံးစွဲသူဝန်ဆောင်မှု လုပ်ငန်းများ ဝန်ဆောင်မှု ပေးနေခြင်းအား ကြည့်ရှုလေ့လာခဲ့ပါသည်။ ဆက်လက်၍ တိုကျိုမြို့ရှိ Hitachi Company ၏ မြန်မာ့စာတိုက်လုပ်ငန်းတွင် ငွေပို့လွှာလုပ်ငန်းအားလက်ရှိ Fax ဖြင့် အသုံးပြုနေရာမှ Online Money Order System Software ဖြင့် ပိုမိုလုံခြုံ၊ လျင်မြန်၊ ထိရောက်စွာ အသုံးပြုနိုင်ရေးလုပ်ငန်းစဉ်များအား လေ့လာဆွေးနွေးသည်။
ဆက်သွယ်ရေးကဏ္ဍတွင် NEC Company မှဆောင်ရွက်လျက်ရှိသော Cyber Security factoryသို့ သွားရောက်ပြီး CyberAttack တိုက်ခိုက်ခံနေရမှုများအား ထိန်းချုပ်ရေးဌာနမှ စောင့်ကြည့်၍ ဖြေရှင်း ဆောင်ရွက်ပေးနေမှုများ၊ ဂျပန်နိုင်ငံ၊ ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတွင် Radio လှိုင်းများ တရားမဝင် အသုံးပြုနေမှုများကို စိစစ်ရှာဖွေသည့် MobileTest Vehicle မော်တော်ယာဉ်အား နည်းပညာ အဆင့်မြှင့်တင်ထားမှုများ၊ KDDI Company မှ အဆောက်အဦများပေါ်တွင် ဆက်သွယ်ရေး တာဝါများ တပ်ဆင်ထားမှုနှင့် LTE ရေဒီယိုလှိုင်းများ၏ စွမ်းဆောင်ရည်များကိုအဝေးမှနေ၍ စမ်းသပ်ကွပ်ကဲမှုများ ကိုလေ့လာခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Liberal Democratic Party မှ လွှတ်တော်ဆိုင်ရာ ဂျပန်-မြန်မာ ချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊  ချစ်ကြည်ရေးအသင်းအဖွဲ့ဝင်များနှင့်လည်းကောင်း တွေ့ဆုံ၍  စာတိုက်လုပ်ငန်း နှင့်  ဆက်သွယ်ရေးဆိုင်ရာ ကဏ္ဍရပ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှုများ  ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး မေ(၃၀) ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment