Sunday, May 31, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၅ ခုနှစ် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်း အစည်းအဝေး၌ အမှာစကားပြောကြား


နေပြည်တော်၊ မေ- ၃၀
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းထိ တပ်မတော်အနေဖြင့် မှတ်တမ်းတင် ထားသည့် တိုက်ပွဲကြီး ၁၅၅၇ ပွဲ ၊ တိုက်ပွဲငယ် ၁၆၅၇၁ ပွဲ ရှိခဲ့ပါကြောင်း၊ ယင်းတိုက်ပွဲ ကြီးငယ်များစွာ တွင် ထောင်သောင်းမကသော တပ်မတော်သားများ၏ အသက်သွေးချွေးများ ပေးဆပ်ခဲ့ရပါကြောင်း၊


ထိုသို့ ပေးဆပ်လုပ်ဆောင်မှုများကြောင့်လည်း မိမိနိုင်ငံနယ်နိမိတ်ပြောင်းလဲမှု မရှိအောင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် ကာကွယ်ထိန်းသိမ်း နိုင်ခဲ့ပြီး လက်ရှိနိုင်ငံတော်၏ အခြေအနေအတိုင်း ရှိနေခြင်းဖြစ်ပါကြောင်း၊ ၎င်းအခြေအနေကို ထိခိုက်စေမည့် မည်သည့်ကိစ္စရပ် မျိုးကိုမဆို တပ်မတော်အနေဖြင့် ထိန်းသိမ်း ကာကွယ်စောင့်ရှောက် သွားရမည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် ပြုလုပ်သော ၂၀၁၅ ခုနှစ်၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ညှိနှိုင်းအစည်းအဝေး၌ အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် တပ်မတော် အရာရှိကြီးများ၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ နည်းပြများ နှင့် သင်တန်းသား အရာရှိကြီးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတပ်မတော်သည် ပြည်သူကြားက
ပေါက်ဖွား လာခြင်းဖြစ်၍ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရ မည်ဖြစ်ကြောင်း၊ မိမိတို့ ကိုင်ဆောင်ထားသည့် လက်နက်၊ ခဲယမ်းများမှာ တိုင်းပြည်နှင့်ပြည်သူက ယုံကြည်စွာ အပ်နှံထားခြင်းဖြစ်၍ ယင်းတို့ကို ကိုင်ဆောင်ပြီး တိုင်းပြည်ကို ကာကွယ်ရ မည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံတော်နှင့်ပြည်သူကို ကာကွယ် စောင့်ရှောက်ရန် စွမ်းရည် ရှိသော တပ်မတော်ဖြစ်ရန်လိုကြောင်း ၊ သို့ဖြစ်၍ တိုက်စွမ်းအားနှင့် တိုက်စွမ်းရည်မြှင့်တင်မှုများ မဖြစ်မနေလုပ်ဆောင်ရမှာ ဖြစ်ကြောင်း၊ အခြေခံကျသည့် တပ်မတော်သားများ ပညာရည်မြှင့်တင်ရေး ကိုလည်း မဖြစ်မနေလုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ရဲစွမ်းသတ္တိနှင့်စွန့်လွှတ် စွန့်စားသည့် စိတ်ဓာတ်များ၊ တပ်မတော် ချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်များအား ရှင်သန်နေ အောင် လုပ်ဆောင်ရန်နှင့် သူ့နေရာနှင့်သူ လုပ်ဆောင်တတ်စေရန် လိုအပ်ကြောင်း ။
၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုများကြောင့် ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုး ပြီးသည့်အဖွဲ့ ၁၂ ဖွဲ့၊ ပြည်နယ် အဆင့်လက်မှတ် ရေးထိုးထားသည့်အဖွဲ့ ၂ ဖွဲ့တို့နှင့် ငြိမ်းချမ်းရေး သဘောတူညီမှု ကတိကဝတ်များ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆောင်ရွက် မှုလုပ်ငန်း စဉ်တွင် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်နေကြောင်း၊ တပ်မတော် အနေဖြင့် တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်း မဟုတ်ဘဲ တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ထိပါးသော ရန်သူ ၊ တိုင်းပြည်၏ သယံဇာတများကို ခိုးထုတ်နေ သော၊ ခိုးထုတ်မှုကို ကာကွယ်ပေးနေသော ရန်သူနှင့် တစ်ကမ္ဘာလုံး က လက်မခံသည့် မူးယစ်ဆေးဝါး ထုတ်လုပ်နေသော ရန်သူများ ကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊
တပ်မတော်သားများသည် ရှေ့တန်းစစ်ဆင်ရေးတွင် အသက်သွေးချွေး ပေးဆပ်ရုံသာမက သွားလာရေးခက်ခဲသော၊ ရာသီဥတု ဆိုးဝါးသော အစွန်အဖျားနယ်စပ်ဒေသများ တွင်လည်း နေထိုင် တာဝန်ထမ်း ဆောင်နေကြရကြောင်း၊ နေထိုင်စားသောက်မှု ဆင်းရဲခြင်း၊ ပင်ပန်း ကြမ်းတမ်းစွာ တာဝန်ထမ်းဆောင်ရခြင်း၊
အသက်ခန္ဓာသွေးချွေး များစွာ စတေးရခြင်းတို့မှာ တပ်မတော်၏ ပေးဆပ်မှုများ ပင်ဖြစ်ကြောင်း ၊ ထိုသို့ပေးဆပ်မှု၊ စတေး မှုများစွာဖြင့် တည်ဆောက်ခဲ့ရသော တိုင်းပြည်၏ အခြေအနေ ယိမ်းယိုင်သွား၍ မရကြောင်း၊ တွေ့ကြုံလာရမည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေ များအား ရင်ဆိုင်နိုင်သည့်စိတ်ဓာတ်များ ရှင်သန်နေရန် လိုအပ်ကြောင်း ။
လူတိုင်းလွတ်လပ်မှုကို လိုလားကြကြောင်း ၊ သို့သော် စည်းကမ်းနှင့် အညီ ဖြစ် ရန် လိုကြောင်း၊ စည်းကမ်းကောင်း သော တပ်မတော်သားများ ဖြစ်ရန် လိုအပ်သကဲ့သို့ လိုက်လျောညီထွေရှိသည့် နေထိုင်မှု စနစ်နှင့် ဒီမိုကရေစီ အလေ့အကျင့်များ ရရှိအောင် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊

ရှိသည့်စွမ်းအား အပေါ် မူတည်ပြီး လူတစ်ဦးချင်း၏ စွမ်းအားမှသည် မိမိတပ်စွမ်းအား၊ တပ်မတော် ၏စွမ်းအား မြှင့်တင် နိုင်သည်အထိ နိုင်ငံတော်ကို အကျိုးပြုနိုင်သည်အထိ တိုင်းပြည်အတွက် သစ္စာရှိရှိဖြင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ကြိုးစား လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေတွင် စစ်ဆင်ရေး တာဝန် ထမ်းဆောင်စဉ် အသက် စွန့်လွှတ်ခဲ့သူ ၊ ထိခိုက်ဒဏ်ရာ ရရှိသူ အရာရှိ ၊ စစ်သည် ၊ မိသားစုများ ၊ သက်ပြည့်အငြိမ်းစားယူသည့် အရာရှိ ၊ စစ်သည် ၊ မိသားစုများ နေထိုင်ရန်အတွက် အများစုနေထိုင်လိုသည့် တိုင်းစစ်ဌာနချုပ် နယ်မြေ ၅ ခု၌ စစ်မှုထမ်းဟောင်း အိမ်ရာ တိုက်ခန်း ၅၄၆ ခန့်အား ကျပ်ငွေ ၁၁ ဘီလီယံ အကုန်အကျခံ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုနှစ်တွင်လည်း ကျပ်ငွေ ၆ ဘီလီယံ တန်ဖိုးရှိသည့် လိုင်းခန်းများကို အခြားတိုင်း စစ်ဌာနချုပ်နယ်မြေ ၃ ခုတွင် ထပ်မံဆောက်လုပ်သွား မည်ဖြစ်ကြောင်း၊ ယင်းစစ်မှုထမ်းဟောင်းအိမ်ရာ ဆောက်လုပ်ရေးနှင့်ပတ်သက်၍ ပူးပေါင်း ပါဝင်ဆောင်ရွက်လို သူများကိုလည်း လက်ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ ဘတ်ဂျက်ခွဲဝေရရှိသည့် အခြေအနေ အပေါ်မူတည်၍ စစ်မှုထမ်း ဟောင်း အိမ်ရာ စီမံကိန်းများကို ဆက်လက်တိုးချဲ့ လုပ်ဆောင်သွား မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။ 

No comments:

Post a Comment