Wednesday, April 29, 2015

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ စွယ်တော်မြတ်စေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညို


ပေကျင်း- ဧပြီ ၂၉
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အဖွဲ့သည် ဧပြီ (၂၇) ရက် ဒေသစံတော်ချိန် နံနက်(၁၁)နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ လင်ကွန်းဘုရား ကျောင်း၌ ကိန်းဝပ် စံပယ်တော်မူလျက်ရှိသော ဗုဒ္ဓစွယ်တော်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဆရာတော် Shin Chan Zang အား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကသည် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို   အမြဲတမ်းကော်မတီ အဖွဲ့ဝင် မစ္စတာ လျူယန်ရှန်နှင့် ဒေသ စံတော်ချိန် ညနေ(၃)နာရီတွင် ပေကျင်းမြို့ရှိ People's  Great  Hall ဧည့်ခန်းမ၌ တွေ့ဆုံပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့သည် ပေကျင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်း ခရီးဖြင့် ညပိုင်းတွင်   ဆက်လက်ထွက်ခွာခဲ့ကြရာ ကူမင်းမြို့သို့ ဒေသစံတော်ချိန် ည (၁၂) နာရီတွင် ရောက်ရှိကြသည်။

ကူမင်းလေဆိပ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မဒမ် ကျိုးဟုန်၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ကူမင်း) ကောင်စစ်ဝန်ချုပ် ဦးအောင်မြင့်ထွန်းနှင့် ဇနီး၊ သံရုံး မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

No comments:

Post a Comment