Wednesday, April 29, 2015

အာဆီယံဆေးတပ်ဖွဲ့များသည် တပ်မတော်အတွက်သာမက ပြည်သူလူထုကပါ အားကိုးအားထားပြုနိုင်သည့် ဆေးတပ်ဖွဲ့များဖြစ်စေရေး ကြိုးပမ်းလုပ်ဆောင်


နေပြည်တော် ဧပြီ ၂၉
တပ်မတော်ဆိုသည်မှာ ပြည်သူကြားမှ ပေါက်ဖွားလာပြီး တိုင်းပြည်ကို ကာကွယ် ရန်၊ ပြည်သူ လူထု အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပါကြောင်း၊ တပ်မတော်ဆေးတပ်ဖွဲ့များသည် ပြည်သူ လူထုနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမှု အရှိဆုံး အဖွဲ့အစည်းဖြစ်ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၂ နာရီတွင် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ (၅)ကြိမ်မြောက် အာဆီယံဆေးတပ်ဖွဲ့ အကြီးအကဲများ စုံညီ အစည်း အဝေး (5th ASEAN  Chiefs of  Military Medicine  Conference-5th ACMMC)သို့ တက်ရောက်ကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆေးတပ်ဖွဲ့ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာ ရှိကြီးများ တက်ရောက်ကြပြီး အဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆေးတပ်ဖွဲ့အကြီးအကဲများဖြစ်ကြသော ဘရူနိုင်း နိုင်ငံမှ Col. Awang  Mohd Hafizul  Bin  Awg  Mohd Hassan၊ ကမ္ဘောဒီးယားနိုင်ငံမှ Brig.  Gen.  SAO.  SIDONA၊ အင်ဒိုနီးရှားနိုင်ငံမှ Maj.  Gen.  Daniel  Tjen၊ လာအိုနိုင်ငံမှ Lt. Col  Khamphai  Phansily၊   မလေးရှားနိုင်ငံမှ Lt. Gen.  Datuk (Dr) Hj Abd  Razak  bin  Md  Yusoff၊ ဖိလစ်ပိုင်နိုင်ငံမှ Col.  Joseph  M  Acosta၊ ထိုင်းနိုင်ငံမှ Air  Vice  Marshal  Lerpong  Tanakijaronpat နှင့် ဗီယက်နမ်နိုင်ငံမှ Maj. Gen. Vu  Quoc Binh တို့ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဆီယံသည် ဒေသတွင်း စည်းလုံးညီညွတ်ပြီး တောင့်တင်းခိုင်မာသည့် အသင်းကြီးဖြစ်ပါကြောင်း၊ လူဦးရေသန်း ၆၀၀ ကျော်ရှိပြီး စီးပွားရေးလည်း တောင့်တင်းခိုင်မာကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတကာမှ အာဆီယံ၏ စည်းလုံးမှုစွမ်းအားကို အလေးထား ပါကြောင်း၊ သို့ဖြစ်၍ အာဆီယံနိုင်ငံများရှိ ပြည်သူများ ကျန်းမာရန်နှင့် ဥာဏ်ရည် ထက်မြက်ရန် လိုအပ် ပါကြောင်း။
ဆေးပညာရပ်များသည် အမြဲတိုးတက်ပြောင်းလဲနေ၍ အာဆီယံဆေး တပ်ဖွဲ့များ အနေဖြင့် အတွေ့အကြုံချင်း ဆေးပညာအမြင်ချင်းဖလှယ်၍ ပူးပေါင်းဆောင်ရွက်မည် ဆိုလျှင် အာဆီယံနိုင်ငံများအတွက် ပိုမိုအကျိုးရှိပြီး အထောက်အကူပြုမည်ဖြစ် ကြောင်း၊ အာဆီယံဆေးတပ်ဖွဲ့ဝင်များအနေဖြင့် သဘာဝဘေး အန္တရာယ်နှင့် ကြုံတွေ့ရ ချိန်များတွင်လည်း ၀ိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက်ကြပါကြောင်း၊ ဆေးတပ်ဖွဲ့ များအနေဖြင့် တပ်မတော်သားများ စွမ်းရည်မြင့်မားရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးသကဲ့သို့ ပြည်သူလူထုကို ကျန်းမာရေးကာကွယ် စောင့်ရှောက် ပေးရန် လိုအပ်ပါကြောင်း၊ အာဆီယံဆေးတပ်ဖွဲ့များသည် တပ်မတော် အတွက်သာ မက ပြည်သူလူထုကလည်း အားကိုးအားထားပြုနိုင်သည့် ဆေးတပ်ဖွဲ့များဖြစ်ရေး ကြိုးပမ်း လုပ်ဆောင်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အာဆီယံဆေးတပ်ဖွဲ့များမှ ကိုယ်စားလှယ်များ၏ ခေါင်းဆောင်ဖြစ်သူ မလေးရှားနိုင်ငံမှ Lt. Gen.Datuk (Dr)Hj Abd Razak bin Md Yusoff ၊ ဗီယက်နမ်နိုင်ငံမှ  Maj. Gen. Vuquoc Binh နှင့် ဖိလစ်ပိုင်နိုင်ငံမှ Col. Joseph M Acosta တို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားကြပြီး အာဆီယံ ဆေးတပ်ဖွဲ့ အကြီးအကဲများ စုံညီအစည်းအဝေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများကို တင်ပြ ကြသည်။
၂၀၁၀ ပြည့်နှစ် မတ်လတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပခဲ့သည့် ၇ ကြိမ်မြောက် အာဆီယံ ကာကွယ် ရေး ဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (7 th ACDFIM)မှ သဘောတူညီချက်ဖြင့် အာဆီယံ ဆေးတပ်ဖွဲ့အကြီးအကဲများ စုံညီ အစည်းအဝေး (ASEAN Chiefs of Military Medicine Conference –ACMMC)ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌   ၂၀၁၁ ခုနှစ်မှစတင်၍ ပထမအကြိမ် စတင်ကျင်းပခဲ့ သည်။ ၅ ကြိမ် မြောက် အာဆီယံဆေးတပ်ဖွဲ့ အကြီးအကဲများ စုံညီအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင် နိုင်ငံ အဖြစ် လက်ခံ ကျင်းပသကဲ့သို့ ၆ ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

(မြ၀တီ)

No comments:

Post a Comment