Tuesday, April 28, 2015

မန္တလေးတိုင်းဒေသကြီး အတွင်းရှိမြို့နယ် ၂၀ မှ အခြေခံမဲဆန္ဒရှင် စာရင်းများကို ဇွန် ၁ ရက်တွင် စတင် ထုတ်ပြန်မည်



မန္တလေး ဧပြီ ၂၇
 
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၌ အခြေခံမဲဆန္ဒရှင် စာရင်းများ ကွန်ပျူတာအတွင်းသို့ ထည့်သွင်းခြင်း လုပ်ငန်း ကို ဆောင်ရွက်လျက်ရှိရာ မြို့နယ် ၂ဝ မှ မဲဆန္ဒ ရှင်စာရင်းများ ကောက်ယူ စာရင်းသွင်း ခြင်း ဆောင်ရွက်ပြီးဖြစ်၍ ဇွန် ၁ ရက်မှ စ၍ ၁၄ ရက်အထိ မဲဆန္ဒ ရှင်စာရင်းများကို ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများမှာ မန္တလေးခရိုင် အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်၊ ကျောက်ဆည်ခရိုင် အတွင်းရှိ မြို့နယ်လေး မြို့နယ်၊ ပြင်ဦးလွင်ခရိုင် အတွင်းရှိ မြို့နယ် ငါးမြို့နယ်၊ မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်လေး မြို့နယ် တို့မှ မဲဆန္ဒရှင် စာရင်းများ ထုတ်ပြန်မည်ဖြစ်ရာ ယင်းစာရင်းများကို မဲဆန္ဒရှင်များ လာရောက်ကြည့်ရှုနိုင်ရေး အတွက် လှုံ့ဆော်ပေးရေးနှင့် ပတ်သက်၍ မေ ၄ ရက်တွင် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုး က ပြောကြားသည်။
''ဒီဆွေးနွေးပွဲမှာ မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းတွေ လာရောက် ကြည့်ရှုဖို့ ကြိုတင်လှုံ့ဆော်ပေးဖို့ အတွက် လိုအပ်တဲ့ လက်ကမ်း စာစောင်တွေ၊ ပန်းဖလက်တွေ၊ ဗီနိုင်းနဲ့ ပိုစတာများ ကြိုတင်ဖြန့်ဝေခြင်း လုပ်ငန်းတွေ ဆောင်ရွက်ဖို့ သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာအလိုက် အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေကို အစီအစဉ်တွေ ညှိနှိုင်းဖို့ဖြစ်ပါတယ်'' ဟု ၄င်းက ပြောကြား သည်။
မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေး သာစံမြို့နယ်၊ မဟာအောင်မြေ မြို့နယ်၊ ချမ်းမြသာစည် မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရ မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ စဥ့်ကိုင်မြို့နယ်၊ မြစ်သား မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ တံတားဦးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ်၊ ငါန်းဇွန်မြို့ နယ်၊ မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်နှင့် တောင်သာ မြို့နယ်များတွင် မဲဆန္ဒရှင် စာရင်းကို ၂ဝ၁၅ ခုနှစ် ဇွန် ၁ ရက်မှ ၁၄ ရက် အထိ ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။



No comments:

Post a Comment