Tuesday, April 28, 2015

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံ

ပေကျင်း ဧပြီ ၂၈
ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်၌ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော် နာယက က ကောင်းမွန်သော ဆက်ဆံရေး ရှိမှသာ နှစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေး အပါအ၀င် နယ်စပ်ဒေသ ငြိမ်းချမ်းရေး ကိစ္စရပ်များကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်း နိုင်ငံ ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာ ဖလှယ်မှုများ၊ ကုန်သွယ်မှု တိုးမြှင့်မှုများအပြင် နှစ်နိုင်ငံ အချင်းချင်း ယဉ်ကျေးမှု ဖလှယ်မှုများ ရှိခဲ့ကြပါကြောင်း၊ ယနေ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ချမှတ်ထားသည့် မူဝါဒများသည် ကောင်းမွန်၍ လက်တွေ့ ကျပါကြောင်း၊ တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက် မစွက်ဖက်သော မူဝါဒနှင့် မြန်မာ နိုင်ငံ၏ အချုပ်အခြာ အာဏာ၊ နယ်မြေ တည်တံ့ခိုင်မြဲရေးကို တရုတ်နိုင်ငံမှ လေးစား လက်ခံထားသည်ကို မိမိတို့ သိရှိထားပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံနှင့် ကိုက်ညီသော နိုင်ငံရေးစနစ်ကို နားလည် လက်ခံ အားပေးသည်ကို သိရှိရ၍ ၀မ်းမြောက်မိပါကြောင်းဖြင့် ပြောကြားသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတမှ ပြောကြားရာတွင် တရုတ်- မြန်မာ နှစ်နိုင်ငံ၏ ကောင်းမွန်သော ဆက်ဆံရေးသည် ရှေးအဆက်ဆက် နိုင်ငံ ခေါင်းဆောင်များက ဂရုတစိုက် ဆောင်ရွက်ခဲ့သည့် ဆက်ဆံရေး ဖြစ်သည့်အတွက် မိမိတို့ မျိုးဆက်သစ်များ အနေဖြင့်လည်း ကောင်းမွန်သည့် အမွေအနှစ်များကို ဆက်ခံဖို့ လိုပါကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ်နှင့် ဘန်ဒေါင်းညီလာခံမှ ချမှတ်သော မူ (၁၀)ချက်မှာ ကောင်းမွန်သည့် အစဉ်အလာများ ဖြစ်သည့်အတွက် ဆက်လက် အကောင်အထည် ဖော်ရမှာ ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ နယ်မြေ တည်တံ့ခိုင်မြဲရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အတူတကွ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်းဖြင့် ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယကနှင့် အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော ဦးစိုးသာ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော်နှင့် ဦးတီခွန်မြတ်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတနှင့်အတူ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာန ၀န်ကြီး မစ္စတာ ၀မ်ကျားရွေ့နှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ အထွေထွေရေးရာဌာန အထွေထွေ အတွင်းရေးမှူး မစ္စတာ တင်ရွှေရှောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment