Wednesday, April 29, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မလေးရှား တပ်မတော်ကြည်း တပ်ဦးစီး ချုပ်အား လက်ခံတွေ့ဆုံ


နေပြည်တော် ၊  ဧပြီ - ၂၉
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့ ညနေ ၅ နာရီတွင် မလေးရှား တပ်မတော်ကြည်းတပ်ဦးစီးချုပ် General Tan  Sri  Raja  Mohamed Affandi bin Raja Mohamed Noor အား ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့တက်ရောက်ကြပြီး  မလေးရှား တပ်မတော်ကြည်းတပ်ဦးစီးချုပ်  General Tan  Sri  Raja  Mohamed Affandi bin Raja Mohamed Noor  နှင့်အတူ မလေးရှားတပ်မတော်မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားစစ်သံမှူး Colonel  Mohd  Yasin  Bin  Usop တို့  တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှစ်နိုင်ငံချစ်ကြည် ရင်းနှီးသည့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး တပ်မတော်နှစ်ရပ်အကြားတွင် လည်း ပွင့်လင်းနွေးထွေးသည့် ဆက်ဆံရေးရှိပါကြောင်း၊ တပ်မတော် နှစ်ရပ်အကြား အကြမ်းဖက် မှု တားဆီးကာကွယ်ရေး အပါအဝင် အခြားနယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ဒေသ တွင်းအထောက်အကူ ပြုနိုင်သည့် အင်အားတစ်ခုကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံဖြတ်သန်းခဲ့သည့်  တူညီသော သမိုင်းကြောင်း ရှိသဖြင့် မိမိတို့၏ အတွေ့အကြုံ များကို ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် တပ်မတော် နှစ်ရပ်၏ စွမ်းရည်တိုးမြှင့်ရေးကိုလည်း အထောက်အကူ ဖြစ်စေနိုင်ပါ ကြောင်း၊ တပ်မတော် နှစ်ရပ်အကြား များစွာချစ်ကြည် ရင်းနှီးသည့် အားလျော်စွာ မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားများကိုလည်း ဥပဒေနှင့် အညီ ကူညီစောင့်ရှောက် ပေးစေလိုကြောင်း ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး တပ်မတော်နှစ်ရပ်အကြား လုပ်ဆောင်လျက်ရှိသည့် Army  to Army  လုပ်ငန်းဆောင်ရွက် မှုများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မလေးရှား တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Tan  Sri  Raja  Mohamed Affandi bin Raja Mohamed Noor  တို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(မြ၀တီ)


No comments:

Post a Comment