Tuesday, April 28, 2015

AA လက်နက်ကိုင် အဖွဲ့မှ လက်နက်များ သိမ်းဆည်းရမိ

နေပြည်တော်၊ ဧပြီ - ၂၈
ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ် ကုလားချောင်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် AA လက်နက်ကိုင် အဖွဲ့များ စိမ့်ဝင် ခိုအောင်းနေကြောင်း သတင်း အရ တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရာ AA လက်နက်ကိုင် အဖွဲ့ဝင် အချို့နှင့် လက်နက် ခဲယမ်းများ၊ အသုံးအဆောင် ပစ္စည်းများ ဖမ်းဆီးရမိလျက် ရှိသည်။

ထို့ပြင် စပါးဆိပ် ကျေးရွာနှင့် ကုလားကျကျေးရွာ ပတ်ဝန်းကျင်အား ဧပြီ ၂၇ ရက် နံနက်ပိုင်းမှ စတင်၍ တပ်မတော် စစ်ကြောင်းများက အသေးစိတ် ဖြန့်ခွဲ ရှင်းလင်းခဲ့ရာ ကုလားကျ ကျေးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာရှိ သဘာဝ ကျောက်လှိုဏ်ဂူ အတွင်း၌ ကျောက်တုံးများဖြင့် ဖုံးအုပ်ထားသော အမ်(၂၂) ပုံစံသေနတ် ၅ လက်၊ အမ် (၂၅)ပုံစံ သေနတ် ၄ လက်၊ စုစုပေါင်း ၉ လက်အား သိမ်းဆည်း ရမိခဲ့ပြီး ဆက်လက် ရှင်းလင်းခဲ့ရာ ပေ ၅၀ ခန့်အကွာ၌ သစ်ရွက်များဖြင့် ဖုံးအုပ်ထားသော အမ် (၂၂)ပုံစံ သေနတ် ၆ လက်နှင့် အမ် (၂၅)ပုံစံ သေနတ် ၄ လက်၊ စုစုပေါင်း ၁၀ လက်အား ထပ်မံ သိမ်းဆည်း ရမိခဲ့သည်။
သိမ်းဆည်းရမိသော လက်နက်မျိုးစုံ ၁၉ လက်အား အသေးစိတ် စိစစ်ခဲ့ရာ လက်နက်များ၏ ကိုယ်ထည်တွင် စက်ဝိုင်း အတွင်း၌ ၇ ထောင့် ကြယ်ပုံ ပါရှိသည့် သင်္ကေတ၊ M-22 ၊ M-25 စသည့် သေနတ် အမျိုးအစား စာသားနှင့် KO အက္ခရာ ပါရှိသည့် သေနတ် နံပါတ်များ ရိုက်နှိပ်ထားကြောင်း သိရသည်။

နယ်မြေအတွင်း AA လက်နက်ကိုင် အဖွဲ့များ ခိုအောင်းခြင်း မရှိစေရေး အတွက် တပ်မတော် စစ်ကြောင်းများက ဒေသခံ ပြည်သူများနှင့် အတူ ပူးပေါင်း၍ သတင်း ဖော်ထုတ် ရှင်းလင်းလျက် ရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment