နေပြည်တော် ဧပြီ ၂၇
တောင်သူလယ်သမားများ ရာသီအလိုက် စိုက်ပျိုးထွက်ရှိသော
သီးနှံ အမယ်များကို တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် နိုင်ငံ တကာ ဈေးကွက်များသို့
တင်ပို့ရောင်းချနိုင်ရန် သိပ္ပံနည်းကျ စိုက်နည်းစနစ်ဖြင့် စံချိန်၊ စံညွှန်း ကိုက်ညီစွာဖြင့်
စိုက်ပျိုး အကောင်အထည် ဖော်လျက်ရှိသော စိုက်ကွင်းကြီးများကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည်
ယနေ့ နံနက် (၇)နာရီတွင် ဥတ္တရ သီရိမြို့နယ်၊ တောင်သူပညာပေး ဧက(၉၀၀)စိုက်ကွင်း အတွင်း၌
တောင်ကိုရီးယားနိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချရန် စိုက်ပျိုးထားသော ငရုတ်သီးနှံစိုက်ခင်းများ
ဖြစ်ထွန်းအောင်မြင်နေမှုနှင့် မြန်မာနယူးဧရာ ကုမ္ပဏီ၏ တစ်ကြိမ်လျှင် တန် (၅၀၀) ထိန်းသိမ်း
သိုလှောင်နိုင်သည့် အအေးခန်း စက်ရုံကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
စက်ရုံအတွင်း၌ မာလာမြိုင်ကုမ္ပဏီနှင့်
မြန်မာနယူးဧရာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် စိန်တလုံး သရက်သီးများကို
ယခု သရက်သီး ထွက်ရှိသော ရာသီကာလ၌ နိုင်ငံခြားဈေးကွက်များသို့ တင်ပို့နိုင်ရန် ခေတ်မီ
အဆင့်မြင့် သန့်စင်ဆေးကြော စက်အား စမ်းသပ် လည်ပတ်နေမှု၊ သစ်သီးဝလံများကို သန့်စင်သော
ရေဖြင့် ဆေးကြောနိုင်ရန် မြေအောက်ရေ တူးဖော်စက် ကိရိယာဖြင့် ရေတွင်းတူးဖော်နေမှု လုပ်ငန်းခွင်သို့
ရောက်ရှိရာ တစ်နာရီလျှင် ရေဂါလံ (၃၀၀၀) ထွက်ရှိနေပြီး သိုလှောင်ရန် အတွက် အုတ်ရေကန်
တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတဆင့် ကိုးရွာသပြေကုန်း ကျေးရွာအနီး
ငရုတ် သီးနှံစိုက်ခင်းများ၊ နှစ်ရှည် ကျွဲကော၊ ပိန္နဲသီးနှံတို့နှင့် ရောနှော၍ စိုက်ပျိုးခင်း များကို
ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ မျိုးစေ့ သိုလှောင်ရုံ အအေးခန်း
အဆောက်အဦး ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး တည်ဆောက်ရေး လုပ်ငန်းများ
ရာသီအချိန်ကိုက် ပြီးစီးရေးနှင့် မျိုးစေ့သန့်စင်စက်များ အချိန်မီ ရောက်ရှိရေး တာဝန်ရှိ
သူများအား မှာကြားသည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ်၊ ကျားကူး
အနောက် ကျေးရွာအနီး မြန်မာ နယူးဧရာ ကုမ္ပဏီ၏ တဆက်တစပ်တည်း ပုလဲသွယ် စပ်မျိုးစပါး ဧက (၁၀၀)
F-1 မျိုးစေ့ထုတ် စိုက်ကွင်းနှင့် ပြည်ပမှ ပထမအသုတ်မှာယူ ရောက်ရှိလာသော တစ်နာရီလျှင်
(၁၀) တန် သန့်စင်ပေးနိုင်သည့် ခေတ်မီ မျိုးစေ့ သန့်စင်စက်အား တပ်ဆင်ရန် အသင့်ဖြစ်နေမှုကို
ကြည့်ရှု အားပေးသည်။
ထိုမှတဆင့် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအနီး
ကြံတောင်သူ ပညာပေး စိုက်ကွင်း၊ သပြေပင် ကျေးရွာအနီးနှင့် စိမ်းစားပင်ကျေးရွာ အနီးရှိ
ငရုတ်သီးနှံ စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးသည်။