Wednesday, December 24, 2014

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ထိုင်းနိုင်ငံ လယ်ယာ စိုက်ပျိုးရေးဝန်ကြီး Mr. Petipong Pungbun Na Ayudhya ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား လယ်ယာကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး ကွင်းဆင်း လေ့လာ

ရက်စွဲ - ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်
လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် သည် ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိ ခဲ့ကြပြီး၊ CT Distribution Centre & CM (Chiangmai Frozen Foods Public Co; Ltd) Group ဥက္ကဌ  Mr. Prayoon Pholpipattanaphong နှင့် ထိုင်းတပ်မတော်မှ ဗိုလ်ချုပ်ကြီး   Mr. Surassak၊ ထိုင်းနိုင်ငံ၊ လယ်ယာ စိုက်ပျိုးရေး နှင့်သမဝါယမဝန်ကြီးဌာနမှ Inspector Mr. Surajit Intarachit, Ms. Yupadee Memarat နှင့် Ms. Puncharat Muansoy တို့နှင့်အတူ ဘန်ကောက်မြို့ရှိ တန်ချိန် (၂၂၀၀၀) သိုလှောင်နိုင်သည့် ခေတ်မီ အအေးခန်းသိုလှောင်ရုံသို့ သွားရောက် လေ့လာခဲ့ကြပါသည်။


စက်ရုံ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ ခေတ်မီအအေးခန်း သိုလှောင်ရုံစနစ်၏ သစ်သီးဝလံများကို(-၂၅) ဒီဂရီစင်တီဂရိတ် မှ (-၃၀)အထိ သိုလှောင်နိုင်ပြီး၊ အအေးပေးစနစ်၊ ခေတ်မီ ထားသို့ခြင်းစနစ်များဖြင့် ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သို့ တင်ပို့ရောင်းချလျက် ရှိပါသည်။ အရည်အသွေး စစ်ဆေး ထိန်းသိမ်းသည့် ဓာတ်ခွဲခန်းများ၊ ကုန်ပစ္စည်းများကို အလွယ်တကူရွှေ့ပြောင်း နိုင် သည့် ခေတ်မီယာဉ်အသုံးပြုသည့်စနစ်၊ ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ် ထားသည့် မှတ်တမ်းများ၊ အအေးပေးစနစ်အား အထောက်အကူဖြစ်သည့် ဓာတ်ငွေ့ခန်းများ၊ လျှပ်စစ်မီး ပြတ်တောက်သည့်အခါ အရံလျှပ်စစ်ဓာတ်အား ပေးနိုင်မည့် ကီလိုဝပ် (၅၀၀)နှင့် ကီလိုဝပ်(၈၀၀)ရှိ ဓာတ်အားပေးစနစ်များ၊ တန်ချိန်(၂၂)တန် သယ်ယူ နိုင်သည့် အအေးခန်းစနစ်ကားများကို သွားရောက်လေ့လာ ခဲ့ကြပါသည်။ အဆိုပါ အအေးခန်း သိုလှောင်ရုံ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် အမေရိကန် ဒေါ်လာ သန်း(၄၀)ရှိကြောင်း  သိရ ပါသည်။
ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် ဘန်ကောက်မြို့မှ ချင်းမိုင်မြို့သို့ သွားရောက်ခဲ့ပြီး၊ ချင်းမိုင်မြို့ရှိ တစ်နေ့လျှင် တန်ချိန်(၂၀၀)ထုတ်လုပ်နိုင်သည့် ပဲပုပ်စိမ်း(Green Soybean) နှင့် ပဲတောင့်ရှည် (Green Bean) အေးခဲစက်ရုံ (Frozen Vegetable Factory)သို့ သွားရောက် လေ့လာခဲ့ပါသည်။
ဟင်းသီးဟင်းရွက်အေးခဲစက်ရုံ ရှင်းလင်းဆောင်တွင် Chiang Mai Frozen Factory ၏ Chairman Mr. Prayoon Pholpipattanaphong နှင့် စက်ရုံမန်နေဂျာများမှ ကြိုဆိုပြီး၊ စက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ဖြစ်သည့် သန့်စင်ဆေးကြောခြင်း၊ အရွယ်အစား ရွေးချယ်ခြင်း၊ ထုပ်ပိုးခြင်း၊ စားသောက် ကုန်များ ပိုးမွှားရောဂါအန္တရာယ် ကင်းရှင်းစေရေး အတွက် ပိုးသန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဖုန်ခဲသဲ အမှိုက် သရိုက်များ အပါအဝင် အခြား အညစ်အကြေး (Foreign matters) များကို ကင်းရှင်းအောင် ဆောင်ရွက်ခြင်း၊ အရည်အသွေး ထိန်းသိမ်းရန် ဓာတ်ခွဲခန်းများဖြင့် စစ်ဆေးဆောင်ရွက်ခြင်းများကို တာဝန်ရှိသူ များမှ ရှင်းလင်း ပြသရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့မှ သက်ဆိုင်ရာကဏ္ဍအလိုက် အဆင့်ဆင့် လုပ်ငန်း ဆောင်ရွက်မှုများကို ကြည့်ရှုလေ့လာခဲ့ကြပါသည်။ အဆိုပါ Frozen Factory ၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည် ဒေါ်လာ သန်း(၂၀၀)မှ (၃၀၀)အထိ ရှိပြီး၊ ထိုင်းနိုင်ငံမှ နိုင်ငံခြားသို့ တင်ပို့သည့် ဟင်းသီး ဟင်းရွက်များ၏ ၆၀ ရာခိုင်နှုန်းကို ဤကုမ္ပဏီမှ တင်ပို့လျက်ရှိပြီး၊ အမေရိကန်၊ ဂျပန်နှင့် ဥရောပ ဈေးကွက်များသို့ တင်ပို့လျက်ရှိပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ချင်းမိုင်မြို့မှ ကီလိုမီတာ (၂၀၀) အကွာ တွင်ရှိသော ချင်းရိုင်မြို့ရှိ ပျားလိမ္မော်သီး Processing Factory သို့ ရောက်ရှိခဲ့ပါသည်။ စက်ရုံတွင် အသီးများ ရေဆေးသန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ အရောင်တင်ခြင်း၊ အရွယ်အစား ရွေးချယ်ခြင်းနှင့် ထုပ်ပိုးခြင်းများကို အဆင့်ဆင့် စနစ်တကျ ဆောင်ရွက်လျက်ရှိသည်များကို ဥက္ကဌနှင့်အတူလိုက်လံကြည့်ရှု ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချင်းရိုင်မြို့ရှိ ဧက(၃၆၀၀)ကျယ်ဝန်း၍ စိုက်ကွက်အလိုက် စနစ်တကျ စိုက်ပျိုးထားသော ပျားလိမ္မော်စိုက်ခင်းသို့ ရောက်ရှိကြပြီး၊ စိုက်ခင်း၌ CM ကုမ္ပဏီ ဥက္ကဌနှင့် ပညာရှင်များမှ တစ်နှစ်လျှင် (၁၀)လ အသီးစွတ်ခူးလျက် ရှိသည့် စိုက်ခင်းကို လိုက်လံပြသကြရာ မြေဆီလွှာ ပညာရှင်၊ ပိုးမွှားပညာရှင်၊ ရေစီမံခန့်ခွဲမှု ပညာရှင်၊ ဈေးကွက်ပညာရှင်များမှ မိမိတို့၏ လုပ်ငန်း ကဏ္ဍအလိုက် ဆောင်ရွက်မှုများကို အသီးသီး ရှင်းလင်း တင်ပြကြပြီးနောက် လုပ်သားအင်အား(၂၀၀၀)ဖြင့် စိုက်ခင်း လုပ်ငန်းများ ကို ဆောင်ရွက်နေမှု များကို အသေးစိတ် လေ့လာကြည့်ရှုခဲ့ကြပါသည်။
ဒီဇင်ဘာလ(၂၁)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Chiang Mai Agricultural Research Centre သို့ ရောက်ရှိကြပြီး၊ သုတေသနတာဝန်ခံများ ဖြစ်ကြသော Mr. Sumit Wilaiporn, Ms. Siriluck Inthawong, Mr. Jaroen Tharabeab တို့မှ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စများ၊ သုတေသနလုပ်ငန်းများ၊ မျိုးကောင်း မျိုးသန့်ထုတ်လုပ်မှုများနှင့် ပညာရှင်များ မွေးထုတ်လေ့ကျင့်ပေးနေမှုများကို အသေး စိတ်ရှင်းလင်း ဆွေးနွေး ကြပါသည်။ ပြည်ထောင်စုဝန်ကြီးမှ နှစ်နိုင်ငံကြား လယ်ယာ ကဏ္ဍပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် Chiang Mai Agricultural Research Centre မှ တာဝန်ရှိသူများ၊ CT Groupမှ ဥက္ကဌနှင့်အဖွဲ့ဝင်များအကြား ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
ချင်းမိုင်မြို့မှ ကီလိုမီတာ(၂၀)အကွာအဝေးရှိ တောင်သူမိသားစုပေါင်း (၂၀၀၀၀)တို့မှ  ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိသည့် ပဲတောင့်ရှည် (Green Bean) စိုက်ခင်းသို့ သွားရောက်ကြည့်ရှု လေ့လာကြပြီး၊ စိုက်ခင်းမှထွက်ရှိသော ပဲတောင့်ရှည်များကို Frozen Factory စက်ရုံသို့ ပေးသွင်းနေမှုများကို  လေ့လာခဲ့ ကြပါသည်။
ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်အား ထိုင်းနိုင်ငံလယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီးဌာန ဝန်ကြီး Mr. Petipong Pungbun Na Ayudhya ဖိတ်ကြားသည့်ခရီးစဉ် ကာလအတွင်း နှစ်နိုင်ငံအကြား လယ်ယာ ကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးကို လက်တွေ့မြင့်တင် နိုင်ရေး ရည်ရွက်ချက်အားဖြင့် ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ဟင်းသီးဟင်းရွက်သစ်သီးဝလံ ကုမ္မဏီကြီးဖြစ်သော CT Group နှင့် CM Group ကုမ္ပဏီတို့ သည် မြန်မာနိုင်ငံတွင် ကန်ထရိုက် စိုက်ပျိုးရေးစနစ် (Contract Farming System) အားဖြင့် လယ်ယာ ထွက်ကုန် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထုတ်လုပ်ပြီးခေတ်မီ အေးခဲစနစ်၊ ခေတ်မီ ထုပ်ပိုးစနစ်များဖြင့် ဂျပန်နိုင်ငံနှင့်ဥရောပနိုင်ငံများသို့ စီးပွားဖြစ်တင်ပို့ရောင်းချ သွားမည်ဖြစ် ပါသည်။
မြန်မာနိုင်ငံ၏ ကျေးလက်နေ တောင်သူလယ်သမားများ အလုပ်အကိုင် အခွင့် အလမ်းနှင့် ဝင်ငွေတိုးတက် ရရှိခံစားနိုင်ရေး ဦးတည်ရည်မှန်းချက်အားဖြင့် မြန်မာ့လယ်ယာ ထွက်ကုန်သီးနှံများကို ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီများမှ နေပြည်တော် ကောင်စီနယ်မြေတွင် ပထမအဆင့် အမေရိကန်ဒေါ်လာသန်း(၂၀)တန်ဖိုးရှိ ခေတ်မီ အအေးခန်းနှင့် ခေတ်မီထုပ်ပိုး စက်ရုံအားတည်ဆောက်၍ ၂၀၁၅ခုနှစ် ဘဏ္ဍာရေးနှစ် တွင် ရင်းနှီးမြှပ်နှံ အကောင်အထည် ဖော်သွားနိုင်ရေးအတွက်ဆွေးနွေးသဘောတူ ခဲ့ကြကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment