Sunday, December 28, 2014

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၌ ကျင်းပပြုလုပ်သည့် Incentives and Rewards for Occupational And Health ပညာရပ်ဆိုင်ရာ ဟောပြောပွဲ အခမ်းအနားတက်ရောက်


နေပြည်တော် ဒီဇင်ဘာ ၂၈

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်သည် ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၌  ယနေ့နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်သည့် Incentives  and  Rewards  for  Occupational  And  Health ပညာရပ်ဆိုင်ရာ ဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်သည်။


အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦး၊ ဌာနဆိုင်ရာမှ ညွှန်ကြားရေးမှူးချုပ်များ၊ Win Occupational Safe and Health Services မှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှ ပညာရေး၊ ကျန်းမာရေးအပါအဝင် အခြားအရေးကြီးကဏ္ဍများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်လို့ မြန်မာနိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိတာကို အားလုံးအသိပဲ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေးအင်ဂျင် (Economic  Engine) ဖြစ်တဲ့ အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းတွေကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးရမှာဖြစ်သလို အဓိကမောင်းနှင်အား (Prime  Mover) ဖြစ်တဲ့ အလုပ်သမား တွေကိုလည်း ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်စေရန် မဖြစ်မနေ ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းကျန်းမာပြီး ကျွမ်းကျင်မှုရှိတဲ့ လုပ်သားအင်အားထုမရှိခဲ့လျှင် ကျွန်တော်တို့ မျှော်လင့်နေတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရနိုင်မှာမဟုတ်ဘူးဆိုတာကိုလည်း သတိပြုစေလိုပါကြောင်း။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ စက်မှုကဏ္ဍရဲ့ သက်ရောက်မှုတွေဖြစ်တဲ့ Industrial  Impact ကြောင့် ဖြစ်ပေါ်လာနိုင်မယ့် ဆိုးကျိုးသက်ရောက်မှုတွေကို အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရမှာ ဖြစ်သလိုဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ အန္တရာယ်ရှိလို့ ပိတ်ပစ်ထားတဲ့ နည်းပညာတွေ၊ စက်မှုလုပ်ငန်းသုံးဓာတုပစ္စည်းတွေ  သုံးစွဲလုပ်ကိုင်တဲ့လုပ်ငန်းတွေ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီး စေနိုင်တဲ့ လုပ်ငန်းတွေ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေ မြန်မာနိုင်ငံထဲကို ပြောင်းရွှေ့ လုပ်ကိုင်လာမယ့် အလားအလာတွေရှိနေတဲ့အတွက် အဲဒီအခြေအနေတွေကို အထူးဂရုစိုက်တားဆီး ကာကွယ်ရမှာ ဖြစ်ပါကြောင်း။

ဒီလိုဆောင်ရွက်နိုင်မှသာ မြန်မာနိုင်ငံအနေနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှုဖြစ်တဲ့ Sustainable Development ကို ရရှိနိုင်မှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ အတွေ့အကြုံ ကောင်းတွေ အပေါ်မှာ သင်ခန်းစာကောင်းများ ရယူပြီး နောက်ကျတဲ့လူရရှိနိုင်မယ့် အခွင့်အရေး ကောင်းတွေဖြစ်တဲ့ Sustainable Development တွေ ရရှိအောင် အကောင်းဆုံး လုပ်ငန်းစဉ် များကိုသာ ရွေးချယ်ပြီး ကျင့်သုံး ဆောင်ရွက် ကြဖို့လိုကြောင်း။

လက်ရှိမြန်မာနိုင်ငံရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးအခြေအနေဖြစ်တဲ့ Late  comer's  advantages မှာ လုပ်ငန်းအများစုဟာ ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးကို အလေးထား ဆောင်ရွက်လာတာ တွေ့မြင်နေရပေမယ့် အသေးစားနဲ့ အလတ်စား လုပ်ငန်းများ အနေနဲ့ ကျွမ်းကျင်သူ၊ နည်းပညာနဲ့ ငွေကြေးစတဲ့ အရင်းအမြစ်လိုအပ်ချက်များ ရှိနေတာကြောင့် ထိလွယ်ရှ လွယ်တဲ့အဆင့်ဖြစ်တဲ့ Vulnerable  Stage မှာဘဲ ရှိနေပြီး အကြီးစားလုပ်ငန်းများအနေနဲ့တော့ လက်တွေ့ ဆောင်ရွက်နေမှုများကို ထိရောက်အောင် ဆောင်ရွက်ရန် ကြိုးစားနေဆဲ အနေအထားမှာရှိနေကြောင်း။

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ အလုပ်သမားများရဲ့ ကျန်းမာရေးဟာ ကုန်ထုတ်စွမ်းအား တိုးမြှင့်ရေးနဲ့ ဆက်စပ်လျက်ရှိပြီး အလုပ်သမားတွေရဲ့ လူမှုဘ၀၊ ကျန်းမာရေးနဲ့ လုပ်ငန်းခွင်မှာ ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာစွာ လုပ်ကိုင်နိုင်ခြင်းဟာ လူ့အဖွဲ့အစည်းအတွက် မဖြစ်မနေ လိုအပ်ချက်တစ်ရပ်ဖြစ်ရုံ သာမက သက်ဆိုင်ရာလုပ်ငန်းကုမ္ပဏီများရဲ့ ကုန်ထုတ်စွမ်းအားနဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေသလို လုပ်ငန်းဂုဏ်သိက္ခာမြင့်မားမှုကိုလည်း ပေးနိုင်စွမ်းရှိကြောင်း။

ဒါ့ကြောင့် လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရတဲ့ အမြတ်အခွန်ထဲက ရာခိုင်နှုန်းအချိုးကို Corporate Social Responsibility (CSR) လုပ်ငန်းတွေမှာ အသုံးပြုကြဖို့လိုကြောင်း၊ အလုပ်သမားတွေရဲ့ လူမှုဘ၀နဲ့ ကျန်းမာရေး ကောင်းမွန်ပြီး လုပ်ငန်းခွင်မှာ ဘေးအန္တရာယ်ကင်းရှင်းစွာ လုပ်ကိုင်နိုင်ခြင်းဟာ လူ့အဖွဲ့အစည်း တစ်ရပ်အတွက် သာမက သက်ဆိုင်ရာလုပ်ငန်းများ၊ ကုမ္ပဏီများနဲ့ အလုပ်ဌာနများအတွက် ကုန်ထုတ်စွမ်းအားနဲ့ ယှဉ်ပြိုင်နိုင်စွမ်းကိုပါ တိုးတက်စေမှာဖြစ်သလို အလုပ်ရဲ့ ဂုဏ်သိက္ခာမြင့်မားမှုကိုလည်း ပေးစွမ်းနိုင်မှာဖြစ်ကြောင်း။

အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးအဖွဲ့ရဲ့ ဒေသဆိုင်ရာ ဆောင်ရွက် ချက်များအပေါ် ပုဂ္ဂလိက ကဏ္ဍက ပိုမိုပါဝင်ဆောင်ရွက်လာစေဖို့ ရည်ရွယ်ပြီးတော့ အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးကွန်ယက်အနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေး ဆိုင်ရာ စွမ်းဆောင်ရည်ဆုများ ဖြစ်တဲ့ SEAN  OSHNET  Excellence  Awards နဲ့ Best  Practies  Awards တွေကို ၂၀၁၆ ခုနှစ်ကစပြီး ပေးအပ်တော့မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံ လုပ်ငန်းရှင်များအနေနှင့် အလုပ်သမား အဖွဲ့အစည်းများ အနေနဲ့ ဒေသတွင်းအဆင့်မှာ ယှဉ်ပြိုင်နိုင်စွမ်း ရှိကြောင်း သက်သေပြပြီး ဒီဆုများ ရယူနိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြခြင်းဖြင့် နိုင်ငံ့ဂုဏ်ကိုဆောင်ဖို့ အလေးအနက်ထား တိုက်တွန်း လိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် WINOSHE Services MD ဦးဝင်းဗိုလ်မှ Personal Protect Equipment ပစ္စည်းများကို ဝန်ကြီးဌာနသို့ လှူဒါန်းပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဥက္ကာသိန်း၊ ဦးဝင်းဗိုလ်၊ ဦးချစ်ကိုဖေနှင့် ဦးတင့်လွင်တို့မှ ဘာသာရပ်ဆိုင်ရာများကို ခေါင်းစဉ်အလိုက် ဆွေးနွေး တင်ပြခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလို၍ မေးမြန်းမှုများကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment