Wednesday, December 31, 2014

(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားတွင် သတင်းရယူမည့် မှတ်ပုံတင်ထားပြီးသော မီဒီယာများသို့ ပန်ကြားချက်



နေပြည်တော် ဇန်နဝါရီ ၁
(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားသို့ သတင်းရယူကြမည့် သတင်းမီဒီယာသမားများ အနေဖြင့် သတင်းရယူနိုင်ရန်နေရာ (၄) နေရာ သတ်မှတ်ပေးထားပါသည်။
ဗိုလ်ရှုခံမဏ္ဍပ်ရှေ့ ဘေးဝဲယာတွင် (၂)နေရာနှင့် စစ်ရေးပြစစ်ကြောင်းများနောက်ဘက်တွင် (၂) နေရာဖြစ်ပါသည်။ အဆိုပါ နေရာများ၌ နေရာတစ်ခုစီတွင် မီဒီယာ (၇၀) ဦးခန့်သာ ဝင်ဆန့်မည် ဖြစ်ပါသည်။ ဗိုလ်ရှုခံအခမ်းအနား ကျင်းပချိန်သည် (၂) နာရီ ၃၀မိနစ်ခန့် ကြာမည်ဖြစ်ပါသည်။ သတင်းရယူမည့် မီဒီယာများအနေဖြင့် အောက်ပါအတိုင်း ဆောင်ရွက်ရမည် ဖြစ်ပါသည် -
(၁) မီဒီယာဝင်ခွင့်ကဒ်ပြားများကို (၂-၁-၂၀၁၅)ရက်နေ့နှင့် (၃-၁-၂၀၁၅) ရက်နေ့တွင်- ပြန်ကြားရေး ဝန်ကြီးဌာန၊ စုဝေးခန်းမတွင် နံနက်(၁၀း၀၀)နာရီမှ ညနေ(၁၆း၃၀)နာရီထိ ထုတ်ပေးမည် ဖြစ်ပါသည်။
(၂) အခမ်းအနားသို့ ဝင်ရောက်ရန် လုံခြုံရေးဆပ်ကော်မတီက စိစစ်ချိန်မှစပြီး အခမ်းအနား ပြီးဆုံးသည်အထိ မီဒီယာဝင်ခွင့် ကဒ်ပြားများကို ချိတ်ဆွဲထားရပါမည်။
(၃) အခမ်းအနားရိုက်ကူးခွင့်ရရှိသည့် မီဒီယာများအနေဖြင့် သတ်မှတ်ထားသည့် Press Area တွင် စနစ်တကျနေရာယူ ဆောင်ရွက်ရန်နှင့် Press line ကို ကျော်လွန်၍ ရိုက်ကူးခြင်းမပြုရန် ဂရုပြုဆောင်ရွက်ရပါမည်။
(၄) မိမိသတင်းရယူမည့်နေရာကို မိမိတို့ကိုယ်တိုင် ရွေးချယ်နေရာယူရမည် ဖြစ်ပါသည်။ မည်သည့် နေရာမှ ဝင်ရောက်နေရာယူ၍ သတင်းရယူမည်ကို (၂.၁.၂၀၁၅ရက်နှင့် ၃.၁.၂၀၁၅ရက်) ကဒ်ပြား ထုတ်ပေးမည့်နေရာတွင် သတင်းပို့ရန်ဖြစ်ပါသည်။
(၅) နေရာယူပြီးနောက် သတင်းရယူရာနေရာမှ အခြားနေရာသို့ မည်သည့်အကြောင်းပြချက်မျှ ဝင်ထွက်ခြင်း မပြုလုပ်ရပါ။
(၆) ဗိုလ်ရှုခံအခမ်းအနား ကျင်းပပြီးစီးသည်အထိ ၎င်းနေရာတွင်သာရှိရမည် ဖြစ်ပါသည်။ အခမ်းအနား ပြီးစီးမှသာ ပြင်ပသို့ထွက်ခွင့်ရမည် ဖြစ်ပါသည်။
(၇) နိုင်ငံတော်အခမ်းအနားဖြစ်သည့်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော မသင့်လျှော် သည့် ဘောင်းဘီတို၊ တီရှပ်၊ စကပ်တို၊ ဂျင်းဘောင်းဘီစသည့် ဝတ်စားဆင်ယင်မှုမျိုးကို ရှောင်ကြဉ် ရမည် ဖြစ်ပါသည်။ အမျိုးသားဖြစ်ပါက အင်္ကျီ၊ပုဆိုး(သို့မဟုတ်) ဘောင်းဘီရှည် (ဂျင်းဘောင်းဘီ မပါ) (သို့မဟုတ်) ဆာဖာရီဝတ်စုံ၊ အမျိုးသမီးဖြစ်ပါက မြန်မာအကျီင်္၊ထမီ(သို့မဟုတ်) ဘောင်းဘီ ရှည် (ဂျင်းဘောင်းဘီမပါ) (သို့မဟုတ်) ဆာဖာရီဝတ်စုံ ဝတ်ဆင်နိုင်ပါသည်။
(၈) ဗိုလ်ရှုခံအခမ်းအနားသို့ လာရောက်မည့် မီဒီယာသမားများသည် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးသို့ ၄.၁.၂၀၁၅ နံနက် (၀၄း၀၀) နာရီအရောက် မိမိအစီအစဉ်ဖြင့် လာရောက်ရမည် ဖြစ်ပါသည်။ ဝန်ကြီးရုံးရှေ့ဂိတ်ပေါက်ဝတွင် လုံခြုံရေးဆပ်ကော်မတီမှ လိုအပ်သည်များ စစ်ဆေးပြီး ဝန်ကြီးဌာနအစီအစဉ်ဖြင့် မော်တော်ယဉ်များဖြင့် ပို့ဆောင်ပေးပါမည်။ အပြန်တွင်လည်း အခမ်း အနားပြီးပါက မိနစ် ၃၀ အတွင်းစုစည်း၍ (၀၈း၄၅) နာရီ နောက်ဆုံးထားပြီး ယာဉ်များဖြင့် ဝန်ကြီး ရုံးသို့ ပြန်လည်ပို့ဆောင်ပေးပါမည်။
(၉) သိရှိလိုသည်များရှိပါက ဦးမြင့်ကျော်၊ ညွှန်ကြားရေးမှူး၊ ဖုန်းနံပါတ် ၀၆၇-၄၁၂၀၀၂ နှင့် ဦးမောင်ဖေ ညွှန်ကြားရေးမှူး၊ ဖုန်းနံပါတ် ၀၆၇-၄၁၂၀၂၃ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(၁၀) လုံခြုံရေးအရ ဆောင်ရွက်ချက်များကို လိုက်နာရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် Press Area များတွင် တာဝန်ချထားသည့် မီဒီယာဆက်ဆံရေး အရာရှိများ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရန် ဖြစ်ပါသည်။

No comments:

Post a Comment