Wednesday, December 31, 2014

နောင်ချိုမြို့နယ်၌ ငြိမ်းချမ်းစွာ စုပေါင်း ဆန္ဒထုတ်ဖော်


နေပြည်တော် ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် ဒီဇင်ဘာ ၂၇ ရက် နံနက် (၁၀)နာရီက ဦးစိန်ဝင်း ခေါင်းဆောင်သော မြို့ပေါ်ရပ်ကွက် (၆)ခုနှင့် ကျေးရွာအုပ်စု (၃၅)ခုတို့မှ ဒေသခံ တိုင်းရင်းသား (၁၁၀၀၀)ခန့်သည် တောင်းဆိုချက် (၅)ချက် ပါဝင်သော လက်ကိုင် ပိုစတာများ ကိုင်ဆောင်လျက် (၂)နာရီကြာ ငြိမ်းချမ်းစွာ စုပေါင်း ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒ ဖော်ထုတ်ရာတွင် သက်ဆိုင်ရာ၏ ကြိုတင် ခွင့်ပြုချက် ရယူကာ နောင်ချို မြို့မ အားကစားကွင်း၌ စုဝေးပြီး မြို့မ အားကစားကွင်းမှ မန္တလေး- လားရှိုး ကားလမ်းမ တစ်လျှောက်နှင့် မြို့မဈေး တစ်ဝိုက် လှည့်လည် ဆန္ဒ ဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် အောင်မြင်သည် အထိ နိုင်ငံတော် အစိုးရက ဆောင်ရွက်ပေးရန်၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူလူထု လူမှုစီးပွား တိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရက ဆောင်ရွက်ပေးရန်၊ ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားများ၏ အရေးဖြစ်သော ခြောက်ပွင့်ဆိုင် တွေ့ဆုံမှု မဖြစ်နိုင်သည်ကို နိုင်ငံတော် အစိုးရက အလေးအနက် ထည့်သွင်း စဉ်းစားရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် နိုင်ငံရေး ဖြစ်စဉ်များတွင် တိုင်းရင်းသားများအားလုံး ပါဝင်ခွင့် ရရှိရေးကို နိုင်ငံတော် အစိုးရက ဆောင်ရွက်ပေးရန်၊ ခြောက်ပွင့်ဆိုင် အလိုမရှိ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်ခွင့် ရရှိရေးတို့ကို နိုင်ငံတော် အစိုးရသို့ အသိပေးလိုသည့်အတွက် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်းတယမြို့နယ် ဓမ္မာရုံ၌ှဓနုစာပေ ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ ဦးစီး တိုင်းရင်းသား ၃၀၀ ခန့်သည် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ အောင်မြင်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ရှမ်းပြည်နယ်နှင့် တိုင်းရင်းသားများ အရေးတို့ကို အစိုးရက ဦးဆောင်ပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် တိုင်းရင်းသားများ အားလုံး ပါဝင်ရေး၊ ခြောက်ပွင့်ဆိုင် အလိုမရှိ အစရှိသည့် အချက် (၅)ချက် ပါဝင်သော တောင်းဆိုချက်များဖြင့် စီတန်း လှည့်လည် ဆန္ဒ ဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment