မြန်မာ့တိုင်းရင်းဆေးပညာ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ထွန်းကား ပြန့်ပွားရေးအတွက် နှစ်စဉ်မပျက် ကျင်းပသော မြန်မာ့တိုင်းရင်းဆေး သမားတော်များ
ညီလာခံကို (၁၅) ကြိမ်မြောက်အဖြစ် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ MICC-2 တွင် ကျင်းပရာ
ညီလာခံ တက်ရောက်လာကြသော တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေး
ဆရာများ၊ တိုင်းရင်းဆေးနှင့် နှီးနွှယ် ပတ်သက် ဆက်စပ်နေသော တိုင်းရင်း ဆေးလောကသားများအား
တွေ့ဆုံ၍ ၎င်းတို့၏ အမြင်များကို မေးမြန်းခဲ့သည်။
ရှေးဦးစွာ တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာ ထွန်းနိုင်ဦးက''ဒီညီလာခံကို ရည်ရွယ် ချက်သုံးရပ်နဲ့ သုံးရက် ကျင်းပမှာ ဖြစ်ပါတယ်။
အဆိုပြုချက် ငါးရပ်တင်သွင်းခြင်းနဲ့ ထောက်ခံ ဆွေးနွေးခြင်း တို့ကို ပထမနေ့မှာ ဆောင်ရွက် သွားမှာပါ။
ဒုတိယနေ့နဲ့ တတိယနေ့တွေမှာတော့ နှီးနှော ဖလှယ်ပွဲတွေ ပြုလုပ် သွားမှာပါ။
ဒီနှစ်မှာလည်း ခေတ်နဲ့လျော်ညီတဲ့ အဆိုပြုချက်တွေကို
တင်ပြကြမှာ ဖြစ်ပါတယ်''ဟု ညီလာခံ၏ ရည်ရွယ်ချက် များကို ပြောကြားသည်။ ဆက်လက်၍ တိုင်းရင်းဆေးပညာ
ဆိုင်ရာ နယကြီးလေးပါးနှင့် ပတ်သက်၍ လည်း မြန်မာနိုင်ငံ တိုင်းရင်း ဆေးဆရာအသင်းမှ ဦးသန်းညွန့်က
တိုင်းရင်းဆေးမှာ ဒေသနာနယ၊ နက္ခတ္တနယ၊ ဘေသဇ္ဇနယ၊ ဝိဇ္ဇာဓရ နယဆိုတဲ့ နယကြီးလေးပါးကို အခြေခံ
ရေးသားထားတဲ့ ဆေးကျမ်းတွေ ဟာအသက် ရှည်ရာ အနာမဲ့ကြောင်း ပြုစု ထားတဲ့ ဆေးပညာ ရပ်တွေပဲဖြစ်
ပါတယ်။ ဒီဆေးကျမ်းတွေကို လေ့လာ ကြည့်ရင် တစ်ထပ်တည်းပါပဲ။
သူ့ နေရာနဲ့သူရေးသွားကြလို့ပါ။ ဒေသနာ နယဆိုလဲ
အပူ၊အအေး၊ လေ၊ သွေးဆို တဲ့ ဓာတ်ကြီးလေးပါးကို အခြေခံ ရေးသားထားတဲ့ ဆေးကျမ်းတွေ ဖြစ်ပါတယ်။
ထို့နောက် ထွန်းရွှေဝါတိုင်းရင်း ဆေးဝါးထုတ်လုပ်ရေးမှ ဦးထွန်းရွှေက ''မြန်မာ့ တိုင်းရင်းဆေးပညာဟာ
ကျွန်တော်တို့လူမျိုးရဲ့ အမျိုးသား အမွေအနှစ် ဖြစ်ပါတယ်။ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝဆိုတဲ့
တိုင်းရင်းဆေးလုပ်ငန်း အမျိုးသား အမွေအနှစ်ကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းကြရမှာ
ဖြစ်ပါတယ်။ အခုဆိုရင် အစဉ်အဆက် ထိန်းသိမ်းလာခဲ့တဲ့ မိရိုးဖလာ တိုင်းရင်းဆေးလုပ်ငန်း
တွေကို ခေတ်နဲ့အညီ သုတေသန လုပ်ငန်းတွေနဲ့ တွဲဖက် လုပ်ဆောင်လာတဲ့အတွက် ရိုးရာလည်းမပျက်၊
လိုက် လျောညီထွေစွာနဲ့ တိုးတက်လာနေပြီ ဖြစ်ပါတယ်''ဟု ပြောပြသည်။
တိုင်းရင်းဆေးဝါးနှင့် ပတ်သက်သော အာဆီယံစံချိန်စံညွှန်းနှင့်
ပတ်သက်၍ ဂရိတ်ဝေါ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှ ဦးမောင်မောင်ဦးက ''အာဆီယံ စံချိန်စံညွှန်းဆိုတာ
ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းရင်းဆေး ထုတ် လုပ်မှု အပိုင်းတွေမှာ စံထားတာတွေ ရှိတယ်။
ထို့အတူပဲ အာဆီယံနိုင်ငံတွေ ကိုယ်စီ ကိုယ်စီမှာလည်း သူတို့စံနဲ့ သူတို့ရှိတယ်။ အဲဒီတော့
အာဆီယံနိုင်ငံတွေ လက်ခံနိုင်လောက်တဲ့ စံတစ်ခုကို သတ်မှတ်နိုင်ဖို့ အာဆီယံ နိုင်ငံတွေ
ညှိနှိုင်းဆွေးနွေးပြီး သတ်မှတ်ကြမယ်။ ၂ဝ၁၅ ခုနှစ်လောက်မှာ လက်မှတ်ထိုး အတည်ပြုရတော့မယ်။
အာဆီယံ နိုင်ငံတွေ သဘောတူထားတဲ့ စံထဲကို ဝင်နိုင်မှ ထုတ်လုပ်တဲ့ ဆေးဝါးတွေကို အာဆီယံနိုင်ငံတွေ
အချင်းချင်း တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းဆေးဆိုတာ တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်ခုရဲ့
အမျိုးသား အမွေ အနှစ်ဖြစ်တယ်။ နှစ်ပေါင်းများစွာ ပြည်သူလူထုက ယုံကြည် ကိုးစားလာတယ်။
သက်ဆိုင်ရာ နိုင်ငံအစိုးရတွေက အားပေးချီး မြှင့်မှုတွေ အစဉ်အမြဲရှိတယ်။ အင်မတန်နက်နဲသလို
အင်မတန်မှလည်း ခိုင်ခံ့တယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ လည်း နိုင်ငံတော်ရဲ့ အားပေးချီးမြှင့်
မှုတွေ ဒီထက်ပိုမိုဆောင်ရွက်နိုင်ရင် လျင်လျင်မြန်မြန် တိုးတက်လာမှာ ဖြစ်ပါတယ်''ဟု ပြောသည်။
ထို့အတူ ဆန္ဒမွန် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှ
ဦးကြည်ဝင်းက ''မြန်မာ့တိုင်းရင်းဆေး ပညာရပ်ဟာ ရှေးဘိုး ဘွားများလက်ထက်ကစပြီး ကျမ်းဂန်အထောက်အထား
ခိုင်ခိုင်မာမာနဲ့ ယခုထက်တိုင် ယုံယုံကြည်ကြည် နဲ့ သုံးစွဲနေခဲ့ကြပါတယ်။ ကျွန်တော်
တို့အနေနဲ့ အမျိုးသားအမွေအနှစ် အဖြစ်ခံယူပြီး ထိန်းသိမ်း စောင့်ရှောက်ရုံ မက အထောက်အထား
အခြေပြု အစွမ်းထက် တိုင်းရင်းဆေးဝါးများ ပေါ်ထွန်းလာရေးကို အခုလို ညီလာခံ များက အထောက်အကူများစွာ
ရရှိပါတယ်။ ဒီနှစ်အနေနဲ့ ထူးခြားချက်က ကုထုံးတွေ၊ နယကြီး လေးပါးနဲ့ လူနာ ချဉ်းကပ်ရောဂါ
သတ်မှတ်ခြင်းများကို တိုင်းရင်းဆေး ပညာရှင်များ နှီးနှောဖလှယ်ကြမှာ ဖြစ်တဲ့အတွက် များစွာ
အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်''ဟု ပြောသည်။
ညီလာခံသို့ တက်ရောက်လာသော မျိုးဆက်သစ်ဆေးပညာ
ကျောင်းသူ တစ်ဦးဖြစ်သူ မဟိဒ္ဓိ တိုင်းရင်းဆေးဝါး မှ ခင်ရတနာရွှေစင် (ဆေးတက္ကသိုလ် နောက်ဆုံးနှစ်)
က အနောက်တိုင်းဆေးနဲ့ တိုင်းရင်းဆေးကို ယှဉ်ကြည့် မယ်ဆိုရင် အနောက်တိုင်းဆေးက နည်းပညာအရ
အဘက်ဘက်က တိုးတက်နေတဲ့အတွက် လက်လှမ်းတမီ ရှိနေပါတယ်။ သုတေသနလုပ်ငန်းတွေ အဆက်မပြတ် ပြုလုပ်နေတဲ့အတွက်
ဆေးပညာဘက်မှာရော၊ ခွဲစိတ် ပညာဘက်မှာရော၊ တခြား ပညာရပ်တွေမှာပါ ကောင်းသထက်ကောင်းတဲ့
နည်းလမ်းတွေကတော့ ပေါ်လာမှာပဲ။ တိုင်းရင်းဆေးဆိုရင်လည်း နည်းပညာတွေ မပေါ်ခင်ကတည်းက မိရိုးဖလာအနေနဲ့
သုံးစွဲလာကြတယ်။ ထုတ်လုပ်မှု နည်းစဉ်တွေကို အဆင့်မြှင့်တင်ပြီး ခေတ်မီ နည်းစနစ်တွေနဲ့
ထုတ်လုပ်မယ်။
တိုင်းရင်းဆေးလောကသားတွေ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင်
ဈေးကွက်ပါ ထိုးဖောက်လာနိုင်ပြီး ယုံကြည်မှု တွေလည်း ပိုမိုရရှိလာမှာ ဖြစ်ပါတယ်'' ဟု
ပြောသည်။ ညီလာခံတွင် နယကြီးလေးပါးကို အခြေခံသော မြန်မာ့တိုင်းရင်းဆေး ပညာကုထုံးနည်းစနစ်များကို
အမျိုးသားရေး အမွေအနှစ်အဖြစ် ထိန်း သိမ်းစောင့်ရှောက်၍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင် ရွက်ရန်
အဆိုတင်သွင်းသော ကချင်ပြည်နယ် ပူတာအိုမြို့မှ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်လဇွမ်ခေါန်းနန်က''
မြန်မာ့တိုင်း ရင်းဆေးပညာမှာ ဆေးကောင်းရင် သန်းခေါင်းဆိုတဲ့ စကား ရှိပါတယ်။ မြန်မာ့တိုင်းရင်းဆေးပညာရဲ့
ဝိဇ္ဇာ ဓရနယ ဆေးပညာ နည်းစနစ်များနဲ့ ဖော်စပ်ထားတဲ့ ဆေးများဟာ ရောဂါ ကုသတဲ့ နေရာမှာရော၊
ကာကွယ်တဲ့ နေရာမှာပါ သန်းခေါင်းအရွယ် အလွန်နည်းတဲ့ ပမာဏလောက်နဲ့ ထိရောက်စွာ ကာကွယ်
ကုသပေးနိုင်လို့ ဒီဆေးကျမ်း ကုထုံးနည်းစနစ်တွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုအပ်ပုံကို
အဆိုအဖြစ် တင်သွင်းထားတာဖြစ်ပါတယ်''ဟု ပြောသည်။
No comments:
Post a Comment