Wednesday, December 31, 2014

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများနှင့် တွေ့ဆုံ


နေပြည်တော်၊ ဒီဇင်ဘာ ၂၉ ရက်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်တွင် ကျင်းပရန် စီစဉ်ထားသည့် အထွေထွေ ရွေးကောက်ပွဲအား လွတ်လပ် တရား မျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် ဥပဒေနှင့်အညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် ဘက်လိုက်ခြင်း၊ ပွင့်လင်း မြင်သာမှု မရှိခြင်း၊ လွတ်လပ်မှုနှင့် မျှတမှု မရှိခြင်းသည် ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ဖြစ်ပေါ်လာမည့် လွှတ်တော်များနှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာ၊ ပုံရိပ်ကျဆင်း ညှိုးနွမ်း စေမည်ဖြစ်၍ ပွင့်လင်း မြင်သာသည့် လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် လိုအပ်ကြောင်း၊ လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲကို ကော်မရှင် တစ်ခုတည်းဖြင့် သာမကဘဲ နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပြည်သူလူထု အားလုံးမှ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် ယနေ့မွန်းလွဲ (၂)နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပ ပြုလုပ်သည့် နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများနှင့် တွေ့ဆုံပွဲ တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။ 

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့်အတူ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောအောင်ကျော်မင်း၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ နိုင်ငံတော်တွင် အာဏာကြီး (၃)ရပ်ကို ကျင့်သုံးမည့် လွှတ်တော်နှင့် အစိုးရအဖွဲ့ ပေါ်ပေါက်နိုင်ရန် စတင် အခြေခံလာခြင်းမှာ ရွေးကောက်ပွဲမှ မြစ်ဖျားခံလာခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများသည် နိုင်ငံတော် အတွက် လွန်စွာ အရေးကြီးသည့် လုပ်ငန်းကြီး တစ်ခုဖြစ်ပါကြောင်း၊ လွတ်လပ်တရား မျှတသော ရွေးကောက်ပွဲကို ပွင့်လင်း မြင်သာစွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင် စာရင်းပြုစုခြင်းနှင့် မဲဆန္ဒရှင် ပညာပေးခြင်းတို့အား ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူများ အနေဖြင့် ရွေးကောက်ပွဲ အတွေ့အကြုံ ဗဟုသုတ နည်းပါးကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် လောင်းများသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးပါက ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာဏာတို့ကို အကောင်အထည်ဖော် ဆောင်ရွက် ရမည့်သူများ ဖြစ်ပါကြောင်း၊ လွှတ်တော် အတွင်း လူတော် လူကောင်းများ ရောက်ရှိမှသာ နိုင်ငံတော် တိုးတက် ဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊  ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ  ရွေးကောက်ပွဲများကို (၅)နှစ် တစ်ကြိမ် ကျင်းပရမည် ဖြစ်ပြီး ပထမအကြိမ် လွှတ်တော် အသီးသီး၏ သက်တမ်းသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်ပြီး သက်တမ်း မကုန်ဆုံးမီ ရက်ပေါင်း (၉၀)အတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမည် ဖြစ်ရာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပပေးမည်ဟု ကြေညာထား ပါကြောင်း၊ သို့ဖြစ်ရာ ရွေးကောက်ပွဲ ကျင်းပရန် (၁၀)လခန့်သာ လိုတော့ပြီး အရေးကြီးသည့် အချိန် ကာလသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် အတွက် မဲဆန္ဒရှင် စာရင်း ပြုစုခြင်းနှင့် မဲဆန္ဒရှင် ပညာပေးခြင်း လုပ်ငန်းများအား စီမံ ဆောင်ရွက်လျက် ရှိကြောင်း၊ ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးတွင် မဲဆန္ဒရှင် စာရင်း ပြုစုခြင်းသည် အခြေခံကျသော အချက်တစ်ခု ဖြစ်ပြီး အိမ်ထောင်စု စာရင်း ပုံစံ(၁၀)နှင့် လူဦးရေ စာရင်းတို့အား အခြေခံပြီး ပြုစုခြင်း ဖြစ်ရာ အဆိုပါ စာရင်းဇယားများကို နောက်ဆုံး အခြေအနေနှင့် ကိုက်ညီအောင် ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ မဲစာရင်းများ ထုတ်ပြန်ပါက မိမိအမည် မဲစာရင်းတွင် ပါမပါ ကြည့်ရှုရန်လိုအပ်ပြီး မပါပါက ထည့်သွင်း ပေးရန်နှင့် မပါသင့်သူများ ပါဝင်ပါက ပယ်ဖျက်ပေးရန် သက်ဆိုင်ရာ ပုံစံများဖြင့်  တောင်းဆိုကာ ပြည့်စုံ မှန်ကန်သော မဲစာရင်း ဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင် ပညာပေးခြင်း လုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ရာ ပါဝင် ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ဥပဒေကို သေချာစွာ လေ့လာရန်၊ လိုက်နာရန်နှင့် ဥပဒေ၏ အကာအကွယ်ကို ရယူရန် တိုက်တွန်း လိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက် လာသည့် နိုင်ငံရေးပါတီများမှ  ရွေးကောက်ပွဲနှင့် ပတ်သက်၍ သိရှိလို သည့် အချက်များကို မေးမြန်းခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက နိုင်ငံရေးပါတီ များ၏ မေးမြန်းချက်များနှင့် ပတ်သက်၍ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပြီး နိဂုံးချုပ်အနေဖြင့် နိုင်ငံရေးပါတီများ၊ Obeserver များနှင့် မီဒီယာများ အနေဖြင့်လည်း လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကြီးကို ဥပဒေနှင့်အညီ ကျင်းပနိုင်ရေး ပူးပေါင်း ဆောင်ရွက် သွားကြရန် တိုက်တွန်း လိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ညနေ(၆)နာရီ တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်ထောင်စု ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ ကရင်ပြည်နယ် အတွင်းရှိ ငြိမ်းချမ်းရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောအောင်ကျော်မင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကရင်ပြည်နယ် နယ်ခြားစောင့် တပ်များ ကွပ်ကဲရေး အကြံပေးအဖွဲ့မှ ဗိုလ်မှူးကြီး စောထွန်းလှိုင်၊ ဒုတိယ ဗိုလ်မှူးကြီး စောကြာအင်း၊ ဦးမန်းစောရွှေ၊ ဦးကျော်သန်း၊ ဦးသာထူးကျော်၊ ဦးစောသန်းမြ၊ KNU မှ ဗိုလ်မှူးစောရွှီးရှို၊ ဦးမန်းသိန်းမောင်နှင့် DKBA ကလိုထူးဘော တပ်ဖွဲ့မှ  ဗိုလ်မှူးကြီး မောင်လေးတို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment