Monday, December 29, 2014

ထူးခြားသောဝိသေသများရှိသည့် သမိုင်းကြောင်းအစဉ်အလာနှင့် ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်း




နေပြည်တော် ၊ ဒီဇင်ဘာ ၂၈ 

ကြီးမားသော တာဝန်တစ်ရပ်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုထမ်း ဆောင်နေရသည့် တပ်မတော်သည် ထူးခြားသောဝိသေသများ ရှိသည့်အဖွဲ့အစည်း ဖြစ်ကြောင်း၊ မိမိသဘော ဆန္ဒအလျှောက် တပ်မတော်တွင် ဝင်ရောက်အမှုထမ်းခြင်း၊ လုပ်ငန်းတာဝန်ထမ်း ဆောင်ရာတွင် ပင်ပန်းဆင်းရဲမှု ဒုက္ခများစွာ ရင်ဆိုင်ရမည့်အပြင် လိုအပ်ကအသက်ပင်ပေးရမည်ကို သိရှိသော်လည်း မွန်မြတ်သည့်စိတ်ဓာတ်ဖြင့် ကြည်ဖြူစွာ တာဝန်ထမ်းဆောင်ကြခြင်း၊ နယ်စပ်ဒေသ အစွန်အဖျားမကျန် နိုင်ငံအနှံ့အပြား၌ ကျရာတာဝန်ကို သွားရောက်ထမ်း ဆောင်ရခြင်း၊ လွတ်လပ်ရေးကြိုး ပမ်းမှုမှသည် ယနေ့တိုင်အောင်တပ်မတော်၏သမိုင်းနှင့် နိုင်ငံတော် သမိုင်းတဆက်တစပ် တည်းရှိနေခြင်း စသည့်ထူးခြားသောဝိသေသများရှိသည့် သမိုင်းကြောင်း အစဉ်အလာနှင့် ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန်လည်း တာဝန်ရှိကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ နံနက်ပိုင်းတွင်မြိတ် တပ်နယ်နှင့် မွန်းလွဲပိုင်းတွင် ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့နယ်ခွဲရှိ ကျောက်ထနောင်း တပ်နယ်တို့မှ အရာရှိ၊စစ်သည်၊မိသားစုများအား သက်ဆိုင်ရာတပ်နယ်ခန်းမများ၌ တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့သည်။ 


အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး၊ တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် စစ်ရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေးဆိုသည့် စွမ်းရည် ၃ ရပ် ပြည့်စုံထက်မြက်မှုသည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော် အတွက် လွန်စွာ အရေးကြီးကြောင်း၊ လူတိုင်းသည် စွမ်းရည်ရှိရန် လိုကြောင်း၊ ယင်းကဲ့သို့တစ်ဦးချင်း စွမ်းရည်များကို ပေါင်းစည်း ခြင်းဖြင့်စွမ်းရည် ထက်မြက်သည့် တပ်မတော် တည်ဆောက်ရမှာ ဖြစ်ကြောင်း၊ အမှတ်တမဲ့ နေထိုင်ခြင်းသည် တပ်မတော်၏စွမ်းရည် ၃ ရပ်ကိုထိခိုက်နိုင်၍ စစ်သည်အဆင့် အတန်း အားလုံးသည် အသိတရားရှိရှိဖြင့်ပြုမူ ကျင့်ကြံနေထိုင် လုပ်ကိုင်ကြရန်လိုကြောင်း၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် ပတ်သက်၍ ထိရောက်စွာကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ကြောင်း၊ ဘာသာရေးအစွန်း ရောက်များ၏ အန္တရာယ်နှင့် တရားမဝင်လူဝင်မှုကိစ္စ ရပ်များအား အမျိုးသားရေးအမြင်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြေသယံဇာတ၊ ရေသယံဇာတများ တရားမဝင် ခိုးထုတ်ရောင်းဝယ်မှု မရှိစေရေး ထိရောက်စွာ ကာကွယ်ပေး ရေး အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း၊ အစဉ်အလာ သမိုင်းကြောင်းအရ တပ်မတော်၏ အသက်သည် စည်းကမ်းဖြစ်၍ တပ်မတော်သားများသည် အခြားသူများ ထက်ပို၍ ထုတ်ပြန်ထားသည့်ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ညီညွတ်စွာလိုက်နာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးအတွက် ခေတ်မီတပ်မတော် တစ်ရပ် တည်ဆောက်ရေး လမ်းကြောင်း ရေစီးကြောင်းတွင် စစ်သည်တိုင်း ပါဝင်လာနိုင်ရန် ကိုယ်စီ အသိစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးစား အားထုတ်လုပ်ဆောင်ရန် တိုက်တွန်း လိုကြောင်း၊ စည်းရုံးရေးဆိုသည်မှာ အင်အားတည်ဆောက်ခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်၏ ထူးခြားသည့် ဝိသေသလဏ္ခာတစ်ရပ်မှာ အရာရှိ၊ စစ်သည်များ တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့များတွင် ရဲမေ၊ မိသားစုများပါ အတူလိုက်ပါ နေထိုင်ကြခြင်းပင် ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့်စစ်သည် မိသားစုအားလုံး၏ စားသောက်နေထိုင်မှု၊ သွားလာမှု၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စအဝ၀ကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တပ်မတော်သားများသည် မြန်မာနိုင်ငံတနံတလျားမှ ဝင်ရောက် အမှုထမ်းကြသူများဖြစ် သကဲ့သို့ ရဲမေများသည်လည်း အလားတူပင်ဖြစ်၍ ညီအစ်ကိုမောင်နှမသဖွယ် မိသားစု စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ကြရန် လိုကြောင်း၊ တပ်မတော်စည်းရုံးရေး ကော်မတီ အဆင့်ဆင့်သည် လုပ်ငန်းစဉ်များ လက်အောက်သို့ အမိန့်ပေးစေခိုင်းခြင်းမျိုး မဟုတ်ဘဲ စည်းရုံးရေး နည်းလမ်းဖြင့် ကိုယ်တိုင် အသိစိတ်ဓာတ်နှင့်လိုက်ပါလုပ်ဆောင် စေရန်သာဖြစ်ကြောင်း၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအနေဖြင့် မိသားစုရေးရာကိစ္စများတွင် စည်းရုံးရေးလုပ်ငန်း သက်သက်ဖြင့်သာ ပါဝင်ဆောင်ရွက် ရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။ 

အမှာစကား ပြောကြားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြိတ် တပ်နယ် တပ်မတော် အထက်တန်းကျောင်း အတွက် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ ပေးအပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေးက လည်းကောင်း၊ ကျောက်ထနောင်း တပ်နယ်အတွက် လက်ဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်သန်းကလည်းကောင်း လက်ခံရယူသည်။ 

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများက အားကစား ပစ္စည်းများ၊ စာအုပ်စာစောင်များနှင့် လက်ဆောင်ပစ္စည်းများအား ပေးအပ်ရာ တပ်နယ် အလိုက် ဒုတိယတိုင်းမှူးနှင့် တပ်ရင်း၊ တပ်ဖွဲ့မှူးများက လက်ခံရယူကြသည်။ 

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနား သို့တက်ရောက်လာသော အရာရှိ၊စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြပြီး ကျောက်ထနောင်း တပ်နယ်ရှိ တပ်ရင်းများအား လှည့်လည်ကြည့်ရှု ကြသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြိတ်တပ်နယ်၊ တပ်မတော်ဆေးရုံသို့ သွားရောက်ကာ ဆေးရုံတက်ရောက်ကုသနေသော အရာရှိ၊ စစ်သည်များအား တွေ့ဆုံ၍ တစ်ဦးချင်း၏ ရောဂါအခြေအနေများ မေးမြန်းပြီး ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကုသရေးဆိုင်ရာနှင့်အုပ်ချုပ်မှု ဆိုင်ရာလိုအပ်ချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ပေးခဲ့ကြောင်း သတင်းရရှိ သည်။

No comments:

Post a Comment