Tuesday, December 23, 2014

ပြင်ဦးလွင် နှင်းမြို့တော်တွင် ရှားပါးချယ်ရီပန်းဖြူများ ဝေဝေဆာဆာဖူးပွင့်




ပြင်ဦးလွင် ဒီဇင်ဘာ ၂၂
ပြင်ဦးလွင်မြို့ကို ပန်းပေါင်းစုံ ဝေဆာလှပစွာဖူးပွင့်သော မြို့တစ်မြို့ ဖြစ်သဖြင့် ပန်းမြို့တော်ဟုတင်စား ခေါ်ဝေါ်ခဲ့ကြသည်။ အမည်သညာပေး အသိအမှတ်ပြု၍တင်စား ခေါ်ဝေါ်ကြသလိုပင် ပြင်ဦးလွင်၌ အမှန်တကယ်ပင် သစ်ပင်ပန်းမန်များ ဝေဝေဆာဆာလှလှပပဖြင့် ဖူးပွင့်ကြ ပြီး ထိုအထဲတွင် ရှားရှားပါးပါး ထူးထူး ခြားခြားပန်းများလည်း တစ်နှစ်ထက်တစ်နှစ်ပိုမို များပြားလာသည်ကို တွေ့ရှိရသည်။


ထိုပန်းများထဲတွင် ထူးခြားလှပသည့် ချယ်ရီပန်းအဖြူသည်လည်းတစ်ခု အပါအဝင်ဖြစ်လာရသည်။ ပြင်ဦးလွင်မြို့၌ ချယ်ရီပန်းများပွင့်သောကြောင့် ချယ်ရီမြေ၊ ချယ်ရီမြို့ တော်ဟုတင်စားကြသော်လည်း ယခင်ကပွင့်သော ချယ်ရီပန်း၏ အရောင်မှာ အနီရောင်သန်းသော ပန်းရောင်ပွင့် များသာဖြစ်သည်။ မြို့တစ်မြို့လုံး၌ လည်း နေရာတိုင်းတွင် အနီရောင်ပန်း ရောင် ချယ်ရီပင်များသာ ရှိခဲ့သည်။
သို့သော် ယခုဖူးပွင့်သောချယ်ရီသည် ထူးခြားစွာအဖြူရောင်ပန်းပွင့် များပင်ဖြစ် သည်။ ချယ်ရီဖြူများကို အလွန်အေးသော ကိုရီးယား၊ ဂျပန်နိုင်ငံများတွင်သာများ စွာတွေ့ရှိသော်လည်း ယခုအခါ ပြင်ဦးလွင်၌တွေ့မြင်ရပြီဖြစ်သည်။
ပြင်ဦးလွင် မြို့၌လည်းချယ်ရီဖြူပင်သည်ရှားပါးပြီး နေရာတိုင်းတွင်တွေ့မြင် ရခဲလေသည်။ထို့အပြင် ချယ်ရီဖြူသည် သာမန်ချယ်ရီ ပင်များထက်စော၍ ပွင့်ဖူးတတ်ပြီးအပင်ပေါ်တွင် အချိန်အနည်းငယ်၊ ရက်အနည်းငယ်သာလျှင် ဖူးပွင့်ကြောင်း တွေ့ရသည်။
ယခုရက်ပိုင်း ဒီဇင်ဘာလအတွင်းတွင် ချယ်ရီဖြူများ ရှားရှားပါးပါး ဝေဝေဆာဆာ ဖူးပွင့်နေပြီဖြစ်ကြောင်း ဗဟုသုတ အဖြစ်လေ့လာလိုသူများ၊ ဓာတ်ပုံမှတ်တမ်းတင် လိုသူများ၊ အလှဓာတ်ပုံရိုက်ကူးလိုသူများ သိရှိစေရန် ဖော်ပြလိုက်ရ ပေသည်။

No comments:

Post a Comment