Wednesday, December 24, 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူမင်းအောင်လှိုင် တပ်မတော် သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ်သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြား

နေပြည်တော် -  ဒီဇင်ဘာ- ၂၃
သူနာပြုလုပ်ငန်းဆိုသည်မှာ ကျန်းမာရေးကဏ္ဍတွင်အရေးပါသည့် လုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း၊ သူနာပြု များသည် ကရုဏာတရားကြီးမားပြီး ကြင်နာတတ်သူ၊ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သူ၊ စေတနာ ထက်သန်သူ၊ စိတ်ထားမွန်မြတ်သူ၊ အပင်ပန်းအဆင်းရဲခံနိုင်သူ စသည့်အင်္ဂါရပ်များနှင့် ထူးထူးကဲကဲ ပြည့်စုံသူများ ဖြစ်ကြောင်း၊ စေတနာနှင့်အကြင်နာ ဆိုသည်မှာ အလွန်ထိရောက်သည့် စိတ်ပိုင်းဆိုင်ရာ ကုထုံးဖြစ်သည့် အပြင် လူနာ၏ ယုံကြည်လေးစားမှု ချစ်ခင်မှုများကို ရရှိစေနိုင်ကြောင်း၊ ထို့ကြောင့် သူနာပြု တစ်ယောက်၏ အပြော အဆို၊ အပြုအမူသည် စိတ်ခွန်အားများပေးနိုင်ပြီး ကုသမှုကို အလွန်ထိ ရောက်စေမည်ဖြစ်သဖြင့် အလေးထား လိုက်နာ ဆောင်ရွက်သွားရန်မှာကြားလိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က




ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေး တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြု လုပ်သောတပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ် သင်တန်း အမှတ်စဉ်(၁၂) သင်တန်း ဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြားရာ တွင်ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ၊  ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး သူရသက်ဆွေနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီး များနှင့်ဇနီးများ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ သင်တန်းဆင်းသူနာပြုများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သင်တန်း ဆင်းတပ်ခွဲ များ၏ အလေးပြုခြင်းကို ခံယူသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သင်တန်းဆင်း တပ်ခွဲများအား စစ်ဆေးသည်။
ယင်းနောက် သင်တန်းဆင်းတပ်ခွဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အနှေးလျှောက်၊ အမြန်လျှောက် တို့ဖြင့် ချီတက်အလေးပြုကြသည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ်၊ သင်တန်းအမှတ်စဉ်(၁၂)မှ အကောင်းဆုံး သင်တန်းသားဆုရရှိသူ သင်တန်းသား အမှတ်၊ ၃၃၄၅ သင်တန်းသား သော်ဇင်အောင် ၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ သင်တန်းသားအမှတ်၊ ၃၂၄၂ သင်တန်းသား ထွန်းဝဏ္ဏဦးနှင့် စာပေထူးချွန်ဆုရရှိသူ သင်တန်းသားအမှတ်၊ ၃၂၈၃ သင်တန်းသား မျိုးကျော်သူတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းသားများအား မိန့်ခွန်းပြောကြားရာတွင်  အနောက် တိုင်းဆေးဖြစ်စေ၊ တိုင်းရင်းဆေးဖြစ်စေ၊ ဆေးဝါးဖော်စပ်မှုနှင့်ဆေးဝါးအသုံးပြုမှုအတွက် ကျွမ်းကျင်ပညာရှင်များ လိုအပ်ကြောင်း၊ ဆေးဝါးထုတ်လုပ်မှုပညာ၊ ဆေးဝါးအာနိသင်စမ်းသပ်စစ်ဆေးမှု ပညာရပ်များကို ကျွမ်းကျင် ပိုင်နိုင်အောင် လေ့လာပြီး တပ်မတော်သားများနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက် သွားရ မည်ဖြစ်ကြောင်း။
အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင်လူပုဂ္ဂိုလ်တစ်ဦးချင်း၊ မိသားစု တစ်စုချင်းမှသည် ဒေသအလိုက် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးကိစ္စအဝ၀အထိ ကျယ်ပြန့်သည့် အမြင်ဖြင့်ကျန်းမာရေး ဆိုင်ရာ စီမံခန့်ခွဲမှုများကိုဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း။
တပ်မတော်၏ စစ်ဘက်သူနာပြုသမိုင်းကြောင်းကို ပြန်ကြည့်လျင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့ စည်းပြီး  မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာသည့်အချိန်တွင် ထားဝယ် စစ်ကြောင်း၌ သူနာပြု အဖွဲ့ တစ်ဖွဲ့သည် တပ်မတော်ထဲကို ပထမဦးဆုံးဝင်ရောက်ခဲ့ကြကြောင်း၊ မျိုးချစ်စိတ်ဓာတ်ရှိသည့် ဆရာဝန်နှင့် သူနာပြု များသည် တပ်မတော်ထဲသို့ ဝင်ရောက်ခဲ့ကြပြီး လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတစ်လျှောက်လုံး စွန့်လွှတ် စွန့်စားသည့်စိတ်ဓာတ်နှင့် စစ်မြေပြင် ဆေးအကာအကွယ် ပေးရေးတာဝန်အပြင် တိုက်ပွဲဝင် တာဝန် တွေကိုပါ ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း။
တပ်မတော်ကို ခိုင်မာအောင်တည်ဆောက်ရာတွင် တပ်တွင်းစည်းလုံးညီညွတ်ရေးသည် အခြေခံ အကြောင်း တရားဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေး သည်ရဲဘော်စိတ်နှင့် စစ်စည်းကမ်း ကောင်းမွန်မှု အပေါ်မူ တည်ကြောင်း၊ ခေါင်းဆောင်ငယ်များအဖြစ် စစ်ရေးတာဝန်ထမ်းဆောင်ကြသည့် အခါတွင်လည်း မျှတ သည့်စိတ်ထား၊ မှန်ကန်သည့်သဘောထား၊ ရဲရင့်ပြတ်သားသည့် ဆုံးဖြတ်ချက်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ယုံကြည်မှု၊ သစ္စာရှိမှုများနှင့်အတူ လက်အောက်ငယ်သားများအပေါ် ရဲဘော် ရဲဘက်စိတ်နှင့်ပြုမူ ဆက်ဆံ သွားရန် လိုကြောင်း၊ ခေါင်းဆောင်ဆိုသည်မှာ ဆရာကောင်း တစ်ယောက် ဖြစ်သကဲ့သို့ အောင်မြင်သော လူမှုဆက်ဆံရေး သမားကောင်းတစ်ယောက်လည်းဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် အမိန့်နှင့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရသည့် နောက်လိုက် ကောင်းလည်း ဖြစ်ရန်လိုကြောင်း။
ကမ္ဘာပေါ်ရှိ  နိုင်ငံတိုင်းသည် ဂုဏ်သိက္ခာရှိစွာနှင့် မားမားမတ်မတ် ရပ်တည်နိုင်ရန်အတွက် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ဖြစ်ထွန်းရေးကို ဦးတည် ဆောင်ရွက်လျက်ရှိကြကြောင်း၊ တပ်မတော်ကို နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီသည့် တပ်မတော် (Standard Army) အဖြစ် တည်ဆောက်ရာတွင် စစ်သည်တစ်ဦးချင်းစီ၏ အရည်အသွေး မြင့်မားမှုနှင့် တပ်မတော်၏အရည်အသွေးကို မြှင့်တင်ကြရ မည်ဖြစ်ကြောင်း။
မျက်မှောက်ခေတ်သည် (Knowledge age) ပညာခေတ်ဖြစ်သည့် အတွက် အစဉ်အမြဲ သင်ယူနေမှသာ ပြောင်းလဲ တိုးတက်နေသည့် နည်းပညာများနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ တပ်မတော်သားများ၏ ကျန်းမာရေး သာမက  ရောက်ရှိတာဝန်ထမ်းဆောင်ရာ ဒေသအသီးသီးတွင် ရှိသည့် ပြည်သူများကိုပါ မိမိတတ် ကျွမ်းသောဆေးပညာဖြင့် ပြုစုစောင့်ရှောက်ပေးပြီး နိုင်ငံတော် တည်ဆောက်ရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ စစ်သည်တစ်ဦးချင်းစီ၏ အရည်အချင်းမြင့်မားမှုကို ပေါင်းစည်းပြီး အရည်အသွေးရှိသည့် စွမ်းရည်ရှိသည့် တပ်မတော်အဖြစ် တည်ဆောက်ရာတွင် မိမိတတ် စွမ်းသည့် ပညာကိုအကောင်းဆုံးအသုံးချ ဆောင်ရွက် သွားကြရန်၊ တတ်ကျွမ်းထားသည့် ဆေးပညာ ရပ်များကိုအခြေခံပြီး ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲမှု များကိုလည်း စဉ်ဆက်မပြတ်လေ့လာ၍ စွမ်းရည်ပြည့်ဝ ကျွမ်းကျင်သော ဆေးပညာသည် သူနာပြုများဖြစ်လာ အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြား လိုကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သင်တန်းဆင်း တပ်ခွဲများ၏ အလေးပြုခြင်း ကိုခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော် ဆေးတက္ကသိုလ်ပင်မစာသင်ဆောင်ရှိ ဧည့်ခန်းမ၌ ထူးချွန်ဆုရ သင်တန်းသား (၃)ဦးနှင့် ၎င်းတို့၏ မိဘများ အားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ယနေ့ပြုလုပ်သော တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သင်တန်းအမှတ်စဉ်(၁၂) သင်တန်း ဆင်းပွဲတွင် သင်တန်းသား ၂၀၂ ဦးတို့အား သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူနှင့် ဆေးဘက်ပညာ သည်များအဖြစ် ခန့်အပ် ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဖွဲ့ဝင်များလိုက်ပါ၍ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်ကျောင်းပြခန်းအတွင်း လှည့်လည်ကြည့်ရှုကာ ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးသည်။
ထိုနောက် ကျောင်းစာကြည့်တိုက်၊ ကွန်ပျူတာသုံး၍ပုံရိပ်ဖော်ရောဂါ ရှာဖွေစစ်ဆေးစမ်းသပ်ခန်း၊ ရေကုထုံးသုံး လက်တွေ့ခန်း၊  ခန္ဓာသန်စွမ်းမှု နည်းပညာလက်တွေ့ခန်း၊  သူနာပြုလက်တွေ့ခန်းတို့အား လှည့်လည်ကြည့်ရှု၍ လေ့ကျင့် သင်ကြားရေး ဆိုင်ရာအထောက်အကူပစ္စည်းများနှင့်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လိုအပ်ချက် များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment