Thursday, December 25, 2014

ရေကြီးနစ်မြုပ်မှုနှင့် ရေငန်ဝင်ရောက်မှုများမှ လျော့ပါးသက်သာစေနိုင်မည့် ဓမင်းဆိပ်ရေတံခါး


ဖျာပုံ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ် အတွင်းရှိ ဇင်းဘောင်ကျွန်းပတ်တာသည် စပါးသီးနှံ အဓိက စိုက်ပျိုးသောဒေသဖြစ်ပြီး အရှေ့ဘက်တွင် ဖျာပုံမြစ်၊ အနောက်ဘက်တွင် ဘုရားကြီးရိုးတာ၊ ငါးကြီးရိုးတာ၊ တောင်ဘက်တွင် လက်ပန်ပင်ကျွန်း၊ မြောက်ဘက်တွင် ဓမင်းဆိပ်ချောင်းများနှင့် ထိစပ်လျက်ရှိကြောင်း သိရသည်။ ဇင်းဘောင်ကျွန်းပတ်တာ အတွင်း နေထိုင်သူများ သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်၍ မွေးမြူရေးနှင့် ရေလုပ်ငန်းပါ တွဲဖက်လုပ်ကိုင်ကြသည်။

တာတမံအလျား ၁၅ မိုင်ရှည်သော ဇင်းဘောင်ကျွန်းပတ်တာအား ရေထုတ် အဆောက်အအုံ လေးလုံးဖြင့် စပါး (၁) စီမံကိန်းမှ ၁၉၈၃ ခုနှစ်တွင် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ်များတွင် တောင်သူများ၏ စိုက်ပျိုး မြေများ ရေကြီးနစ်မြုပ်မှုမရှိစေရေး၊ မိုးစပါးအောင်ရေရရှိရေးနှင့် နွေရာသီပင်လယ်ဒီရေ (ရေငန်) မဝင်ရောက်စေရေးသည် အရေးပါသောအချက် တစ်ခုဖြစ်ရကား ယခုအခါ အဆိုပါကျွန်းပတ်တာအတွင်း လွန်ခဲ့သောနှစ်များ အတွင်းက ထူးကဲဒီရေမြင့်တက်မှု နှင့် ထူးကဲမိုးရွာသွန်းမှုများကြောင့် ကျွန်းတွင်းရှိ ရေပိုရေလျှံများ ထုတ်နုတ်ပစ်ရာတွင် လက်ရှိရေထုတ် အဆောက်အအုံလေးလုံးမှ စီးဝင်သော အပြင်ချောင်းမကြီးများ တိမ်ကောလာပြီး နိုင်နင်းမျှတစွာအချိန်မီ ထုတ်မပေးနိုင်သဖြင့် ဒေသခံများက အကြိမ်ကြိမ်လာရောက် တင်ပြတောင်းဆိုခဲ့ မှုတို့အပေါ် ဌာနမှလုပ်ငန်း လိုအပ်ချက်အရ ထိုဒေသတွင် ဓမင်းဆိပ်ရေတံခါး တည်ဆောက်ခွင့်ရရန် စီစဉ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါ ဓမင်းဆိပ်ရေတံခါးတည်ဆောက်ပြီးစီးပြီဖြစ်၍ တင်ပုလွဲ ကျေးရွာအုပ်စုအပါအဝင် ကျေးရွာ အုပ်စုသုံးစုရှိ စိုက်ဧက ၂ဝဝဝ ခန့်အား ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကျွန်းပတ်တာ အပြင်ဘက်ရှိ ဇင်းဘောင်ချောင်းနှင့် ကျုံကန် (အနောက်) ချောင်းများ တိမ်ကောလာသဖြင့် ရေပို ထုတ်လွှတ်မှု နှောင့်နှေးကြန့်ကြာရသည့် အတွက် ဓမင်းဆိပ်ရေ တံခါးကို ဒေသဖွံ့ဖြိုးရေးအထောက်အကူပြု လုပ်ငန်းအဖြစ် အချိန်နှင့်တစ်ပြေးညီ တည်ဆောက် ရခြင်းဖြစ်ကြောင်း ဦးဇော်ဇော် (လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့ပြ)၊ ဆည်မြောင်းဦးစီးဌာန ဖျာပုံခရိုင်၏ ရှင်းလင်းပြောကြား ချက်အရ သိရသည်။
''အဓိကဦးတည်ချက်ကတော့ ဒေသဖွံ့ဖြိုးရေးဦးစားပေးပေါ့။ နောက်တစ်ချက်ကတော့ ပြောင်းလဲလာတဲ့ ဒေသန္တရ သဘာဝဖြစ်စဉ်တွေ၊ တစ်နှစ်ထက် တစ်နှစ်ဆိုးရွားလာတဲ့ ရာသီဥတုဖြစ်စဉ်တွေ တိမ်ကောလာတဲ့မြစ်၊ ချောင်းတွေစတဲ့ အချိုးမညီတဲ့ ဂေဟဗေဒစနစ်(Eco-System) တွေရဲ့အခြေအနေအရတည် ဆောက်ပေးရ တာလည်း ပါတာပေါ့။ ဒီရေတံခါးကို အရွယ်အစား ၄ ပေx ၄ ပေ လေးပေါက်၊ Sill Level {RL(-2)} ထားရှိပြီး Discharge (63) ft3/sec နဲ့ အသေအချာဒီဇိုင်းလုပ်ပြီး တည်ဆောက်ပေးထားတာပါ။
ဒီရေတံခါးအခုလုံးဝတည်ဆောက်ပြီးစီးသွားပြီဖြစ်တဲ့အတွက် ဇင်းဘောင်ကျွန်းပတ်တာ အတွင်းမှာရှိတဲ့စိုက်ဧက ၂ဝဝဝ ခန့်ကို ရေကြီးနစ်မြုပ်မှုနဲ့ ရေငန်ဝင်ရောက်မှု ကနေ ကာကွယ်ပေးသွားနိုင်မှာပါ''ဟု အဆိုပါ ရေတံခါး တည်ဆောက်ရေးနှင့် ဇင်းဘောင် ကျွန်းပတ် တာထိန်းသိမ်းရေးတာဝန်ခံ ဒု-ဦးစီးမှူး ဦးအောင်ဇော်ဦး၏ ပြောကြားချက်အရ သိရှိရသည်။


No comments:

Post a Comment