Tuesday, December 23, 2014

ပဉ္စမအကြိမ် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးမှသည် ရွှေရောင် အနာဂတ်ဆီသို့



ရာမည(ကြေးမုံ)
''ဂျီအမ်အက်စ်ဒေသတွင် အားလုံး ပါဝင်ခံစားနိုင်ပြီး ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် ဆောင်ရွက်ခြင်း'' ဟူသော ဆောင်ပုဒ်ဖြင့် ပဉ္စမအကြိမ် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးကို ဒီဇင်ဘာ ၂ဝ ရက်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ရှန်ဂရီလာ ဟိုတယ် ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။


အဆိုပါ ထိပ်သီးအစည်းအဝေးကို အဖွဲ့ဝင် ခြောက်နိုင်ငံအကြား သုံးနှစ်လျှင်တစ်ကြိမ် နိုင်ငံအက္ခရာ စဉ်အလိုက် ကျင်းပခဲ့ရာ ပထမအကြိမ် ထိပ်သီးအစည်း အဝေးကို ၂ဝဝ၂ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယအကြိမ် ထိပ်သီး အစည်းအဝေးကို ၂ဝဝ၅ ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တတိယအကြိမ် ထိပ်သီး အစည်း အဝေးကို ၂ဝဝ၈ ခုနှစ်တွင် လာအိုနိုင်ငံ၊ စတုတ္ထအကြိမ် ထိပ်သီးအစည်းအဝေးကို ၂ဝ၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၊ ယခုပဉ္စမအကြိမ် ထိပ်သီး အစည်းအဝေးကို ၂ဝ၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံတို့က အိမ်ရှင်အဖြစ် ကျင်းပနိုင်ခဲ့ကြပြီး ဆဋ္ဌမအကြိမ် ထိပ်သီး အစည်းအဝေးကို ၂ဝ၁၇ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။
ပဉ္စမအကြိမ် ထိပ်သီး အစည်းအဝေးသို့ ကျွန်တော်သည် သတင်းသမားတစ်ဦး အနေဖြင့် တက်ရောက်ခွင့် ရရှိခဲ့ပါသည်။
ဂျီအမ်အက်စ်ထိပ်သီး အစည်းအဝေးမစတင်မီ တစ်ရက်အလို ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းနှင့် မွန်းလွဲ ပိုင်းတို့တွင် အစည်းအဝေး ကျင်းပမည့် ရှန်ဂရီလာ ဟိုတယ်၌ပင် ဂျီအမ်အက်စ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်၊ လူငယ်ဖိုရမ်၊ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်သူများဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲ၊ စီးပွားရေးဖိုရမ် အစရှိသည်တို့ကို ကျင်းပခဲ့သည်။ ထို့နောက် ညပိုင်းတွင် ပဉ္စမအကြိမ် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ပြုလုပ်ရာ အဆိုပါပြပွဲတွင် မဟာမဲခေါင်ဒေသခွဲ နိုင်ငံများမှ စီးပွားရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားသည်။
ဒီဇင်ဘာ ၂ဝ ရက် နံနက်ပိုင်းတွင် ပဉ္စမအကြိမ် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မျက်နှာ စုံညီ အစည်းအဝေးကို ကျင်းပခဲ့ပြီး မဟာမဲခေါင် ဒေသခွဲနိုင်ငံများမှ နိုင်ငံ အကြီးအကဲများနှင့် အာရှဖွံ့ဖြိုးရေး ဘဏ်ဥက္ကဋ္ဌတို့က မိန့်ခွန်း ပြောကြားကြကာ တာဝန်ရှိသူ တစ်ဦးက Regional Investment Framework (RIF) အကောင်အထည်ဖော် ဆောင်ရွက်သည့် အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
RIF အစီအစဉ်တွင် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍကြီး ၁ဝ ခုပါရှိပြီး ယင်းတွင် အစီအစဉ်ပေါင်း ၂၁၅ ခု ပါဝင်ကြောင်း၊ ယင်းအစီအစဉ်များအနက် စီမံကိန်း ၁၂၃ ခုမှာ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများဖြစ်ပြီး ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၅၁ ဒသမ ၂၈ ဘီလီယံ ရင်းနှီး မြှုပ်နှံရန် လျာထားကြောင်း၊ ကျန်ရှိသည့် စီမံကိန်း ၉၂ ခု အတွက် အမေရိကန် ဒေါ်လာ ၂၂၂ သန်း သုံးစွဲရန် လျာထားပြီး ယင်းတို့မှာ နည်းပညာ လုပ်ငန်းကဏ္ဍများ ဖြစ်ကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ တရုတ်အစိုးရကလည်း မဲခေါင်ဒေသခွဲ နိုင်ငံများအား ချေးငွေနှင့်ထောက်ပံ့ငွေ များစွာ ပေးမည်ဟု တရုတ်ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့ပြင် မဟာမဲခေါင်ဒေသခွဲ နိုင်ငံများသည် လာမည့် ၁ဝ နှစ်အတွင်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချိတ်ဆက်နိုင်ရေး အဓိက ရည်ရွယ်သော ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် အမေရိကန် ဒေါ်လာ ၃ဝ ဘီလီယံသုံးစွဲရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
ထို့အပြင် အခြားသောဖိုရမ်များမှ ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတူဆောင်ရွက်သူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။ စီးပွားရေးဖိုရမ်ဥက္ကဋ္ဌ ဦးဝင်းအောင်က ဖိုရမ်၏ ထုတ်ပြန်ချက်ကို ရှင်းလင်းတင်ပြပြီး ဥက္ကဋ္ဌတာဝန်လွှဲပြောင်းခြင်းဆိုင်ရာ အထိမ်းအမှတ်အလံကို ကမ္ဘောဒီးယား နိုင်ငံမှ တာဝန်ရှိသူ တစ်ဦးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
၎င်းနောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး သီးသန့်အစည်းအဝေးကို ဆက်လက် ကျင်းပခဲ့သည်။ ယင်းမှ နယ်စပ်ဒေသ အထူးစီးပွားရေးဇုန် (Special Border Economic Zone-SBEZ) များကို စီးပွားရေး စင်္ကြံလမ်းများတွင် ထူထောင်ရန်၊ ဒေသတွင်း ကုန်းလမ်းနှင့် ရေလမ်းဆက်သွယ်မှု အခြေခံအဆောက်အအုံများ တိုးမြှင့်တည်ဆောက်ရန်၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရာတွင် လုပ်ထုံးလုပ်နည်း များ ပိုမိုလွယ်ကူ ရှင်းလင်းအောင် ဆောင်ရွက်ရန်၊ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုကို တိုးမြှင့်ရန်နှင့် အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သောအရင်းအမြစ်များကို ဖော်ထုတ် စုစည်းအသုံးချနိုင်ရန်နှင့် နိုင်ငံတကာအဖွဲ့ အစည်းများကလည်း ပိုမိုကူညီရန်၊ ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေး အန္တရာယ်များကို စနစ်တကျစီမံခန့်ခွဲနိုင်ရေး ပူးပေါင်း ဆောင်ရွက်ရန်ဟူသော လာမည့်ဆယ်စုနှစ်အတွင်း မဲခေါင်ဒေသခွဲနိုင်ငံများ ဆောင်ရွက်သင့်သည့် အချက် ခုနစ်ချက်ကို အဆိုပြုခဲ့ပြီး ပူးတွဲ ကြေညာချက်ကိုလည်း အတည်ပြု ထုတ်ပြန်ခဲ့ကြသည်။
အဆိုပါပူးတွဲ ထုတ်ပြန်ကြေညာချက်တွင် မဟာမဲခေါင်ဒေသခွဲ နိုင်ငံများ၌ အားလုံး ပါဝင်ဆောင်ရွက်နိုင်မှုနှင့် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရန် ကတိကဝတ်ပြုကြောင်း၊ ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ အခြေအနေနှင့်အညီ ဖွံ့ဖြိုး တိုးတက်စေရေးကို အလေးပေး ဆွေးနွေးပြီး အဖွဲ့ဝင်နိုင်ငံများ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အာဆီယံ စီးပွားရေး အသိုက်အဝန်း (ACE) မူလစီမံကိန်း၏ အစီအစဉ် အများအပြားနှင့်အတူ အာဆီယံစီးပွားရေး အသိုက်အဝန်း အကောင်အထည် ဖော်ရေးဆီသို့ ဦးတည်ကာ တိုးတက်မှု ဆက်လက် ဖြစ်ပေါ်စေရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ အာဆီယံ နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအကြား လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် ထူထောင်ခြင်း၊ မြန်မာနိုင်ငံအား မဟာမဲခေါင် ဒေသခွဲအတွင်း စီးပွားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများ ပိုမို လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများ ရရှိမှု၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိလာသည့် အောင်မြင်မှုများတွင် အာရှ ဖွံ့ဖြိုးရေးဘဏ်(ADB)၏ အခန်း ကဏ္ဍအရေးပါမှု၊ ဆဋ္ဌမအကြိမ်မြောက် ဂျီအမ်အက်စ် ထိပ်သီးအစည်းကို ၂ဝ၁၇ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပရန် သဘောတူညီကြောင်း အစရှိသည့် အကြောင်းခြင်းရာများ ပါဝင် သည်။
ပဉ္စမအကြိမ် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးတွင် အခြေခံ အဆောက်အအုံဆိုင်ရာ ဆက်သွယ်ယှက်နွှယ်မှု၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်မှု လွယ်ကူ ချောမွေ့ရေး၊ စီးပွားရေးစင်္ကြံဖိုရမ်၊ လယ်ယာ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့ကို ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာများကို အဓိကထား အလေးပေး ဆွေးနွေးခဲ့ကြသည်။
မဟာမဲခေါင်ဒေသခွဲ နိုင်ငံများ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင် စတင် ဖော်ဆောင်ခဲ့ရာ တတိယဆယ်စုနှစ်သို့ ဝင်ရောက်ခဲ့ပြီ ဖြစ်သောကြောင့် ကျော်လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်းရရှိခဲ့သည့် အောင်မြင်မှုများမှသည် ချမ်းသာကြွယ်ဝသည့် ဒေသခွဲ ဖြစ်ရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက်ကြမည်ဖြစ်သည်။
စတုတ္ထအကြိမ် အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် ဆက်သွယ်ရေးကဏ္ဍတွင် ဂျီအမ်အက်စ် နိုင်ငံများ အကြား သတင်းအချက်အလက် အမြန်ဆက်ကြောင်း တည်ဆောက်မှုနှင့် အသုံးချမှု အရှိန်တိုးမြှင့်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာနှင့် မဲခေါင်ဒေသခွဲ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးတွင် လူဦးရေ ရွှေ့ပြောင်းသွားလာမှုကြောင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နိုင်မှု လျှော့ချရေးတွင် ပူးတွဲ လုပ်ဆောင်ရန် နားလည်မှု စာချွန်လွှာတို့ကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ ထို့ပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍတွင် မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ ဆောင်ရွက်မည့် မဲခေါင်ဒေသခွဲအတွင်း ပင်မ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ရေး စင်္ကြံဆောင်ရွက်မှု အဆင့်-၂ ကို လည်းကောင်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ပတ်သက်၍ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ဆောင်ရွက်မည့် ပင်မလယ်ယာ စိုက်ပျိုးရေး ထောက်ပံ့မှုအစီအစဉ် အဆင့်-၂ ကိုလည်းကောင်း၊ ခရီးသွား လုပ်ငန်းကဏ္ဍတွင် မဟာဗျူဟာကို ပြန်လည် စူးစိုက်ဆောင်ရွက်ရေးနှင့် လမ်းပြမြေပုံ (၂ဝ၁၁-၂ဝ၁၅) ကို လည်းကောင်း အတည်ပြုနိုင်ခဲ့သည်။
ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့သည် မဟာမဲခေါင်ဒေသခွဲအတွင်း သဘာဝအရင်းအမြစ်ကြွယ်ဝသော နိုင်ငံများဖြစ်ကြသည်။ ဒေသတွင်းနိုင်ငံအချင်းချင်း ပေါင်းစည်းဖွံ့ဖြိုးရေး ကြိုးပမ်းခဲ့ကြရာ အပြန်အလှန် အကျိုးသက်ရောက်မှုများ ရရှိခဲ့သည်။ လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းတို့တွင် တိုးတက်မှုရလဒ်များ ဖြစ်ထွန်းခဲ့သည်။
အဆိုပါဖြစ်ထွန်းမှုများနှင့်အညီ ဒေသခွဲနိုင်ငံများအချင်းချင်း အပြန်အလှန်နားလည်မှု၊ ချစ်ကြည်လေးစားမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် မဲခေါင်ဒေသခွဲ၏ ရှေ့အနာဂတ်မျှော်မှန်းချက်များကို ပိုမိုရှင်သန်ခိုင်မာ လာစေ ပြီး မျိုးဆက်သစ်များ အတွက်လည်း ယုံကြည်စိတ်ချရသည့် အခြေခံကောင်းများရရှိနိုင်သည့်အပြင် ဒေသခွဲတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ခုခံနိုင်မည် ဖြစ်ပြီး စားနပ်ရိက္ခာနှင့် စွမ်းအင်အကျပ်အတည်းများ အပါအဝင် စိန်ခေါ်မှုမြောက်မြားစွာကို ကြံ့ကြံ့ခံနိုင်မည်ဟု ယုံကြည်မိပါသည်။
ထို့ကြောင့် အနာဂတ်ကာလအတွက် ချမှတ်ခဲ့သော မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင် ဒေသခွဲကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့သည့် ဒေသခွဲမှသည် ချမ်းသာကြွယ်ဝသည့် ဒေသခွဲအဖြစ် ပေါ် ထွန်းလာမည်ဟု ယုံကြည်မျှော်လင့်လျက်...။

No comments:

Post a Comment